spot_img
Tuesday, February 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကယားပြည်နယ်တွင် နှစ်ဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ (၇၀) ကျော်အထိရှိလာ

    ကယားပြည်နယ်တွင် နှစ်ဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ (၇၀) ကျော်အထိရှိလာ

    -

    မွန်သတင်းအေဂျင်စီ (၂၂ ဇွန် ၂၀၂၁)

    ကယား(ကရင်နီ)ပြည်နယ်တွင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ပစ်ခတ်မှုများကြောင့် သေဆုံးသူ (၇၀) ကျော်အထိရှိလာသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု – PKPF မှ ထုတ်ပြန်ထားသည်။

    ကယား(ကရင်နီ)ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိမြို့နယ်များဖြစ်သည့် ဒီမော့ဆို (၄၇)ဦး၊ လွိုင်ကော် (၁၈)၊ မိုးဗြဲ (၄)ဦး၊ ဖယ်ခုံ (၁)ဦးနှင့် ဘော်လခဲ (၁) စသည့်မြို့နယ်များတွင် စုစုပေါင်း (၇၁) ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ (၁၃)ဦးနှင့် ကလေးငယ် (၃)ဦးမှာလည်း ပစ်ခတ်ခံသေဆုံးခဲ့ရသည်ဟု ဆိုသည်။

    ကယား(ကရင်နီ)ပြည်နယ်တွင် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုတွေကြောင့် မြို့ရွာများထိခိုက်ပျက်စီးသည့်အပြင် စစ်ဘေးရှောင်ပြည်သူ (၁) သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့်အတွက် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များမှ ကြားဝင်စေ့စပ်မှုကြောင့် နှစ်ဖက်တိုက်ပွဲများကို ယာယီရပ်ဆိုင်းထားသည်ဟု ဇွန်လ (၁၅) ရက်က KNDF မှ ထုတ်ပြန်ထားသည်။

    ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် စစ်ကောင်စီတပ်တို့အကြား ယာယီအပစ်ခတ်ရပ်စဲထားသည်ဟု ကြေညာထားသော်လည်း စစ်ကောင်စီတပ်မှ ဒီမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် စစ်အင်အား၊ ရိက္ခာဖြည့်တင်းမှု လုပ်ဆောင်နေတာကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်ကြောက်လန့်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “ပြေးလိုက် ပြန်လာလိုက်နဲ့ တောမှာ သွားအိပ်လိုက် တစ်ခြားရွာမှာ သွားနေလိုက်နဲ့ တစ်ရက်ပြီးတစ်ရက်၊ ခုက ပစ်ခတ်ရပ်စဲတယ်ဆိုတော့ စစ်သားတွေ ရွာဖက်ပြန်လာတာ သူတို့ ဘာမလုပ်ဘူးတဲ့ ဒေသခံတွေက တိုက်ပွဲပြန်ဖြစ်မှာဘဲ စိုးရိမ်နေကြတာ” ဟု ဒီမော့ဆို ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိ အပစ်ရပ်ထားသည့် ကာလတွင် စစ်ဘေးရှောင်အချို့ နေရပ်ပြန်လာနေသူများလည်း ရှိနေသလို ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပေါ်မှာမည်ကို စိုးရိမ်သည့်အတွက် ဘေးလွတ်ရာတွင် ဆက်လက်ပုန်းရှောင်နေသူများလည်း ရှိနေသည်ဟု သိရသည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ထုတ်ပြန်ချက်တရပ်တွင် လက်ရှိဖြစ်ပေါ်နေသောတိုက်ပွဲများကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ထွက်ပြေးခဲ့ရသူ ၁၆၀,၄၀၀ ရှိသည့်အနက် ကယားပြည်နယ်က အများဆုံးဖြစ်၍ အယောက် ၁၀၈,၀၀၀ ကျော်ရှိတယ်ပြီး ကျန်သည့် အရေအတွက်က မွန်၊ ကရင်နှင့် ပဲခူးတိုင်းမှ တိမ်းရှောင်လာသူများဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks