spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကယားစစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေ

    ကယားစစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၂၅)

    ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေသည်ဟု ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

    ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီမောဆို၊ ဘောလခဲ၊ ဖားဆောင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် ယခုရက်ပိုင်းက ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေကြရပြီး ရေရှည်အခက်အခဲများ ကြုံတွေ့လာနိုင်သည့်အတွက် ပီကင်းကောခူစစ်ဘေးဒုက္ခသည်စခန်းကို မေလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

    “အဓိကတော့ သောက်ရေသန့် မလုံလောက်ဘူး ဒီမှာ တွင်းရေကလည်း ဒီတစ်ရက်နှစ်ရက်မှာ ပြတ်လပ်တော့မှာ အလှူရှင်ကလည်း မကူညီနိုင်သောဘူး၊ နေရာတကာတိုင်းမှာ စစ်ဘေးရှောင်စခန်းတွေ ရှိတာပေါ့နော်၊ ဒီမော့ဆိုမှာဆို ၁၀ နေရာထက်မနည်းရှိတယ်၊ တအားများလာတော့ ထိထိရောက်ရောက် မလှူပေးနိုင်တာလည်း ပါမှာပေါ့၊ အလှူရှင်လည်း မတတ်နိုင်တာလည်း ပါမှာပေါ့ ဆိုတော့ ဒီရက်ပိုင်း အစားအသောက်ပိုင်းနဲ့ ပတ်သက်ပြီး ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်ပေါ့” ဟု စစ်ဘေးရှောင်ပြည်သူများကို ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

    လက်ရှိ ပီကင်းကောခူ စစ်ဘေးရှောင်စခန်းတွင် စခန်းဖွင့်လှစ်ပြီး ၃ ရက်အတွင်း စစ်ရှောင်လူဦးရေ ၁၀၀၀ ကျော်သွားပြီး လက်ရှိအချိန်ထိ ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် လာရောက်ခိုလှုံနေရဆဲ ဖြစ်သည်ဟု သိရသည်။

    စားဝတ်နေရေးအတွက် ထွက်ပြေးတိမ်းရှောင်စဉ်က ပါလာသည့် ရိက္ခာများနှင့် အလှူရှင်များမှ လာရောက်လှူဒါန်းထားသည့် ဆန်၊ဆီ များဖြင့် ဖြေရှင်းနေရပြီး ဆေးဝါး၊ အစားအသောက်၊ စောင်၊ အမိုးအကာများ လိုအပ်နေသည်ဟု သိရသည်။

    မေလ ၂၁ ရက်မှ စတင်ပြီး ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိသလို လက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ သေဆုံးမှုများ ရှိသည်။

    “ အခုဒီမော့ဆိုမှာ အခြေအနေဆိုးနေတယ်၊ ရွာကနေ ကြားနေရတယ် ဗုံးသံတွေ ခဏခဏ ကြားနေရတယ်၊ အသံအကျယ်ကြီး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆိုနှင့် ရှမ်း-ကယားနယ်စပ် မိုးဗြဲနှင့် ဖယ်ခုံတို့တို့ စစ်ဘေးရှောင်ပြည်သူပေါင်း ၅၀၀၀၀ ကျော်ရှိနေသည်ဟု သိရသည်။

    မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လွိုင်ကော်မြို့ ကယန်းသာယာ(တောင်) ကျေးရွာရှိ ကတ်သလစ်ဘုရားကျောင်းတွင် ခိုလှုံနေသည့် ရွာသား ၄ ဦး ထိခိုက်သေဆုံး ၈ ဦးဒဏ်ရာရှိခဲ့သည်။

    လက်ရှိအချိန်ထိ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး  ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။ 


    Photo- ပီကင်းကောခူစစ်ဘေးဒုက္ခသည်စခန်း(CJ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks