spot_img
Sunday, May 19, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးပြည်ချစ်တပ်မတော်သားဟောင်းတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

    ပြည်ချစ်တပ်မတော်သားဟောင်းတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၂၆)

    ၁၉၆၂ ခုနှစ်က အာဏာသိမ်းခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနု ထိုင်းမြန်မာနယ်စပ်ရောက်လာပြီး ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်  PLA (ဝါ) Parliamentary  Democracy Party-PDP ကို ရဲဘော်သုံးကျိပ်ဝင်များဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင် အခြားနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းခဲ့တာကို မြန်မာ့နိုင်ငံရေးလေ့လာသူတိုင်း သိရှိထားမယ်လို့ ယူဆပါတယ်၊ သို့သော်လည်း ၁၀ စုနှစ်တစ်ခုလေးမှာပဲ ကံမကောင်း အကြောင်းမလှစွာနဲ့ ပြိုကွဲခဲ့ပါပြီ။ လက်ကျန်ပြည်ချစ်စစ်သားထဲက အစိုးရဆီ လက်နက်မချဖြစ်ပဲ ဒီကနေ့အထိ ထိုင်းနယ်စပ်တွေမှာ ကျန်ရှိနေတဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့သား ဦးဝင်းလှိုင်နဲ့ မွန်သတင်းအေဂျင်စီ ဆက်သွယ်မေးမြန်းချက်ကို တင်ပြပါရစေ။

    မေးပြည်ချစ်တပ်မတော်ထဲ ဝင်ရောက်ပြီး စစ်မှုထမ်းဆောင်ဖြစ်တဲ့အကြောင်းအရင်းဦးဆုံးပြောပေးပါဦး

    ဖြေ-ကျွန်တော်တို့ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်က ၁၉၇၀ ကနေပြီး ၁၉၇၃ အထိ ပြည်သူလူထု ထောက်ခံမှုကို ကျွန်တော်တို့ အပြည့်အဝရခဲ့တယ်။  ၇၃ နောက်ပိုင်းကျတော့ ဝန်ကြီးချုပ် ဦးနုကနေပြီးတော့ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် ဥက္ကဌရာထူးကနေ နုတ်ထွက်သွားပြီးတော့ အိန္ဒိယမှာ နိုင်ငံရေးခိုလုံခွင့်တောင်းခဲ့တယ်။ အဲချိန်မှာ ဗိုလ်လကျာ်က ဥက္ကဌပြန်ဖြစ်တယ်။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်မှာ အဓိက ကြုံရတာတော့ ငွေရေးကြေးရေးအခက်အခဲပေါ့။ ၇၀၊ ၇၁၊ ၇၂၊ အချိန်တွေဆို ကျွန်တော်တို့က လူထုမှာ ရိက္ခာတွေ ဝယ်စားရတာကိုး၊ ရှေ့တန်းထွက်တဲ့အခါကျရင် ကျွန်တော်တို့မှာ ရိက္ခာတွေပါတယ်။ ဒါပေမယ့်  ၇၃ နောက်ပိုင်းကျတော့ ကျွန်တော်တို့က လူထုကို တောင်းစားရတဲ့အဆင့် ဖြစ်သွားပြီ။ တောင်းစားရတဲ့အဆင့်ဖြစ်သွားတော့ ကျွန်တော်တို့က လူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားတော့ ကျွန်တော်တို့ စစ်ကြောင်းတစ်ကြောင်းကို လူတစ်ရာလောက်ရှိမယ်ဗျာ။ လူတစ်ရာလောက်ရှိတဲ့ စစ်ကြောင်းကို ဝိုင်းပြီးတော့ ပံ့ပိုးရတဲ့အခါကျတော့ ကြာလာတော့ လူထုကလည်း အခက်အခဲတွေ ရှိလာပြီ၊ အခက်အခဲတွေ ရှိလာတာ နှစ်ပိုင်းရှိတယ်ဗျ သူတို့စားဝတ်နေရေးအခက်အခဲနဲ့ ကျွန်တော်တို့ကို ရိက္ခာပေးလို့ ရန်သူက အညိုးထားပြီး ဖမ်းဆီးတာတို့ သတ်ဖြတ်တာတို့ ထောင်ချတာတို့ အဲတာတွေက တစ်ပိုင်း၊ ဆိုတော့ ၇၄၊ ၇၅ လောက်ရောက်တဲ့အခါကျတော့ လူထုက ကျွန်တော်တို့ကို သိပ်မထောက်ခံတော့ဘူး။ ဘာလို့ မထောက်ခံသလဲဆိုတော့ ကျွန်တော်တို့က သူတို့ကို ဘာမှ အကာအကွယ်မပေးနိုင်ဘူး။ ကျွန်တော်တို့ ရှေ့တန်းသွားလို့ရှိရင် လူထုက ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ပံ့ပိုးပေးတယ်။ ကျွန်တော်တို့က လူထုကို ဘာမှအကာအကွယ်မပေးနိုင်ဘူး။ ကြာလာတော့ လူထုက ကျွန်တော်တို့ကို အကူအညီမပေးချင်တော့ဘူး။

    ၇၅ လောက်ကျ‌တော့ ကျွန်တော်တို့ မဟာမိတ်အချင်းချင်း ပြဿနာဖြစ်တယ်။ အဓိက KNU၊ KNU ပြီးတော့ မွန်ပြည်သစ် ၇၅၊ ၇၆၊ ၇၇ အဲခုနှစ်တွေဟာဆိုရင် ကျွန်တော်တို့က ရန်သူနဲ့ တိုက်ဖို့အချိန်မရှိဘူး ကျွန်တော်တို့နဲ့ KNU တိုက်လိုက်၊ ကျွန်တော်တို့နဲ့ မွန်ပြည်သစ်တိုက်လိုက် မွန်ပြည်သစ်နဲ့ KNU နဲ့ တိုက်လိုက်နဲ့ အဲတာနဲ့ပဲ ဇာတ်လမ်းက ပြီးသွားပြီ။ ၇၇ မှာ ကျွန်တော်တို့ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်မှာ ၂ ပိုင်းကွဲသွားပြီ တစ်ပိုင်းက KNU ကို ထောက်ခံတဲ့ အပိုင်း တစ်ပိုင်းက ဗိုလ်ချုပ်လကျာ်ကို ထောက်ခံတဲ့အပိုင်း အဲလို နှစ်ပိုင်းကွဲသွားပြီးနောက်မှာပဲ အဲဒီ KNU ကို ထောက်ခံတဲ့ အပိုင်းက KNU ခေါ်ပြီးတော့ ကျွန်တော်တို့ကို ပြန်တိုက်တဲ့အခါကျတော့ ဗိုလ်ချုပ်လကျာ်ကျတယ်ဗျ။ နာမည်တော့ မပြောချင်ပါဘူး ဘယ်သူခေါ်လာပြီးတိုက်တာကိုတော့။ အဲတုန်းက တိုက်တာ ကျွန်တော်တို့ ပြည်ချစ်တပ်မတော်ကြီးက လုံးဝပြိုကွဲသွားတယ်။ ပြိုကွဲတဲ့အခါကျတော့ ကျွန်တော်တို့ အဖွဲ့က KNU မှာ အညံ့ခံရတာပေါ့ဗျာ။ KNU က ကျွန်တော်တို့ ရဲဘော်တွေကို တစ်ယောက် ဘတ် ၄၀၀ ပေးပြီးတော့ ထိုင်းဖက်ကို နှင်ထုတ်လိုက်တယ်။ အဲမှာ ပြည်ချစ်လွတ်မြောက်ရေးတပ်ကြီးက ဗိုလ်ချုပ်လကျာ်ကျဆုံးပြီးတာနဲ့ ပြီးသွားတာပေါ့ဗျာ။

    မေးပြည်ချစ်တပ်ထဲဝင်ဖြစ်တဲ့အကြောင်း ဆရာဦးဝင်းလှိုင်အကြောင်းကို နည်းနည်းလေးဦးစားပေးပြီးတော့ ပြောပေးပါလားခင်ဗျာ.

    ဖြေ-ကျွန်တော်တို့က ပြည်ချစ်တပ်ထဲ ဘယ်လိုဝင်ခဲ့သလဲဆိုတော့ ကျွန်တော်တို့ ကျောင်းနေဖက်သူငယ်ချင်းက ပြည်ချစ်တပ်ထဲ ရောက်နေတယ်။ သူငယ်ချင်းတွေ ခေါ်တဲ့အခါကျတော့ ကျွန်တော်တို့ကလည်း နဂိုကတည်းက စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့အခါကျတော့ သူငယ်ချင်းနဲ့အတူတူ လိုက်ခဲ့တာပေါ့ဗျာ၊ ကျွန်တော်တို့ တောခိုတုန်းက မဆလပါတီ မရှိသေးဘူး။ တော်လှန်ရေးကောင်စီပေါ့ ဗိုလ်ချုပ်ကြီးနေဝင်းခေတ် အဲကနေစပြီးတော့ တော်လှန်ရေးထဲ စရောက်တာပေါ့။

    မေးဆရာရေးတဲ့ ဆောင်းပါးမှာ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်မှသာ ဖြုတ်ချနိုင်မယ်လို့ ယုံကြည်တယ်လို့ ရေးထားတာတွေ့တယ်ဗျ၊ အခု NUG အစိုးရကနေဖွဲ့လိုက်တဲ့ PDF နဲ့ ဆရာတို့တုန်းကနဲ့ ခိုင်းနိုင်းပြောပြပေးပါလား

    ဖြေ-စပြီးတော့ တောခိုတာဆိုလို့ရှိရင် ကျွန်တော်တို့က ဗိုလ်ချုပ်နေဝင်းအစိုးရကို ကျွန်တော်တို့က လက်နက်ကိုင်ပြီးတိုက်မှ ရမယ်လို့ ပြောတယ်။ နိုင်ငံရေးကို ဒီလောက်စိတ်မဝင်စားဘူး၊ နားလည်း မလည်ဘူး။ ဆိုတော့ လက်နက်ကိုင်ပြီးတိုက်ကြတယ်ဗျာ။ တိုက်တဲ့အခါကျတော့ ကျွန်တော်တို့မှာ ဘာတွေအခက်အခဲတွေ တွေ့လာရလည်း ဆိုတော့ ထောက်ပို့ အခက်အခဲတွေ အများကြီးရှိတယ်။ ကျွန်တော်တို့က ရဲဘော်တစ်ယောက်ရှေ့တန်းဆင်းမယ်ဆိုရင် ကျည်သုံးရာပါမယ်ဗျာ ကျွန်တော်တို့ ခေတ်တုန်းက ရှေ့တန်းမှာ တိုက်ပွဲ နှစ်ပွဲဖြစ်ရင် ကုန်ပြီဗျ အဲဒီကျည်တွေက၊ အဲလိုဆိုတော့ ကျွန်တော်တို့ ထောက်ပို့က မရှိဘူး၊ နယ်စပ်ကနေ ပြည်တွင်းထဲကို ရောက်ဖို့က အနည်းဆုံး ၃ ရက်လောက်ကြာတယ်၊ အဲထောက်ပို့ မလာနိုင်တဲ့အခါကျတော့ ကျွန်တော်တို့က တိုက်ပွဲနှစ်ပွဲပြီးရင် ပြန်တက်၊ ဘာဖြစ်လို့ ပြန်တက်လည်းဆိုတော့ ရှေ့ဆက်တိုက်ဖို့ ကျွန်တော်တို့မှာ ကျည်မရှိတော့ဘူး။ ရှေ့တန်းကနေ နောက်တန်းပြန်ရောက်လာရင် ရုတ်တရက်ရှေ့တန်းကို ပြန်မဆင်းနိုင်တော့ဘူး။ ကျည်ပြန်စုရတာပေါ့ဗျာ။ ဒါမျိုးတွေရှိတယ်။ ကျွန်တော်တို့ စစ်ဆင်ရေးတစ်ခုမှာ အနောက်ကနေ ပံ့ပိုးပေးနိုင်မယ့် ထောက်ပို့ကတော်တော်အရေးကြီးတာဗျ၊ စစ်တိုက်တာက လွယ်တယ်ဗျ။ ထောက်ပို့မရှိရင် မလွယ်ဘူးဗျ။

    မေး-NUG  ဖွဲ့စည်းလိုက်တဲ့ PDF အဖွဲ့ကျတော့ရော ဆရာဘယ်လိုမြင်လဲ၊ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကြတယ် လူငယ်လည်း အများစုပါတယ်လေ။

    ဖြေ-ကျွန်တော်ဆိုလိုတာက ဘာအလုပ်ပဲလုပ်လုပ် အလောကြီးဖို့မသင့်ဘူး၊ ပြင်ဆင်ရမယ်၊ ဥပမာ PDF ပေါ့ဗျာ အချိန်ယူရမယ်၊ တခြားကို မကြည့်နဲ့ ရခိုင်ကိုကြည့် ရခိုင် AA က ၁၀ နှစ်လောက်ကို အချိန်ယူရတယ်၊ သူ့ရခိုင်ထဲ ပြန်ထိုးဖောက်ပြီးတော့ စစ်ဆင်ရေးတွေ လုပ်ဖို့အတွက် လူအင်အား၊ လက်နက်အင်အား ၁၀ နှစ်လောက် အချိန်ယူရတယ်။ ဆိုတော့ အခုလက်နက်ကိုင် အခုတိုက်ဆိုတော့ ကျွန်တော်ထင်တာကတော့ အခက်အခဲအများကြီးရှိတယ်။ အခက်အခဲအများကြီးရှိတယ်ဆိုတာ ဘယ်လိုကြောင့်လည်း ကျွန်တော်ပြောရင် ကျွန်တော့်ကို မကြိုက်ကြဘူး။ စစ်တပ်က နှစ်ရာစုဝက်ကျော်ချီပြီးတော့ သူ့စစ်တပ်ကို ပြုစုပျိုးထောင်ထားတာ၊ ကျွန်တော်တို့က ဒီစစ်တပ်ကို တိုက်မယ်ဆိုရင် ဒီစစ်တပ်ထက် အစစအရာရာ လက်နက်အင်အား၊ လူအင်အား၊ စစ်နည်းဗျူဟာ အားလုံးသာနေဖို့လိုတယ်။ ဒါမှ မဟုတ်ရင် ကျွန်တော်တို့ တိုက်ပွဲတစ်ပွဲတိုက်ရင် ဥပမာ PDF တွေက တောပုန်းနဲ့ ပစ်မယ် တောပုန်းနဲ့ ပစ်ရင် ယမ်းဘယ်နှစ်ခါထောင်းနိုင်မှာလည်းဗျ၊  ယမ်းထောင်းတဲ့လူက ၅ ခါလောက်ပဲ ထောင်းနိုင်မယ်။ ဟိုက မော်တာကြီး ကျလာရင် ယမ်းထောင်းဖို့ အချိန်မရှိတော့ဘူး။ အချိန်ယူရတယ်ဗျ အလုပ်လုပ်တာ၊ ဒီနေ့ တော်လှန်ရေးလုပ် မနက်ဖြန်တော်လှန်ရေးအောင် ဆိုတာကတော့ ကျွန်တော်တို့ကိုယ်တိုင်ပဲ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ။ အခုထိ အိမ်ပြန်မရောက်နိုင်တော့ဘူး၊ အဲတာကို ကျွန်တော်ပြောပြတာ အခက်အခဲတွေ အများကြီးရှိတယ်။

    မေးအဲဒီတုန်းက ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်အတွက်အဓိက လက်နက်တွေကို ဘယ်အဖွဲ့အစည်းက ထောက်ပံ့တာလဲ။

    ဖြေ-ကျွန်တော်တို့ ပြည်ချစ်တုန်းက (၁၉၇၀ ခုနှစ်ဝန်းကျင်) ဆိုရင် ဗီယက်နမ်စစ်ပွဲက ပြီးပြီ၊ ဗီယက်နမ်စစ်ပွဲပြီးတဲ့အခါကျတော့ ကျွန်တော်တို့ ပြည်ချစ်လွတ်မြောက်ရေးတပ်တော်မှာ ပါလာတဲ့ ဗိုလ်မှူးကြီး ခင်မောင်မြင့် သူက ဩဇီကပြား သူက တစ်ချိန်တုန်းက ရဲဘော်သုံးကျိပ် ဗမာပြည်ဝင်တဲ့အချိန်မှာ သူက ဗြိတိသျှတပ်မှူး၊ နာမည်ကြီးတဲ့ ရွှေတောင်တိုက်ပွဲမှာ ဗိုလ်ရန်နိုင်တို့နဲ့ တစ်ဖက်စီတိုက်ကြတာ။ သူက နိုင်ငံခြားအဆက်အသွယ်အများကြီးရှိတယ် ရှိတဲ့အခါကျတော့ အမေရိကန်တွေ ဗီယက်နမ်ကနေ ပြန်ဆုတ်လို့ ထိုင်းကိုရောက်တဲ့အချိန်မှာ ဒီသေနတ်တွေ အကုန်လုံးကို ဗိုလ်မှူးကြီးခင်မောင်မြင့်ကနေ သူစည်းရုံးပြီး‌တော့ ကျွန်တော်တို့ဆီရောက်လာတယ်။ ကျွန်တော်တို့ ခေတ်မှီတဲ့ သေနတ်ကိုကိုင်ပြီး တော်လှန်ရေးကောင်စီအစိုးရကို တိုက်ရတာပေါ့ဗျာ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ တိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ မဟာမိတ် မွန်၊ ကရင်တွေဆိုရင် ရိုင်ဖယ်၊ စတင်းဂန်းကိုင်နိုင်တဲ့အဆင့်ပဲ ရှိသေးတယ်။ ကျွန်တော်တို့က M-79 တွေ M-16 တွေ AK-47တွေ ကိုင်ရတဲ့အဆင့်နဲ့ လုပ်ရတာ ဒါတောင်မှ အလုပ်မဖြစ်ခဲ့ဘူးကျွန်တော်တို့ ။

    မေးဆရာတို့ ခေတ်က ခေတ်အမှီဆုံးဆိုတဲ့ လက်နက်ကိုင်တိုက်ခဲ့တယ် အလုပ်မဖြစ်ခဲ့ဘူး။ အခု PDF ကိုရော ဘယ်လိုမြင်လဲ စစ်ကောင်စီမှာဆို နည်းပညာတွေလည်း ရှိနေတယ်။ PDF အနေနဲ့ ရေရှည်ဘယ်လောက်အထိ သွားနိုင်မှာလဲ။

    ဖြေ-ကျွန်တော်ပြောချင်တာက ဘာအလုပ်ပဲ လုပ်လုပ် စဉ်းစားဆင်ခြင်တုံတရားနဲ့ လုပ်တာပဲကောင်းတယ်၊ စဉ်းစားဆင်ခြင်တုံတရားမရှိပဲနဲ့ ကျွန်တော်တို့က လုပ်ချင်တဲ့အတိုင်း လုပ်မယ်ဆိုလို့ရှိရင် အဆုံးရှုံးပဲရမှာ ဘာဖြစ်လို့လည်းဆိုရင် တစ်ဖက်က သူစစ်တပ်ကို နှစ်တွေအများနဲ့ချီပြီး ပြင်ဆင်ထားတဲ့ကိစ္စ ကျွန်တာ်တို့က အခုမှ စတဲ့ကိစ္စ၊ စတဲ့ကိစ္စဆိုတော့ ကိုယ်က ပြင်ဆင်ရဦးမယ်လေ ဘာမှ မပြင်ဆင်ပဲနဲ့ ဗြုန်းဒိုင်းကြီး ထလုပ်တဲ့အခါကျတော့ မထင်မှတ်ထားတဲ့ အခက်အခဲတော်တော်များ ရှိလာမှာပေါ့။  

    ဥပမာပြောရရင် တော်လှန်ရေးကာလမှာ တဘက်ရန်သူရဲ့ ယန္တရားလည်ပတ်မှုကိုရပ်သွားဖို့အတွက် ပြည်တွင်းဖောက်ခွဲရေးကို အဓိကထားပြီးတော့ ၁၉၇၁ ကနေ ၁၉၇၃ ခုနှစ်အထိ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကနေ လုပ်ဆောင်ခဲ့တဲဿနေရာမှာ ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးကောင်စီတပ်တွေရဲ တန်ပြန်မိုင်းစစ်ဆင်ရေးတွေကြောင့် ကျနော်တို့ ပြည်တွင်းလှုပ်ရှားမှုဖြစ်တဲ့ ဖောက်ခွဲရေးလုပ်ငန်းတွေကို လုံးဝရပ်ဆိုင်းခဲ့ရတဲ့အဖြစ်ကိုရောက်ခဲ့ရပါတယ်။

    တော်လှန်ရေးကောင်စီ အစိုးရအဆောက်အအုံတွေကို ပစ်မှတ်ထားပြီးဖောက်ခွဲမှုပြုလုပ်တိုင်း တော်လှန်ရေးကောင်စီတပ်တွေက ပြည်သူလူထုတွေစုဆုံတတ်တဲ့ဈေး၊ ကားဂိတ်၊ မီးရထားဘူတာရုံနဲ့ ရုပ်ရှင်ရုံစတဲ့နေရာတွေမှာ ဖောက်ခွဲရေးတွေတန်ပြန်လုပ်တယ်။ ပြည်သူလူထုတွေသေဆုံးဒဏ်ရာရတဲ့အချိန်တွေမှာ ပြည်ပြေးလက်ချက်လို့ အကြောင်းပြပြီး ရေဒီယို သတင်းစာတွေမှာ ဝါဒဖြန့်လုပ်ငန်းတွေလုပ်လာတဲ့အတွက် ပြည်သူလူထုက မိမိတို့ကို ပြည်ချစ်လွတ်မြောက်ရေးအစား ပြည်ပြေးအဖျက်သမား စတဲ့အခေါ်အဝေါ်တွေ သုံးခေါ်လာတယ်၊ ကျနော်တို့ဖောက်ခွဲရေးအဖွဲတွေ ပြည်တွင်းကိုရောက်တာနဲ့ ပြည်သူလူထုတွေက တော်လှန်ရေးကောင်စီတပ်ကို သတင်းပို့ခိုင်း ဖမ်းခိုင်းသည့်အတွက် ကျနော်တို့တပ်ဖွဲဝင်တွေ အဖမ်းခံခဲ့ရတာလည်းအကြိမ်ကြိမ်ပါဘဲ။ ဒီအဖြစ်အပျက်တွေကို သင်ခန်းစာယူနိုင်ဘို့အတွက် သတိပေးလိုက်ပါရစေ။

     Photo- ပြည်ချစ်တပ်မတော်သားဟောင်း ဦးဝင်းလှိုင် (MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts