Homeငြိမ်းချမ်းရေးရေးတောင်ပိုင်းတွင် အရပ်သားတစ်ဦး သေနပ်ပစ်သတ်ခံထိ၍ သေဆုံး

ရေးတောင်ပိုင်းတွင် အရပ်သားတစ်ဦး သေနပ်ပစ်သတ်ခံထိ၍ သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၅ ဇွန် ၂၀၂၁)

ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာအနီး ပြီးခဲ့သည့် ည ၈ နာရီအချိန်ခန့်က အရပ်သားတစ်ဦး သေနပ်ပစ်သတ်ခံထိ၍ ယနေ့ (ဇွန်လ ၂၅) နံနက်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဟံဂံရွာသား အသက် ၄၉ နှစ်ရှိ ကိုစိုးလွင် (ခေါ်) နိုင်အချော့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ မျက်နှာ၊ ပါးနှင့် နောက်ကျောတွင် ရရှိထားသော သေနပ်ဒဏ်ရာများဖြင့် ရေးမြို့ ပြည်သူ့ဆေးရုံမှ မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ရသည်ဟု ဆိုသည်။  

ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက “သူ့သူငယ်ချင်းနဲ့အတူ ခြံကို ဆိုင်ကယ်နဲ့ ညအိပ်သွားတယ်၊ ကျိုက်မင်းမလော့လမ်းမအတိုင်း ခြံသွားတဲ့လမ်းမှာပဲ ပစ်ခံထိတယ်၊ နောက်ကျောပြင်ကိုအရင်ပစ်တယ် ပြီးတော့ မျက်နှာကိုပစ်တယ်၊ လည်ပင်းမှာလည်း ဒဏ်ရာရှိတယ်” ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်မင်းမလော့ဘုရားသွားရာ လမ်းမပေါ်တွင် အမည်မသိလက်နက်ကိုင်တစ်စုမှ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆပြောဆိုနေကြသော်လည်း မွန်သတင်းအေဂျင်စီက သီးခြားအတည်မပြုနိုင်သေးပေ။

အလားတူ ပြီးခဲ့သည့် ဇွန်လလယ်က ရေးမြို့ အလက (၂) ကျောင်းရှေ့ ကျောင်းဆင်းချိန်တွင် မော်တော်ယာဉ် လမ်းရှင်းပေးနေသည့် ရပ်မိရပ်ဖတစ်ဦးကို အမည်မသိသေနပ်သမားတစ်ဦးက ပစ်သတ်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်းရှိ ပညာရေးအဆောက်အအုံများကို ဗုံးထောင်ခြင်း၊ လူပုဂ္ဂိုလ်အချို့နေအိမ်ဗုံးခွဲခြင်းနှင့် လက်ပစ်ဗုံးပစ်သွင်းခြင်း (၁၅) ကြိမ်ထက်မနည်း ဖြစ်ပေါ်လာခဲ့သော်လည်း လက်သည်များအား သက်ဆိုင်ရာမှ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts