spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးMUP နုတ်ထွက်လာသူ အချို့ မွန်ရေးရာအဖွဲ့ စတင်ဖွဲ့စည်း

    MUP နုတ်ထွက်လာသူ အချို့ မွန်ရေးရာအဖွဲ့ စတင်ဖွဲ့စည်း

    -

    မွန်သတင်းအေဂျင်စီ (၂၅ မေ ၂၀၂၁)

    မွန်ညီညွတ်ရေးပါတီ MUP မှ နုတ်ထွက်လာသူအချို့ မေလ ၂၃ ရက်နေ့က မော်လမြိုင်မြို့ မွန်ဓမ္မာရုံ တွင် အစည်းအဝေးတရပ်ကျင်းပ၍ တည်ထောင်လိုသူ ၁၉ ဦးဖြင့် မွန်ရေးရာအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

    ဦးဆောင်လှုပ်ရှားသူ နိုင်မွန်ရာဇာက “မွန်ရေးရာအဖွဲ့ကို ကနဦးတည်ထောင်လိုသူ ၁၉ ဦးနဲ့ မှတ်ပုံတင်မယ်။ ရည်ရွယ်ချက်(၅)ချက်ရှိတယ်၊ ဇွန်လပထမအပတ်မှာ အစည်းအဝေးပြန်ခေါ်မယ် ရေးဆွဲထားတဲ့မူကြမ်းကို ပြန်လည်ဆွေးနွေးမယ် ညှိနှိုင်းမယ်။ နောက်သုံးသပ်ပြီးတော့ အတည်ပြုမယ်ပေါ့နော်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ မွန်ရေးရာအဖွဲ့ကို မွန်ပြည်နယ် အခြေစိုက်အသင်းအဖွဲ့အဖြစ် ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ပြီး ဒေသအသီးသီး နယ်ပယ်အရပ်ရပ်မှ မွန်တိုင်းရင်သားများ ပါဝင်လာနိုင်အောင် မြို့နယ်၊ ရပ်ကျေး အဆင့်သို့တိုင် ဖွဲ့စည်တည်ထောင်သွားမည်ဟု ဆိုသည်။

     “မွန်ရေးရာအဖွဲ့မှာ အခု ကနဦး တည်ထောင်သူထဲမှာ ပြန်ကြည့်လိုက်တော့ ပါတီကနေ နုတ်ထွက်တဲ့သူတွေက များတဲ့သဘောမှာရှိတယ်။ အမှန်ကျတော့ အဲ့ဒီပုံစံမျိုးမဟုတ်ပါဘူး ဒီမွန်ရေးရာအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေအတိုင်း ဦးတည်ပြီးတော့လုပ်ဆောင်သွားမယ်” ဟု ၎င်းကဆက်ပြောသည်။

    အဓိကရည်ရွယ်ချက်အနေဖြင့် မွန်တစ်မျိုးသားလုံးနှင့် ပတ်သက်သည့် ကဏ္ဍများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်ရန်၊ ပြန့်ကျဲနေသည့် မွန်အင်အားစုများ စုပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်သည်။

    ထို့အပြင် မွန်စာပေယဉ်ကျေးမှု အနုပညာများနှင့် ပတ်သက်ပြီး စင်တာမျိုး လုပ်ဆောင်ရန်ရှိကြောင်း၊ အဖွဲ့စည်းအနေဖြင့် စာပေသင်ကြားရေး၊ မွန်စာပေယဉ်ကျေးမှု၊ ကျန်းမာရေး၊ သုတေသန လုပ်ဆောင်မှုများ၊ အခြား လူမှုရေး ပရဟိတ လုပ်ငန်းများ စသည်တို့ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

    လက်ရှိ ဖွဲ့စည်းလိုက်သည့် မွန်ရေးရာအဖွဲ့တွင် ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ခေါင်းဆောင်များက ဦးဆောင်လျက်ရှိကြောင်း တွေ့ရသည်။

    အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အား ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP  တရားဝင်နိုင်ငံရေးပါတီအဖြစ်တရားဝင်ရပ်တည်လာပြီးနောက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် ပေါင်းစည်း၍ ၂၀၁၈ ခုနှစ်တွင် မွန်ညီညွတ်ရေးပါတီ MUP ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

    သို့ရာတွင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်လာပြီး နစက ကောင်စီအဖွဲ့တွင် MUP ကိုယ်စားလှယ်ပါဝင်မည့်ကိစ္စကို မဲခွဲဆုံးဖြတ်ရာ၌ ဗဟိုကော်မတီ ၃ ပုံ ၂ ပုံ သဘောတူသော်လည်း လက်မခံနိုင်သည့် ဗဟိုကော်မတီ ၃၀ ဦးခန့်အပါအဝင် ပါတီဝင်စုစုပေါင်း ၆၀ ဦးခန့် နုတ်ထွက်လိုက်ပြီးနောက် မွန်ရေးရာအဖွဲ့ကို ဖွဲ့စည်းလာခြင်းဖြစ်သည်။


    Photo-မွန်ရေးရာအဖွဲ့ တည်ထောင်လိုသူများ အစည်းအဝေး (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks