မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၆)
လူပွဲစားအဆင့်ဆင့်ဖြင့် ဘုရားသုံးဆူနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၆ ဦးကို ကန်ချနပူရီပြည်နယ် စံခလပူရီမြို့ ရပ်ကွက်(၃) တောအုပ်အစွန်တစ်နေရာ၌ ပြီးခဲ့သည့်ည ၁၀ နာရီအချိန်ခန့်က ထိုင်းရဲနှင့် လဝကတို့ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်နှင့် ရေးဒေသတို့မှ တရားမဝင်မြန်မာအလုပ်သမား အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ဖမ်းဆီးရမိသော်လည်း လိုက်လံပို့ဆောင်သော ပွဲစား ၃ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ပွဲစား၏ ဆိုင်ကယ်တစ်စီးကျန်ရှိနေသဖြင့် ရဲကသိမ်းဆည်းလိုက်ကြောင်း ကန်ချနပူရီဒေသသတင်းက ဖော်ပြသည်။
ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်တွင် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် အလုပ်သမားတစ်ဦးလျှင် အနည်းဆုံးဘတ်ငွေ တစ်သောင်းခွဲ(၁၅,၀၀၀) မှ အများဆုံး ဘတ်ငွေ နှစ်သောင်းခြောက်ထောင် (၂၆,၀၀၀) အထိ ခရီးပို့ဆောင်ခအဖြစ် ပွဲစားအား ပေးဆောင်ခဲ့ရသည်ဟု ရဲစခန်းစစ်ဆေးချက်တွင် ထွက်ဆိုထားသည်။
သို့ရာတွင် ဖမ်းဆီးရမိသော တရားမဝင်အလုပ်သမားများတစ်ဦးချင်းစီအား ကိုယ်အပူချိန်တိုင်းတာရာတွင် ၃၇ ဒဿမ ၅ ထက်မပိုသဖြင့် ကိုဗစ် ၁၉ သံသယဖြစ်ဖွယ်မရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင် စံခလပူရီမြို့နယ်တွင် လူ ၃ ဦးထံမှ ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆက်စပ်သူ ၅၀ ဦးခန့်ကိုလည်း ရောဂါပိုးရှိမရှိ စစ်ဆေးထားဆဲဖြစ်သည်။
ထို့အတူ ဘုရားသုံးဆူဒေသ၌ နယ်စပ်ကျော်ဖြတ်၍ တဖက်နှင့်တဖက် အပြန်အလှန်သွားလာခြင်းမပြုနိုင်ရန် ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ကို ထိုင်းတို့က ဆက်လက်ပိတ်ထားပြီး ဘေးမလွယ်ပေါက်နေရာများကိုလည်း သံဆူးကြိုးများဖြင့် တားဆီးကာရန်ထားကြောင်း တွေ့ရသည်။
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တရားမဝင်အလုပ်သမားများ ထိုင်းနိုင်ငံထဲသို့ အများအပြားဝင်ရောက်လာနိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက်လည်း စိုးရိမ်မကင်းဖြစ်သည့်အတွက် နယ်စပ်ဒေသများတွင် အထူးကြပ်မတ်စစ်ဆေးသွားရန် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားသည်။