Homeငြိမ်းချမ်းရေးNUG နှင့် ချိတ်ဆက်မှုမရှိသော်လည်း မွန်ဝန်ကြီးများအပေါ် မွန်ပြည်သစ်ပါတီကန့်ကွက်စရာမရှိဟုဆို

NUG နှင့် ချိတ်ဆက်မှုမရှိသော်လည်း မွန်ဝန်ကြီးများအပေါ် မွန်ပြည်သစ်ပါတီကန့်ကွက်စရာမရှိဟုဆို

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၀)

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်ချိတ်ဆက်မှုမရှိသေးသော်လည်း မွန်ဝန်ကြီးများပါဝင်နေမှုအပေါ် မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် ကန့်ကွက်စရာမရှိကြောင်း မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

တဖက်တွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသဖြင့် စောင့်စည်းစရာများရှိနေသေးကြောင်း မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက မွန်အမျိုးသားကွန်ရက် MNN မေလ ၈ ရက် Online စကားဝိုင်းအစီအစဉ်တစ်ခုတွင် မွန်ဘာသာဖြင့် ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ 

နိုင်အောင်မငေးက “ဒီဘက်အစိုးရ (နစက) အပေါ်မှာ ကျနော်တို့နဲ့ NCA စာချုပ်က စောင့်စည်းစရာတွေရှိနေသေးတော့ NUG နဲ့ ချိတ်ဆက်ဖို့ဆိုတာ အချိန်ယူရဦးမှာဖြစ်တယ်၊ တစ်ဖက်မှာ ကျနော်တို့ မွန်ဝန်ကြီးတွေ NUG အစိုးရအဖွဲ့ထဲမှာပါဝင်နေတဲ့အပေါ် ကန့်ကွက်စရာမရှိပါဘူး၊ သူတို့ရဲ့နိုင်ငံရေးလုပ်ငန်းစဉ် ရည်ရွယ်ချက်တွေကို သူတို့သဘောဆန္ဒအတိုင်း သူတို့လုပ်ဆောင်နိုင်ပါတယ်၊ ဒီအပေါ်မှာ ကျနော်တို့ကန့်ကွက်စရာမရှိဘူး၊ အခုလက်ရှိအနေအထား ဒီနေ့ဒီကာလမှာ ဒီလိုပဲ သဘောထားရှိပါတယ်ပေါ့”ဟု ဆိုသည်။ 

လက်ရှိ NUG အစိုးရအဖွဲ့တွင် အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နှင့် စီမံကိန်း၊ စီပွားရေးနှင့် ရင်းနှီမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး မင်းဇေယျာဦးတို့အနေဖြင့် မွန်တိုင်းရင်းသားများကိုယ်စားပြုနိုင်ငံရေးသမားများအဖြစ် ပါဝင်လျှက်ရှိကြောင်း သိရသည်။

သို့ရာတွင် နစက စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ ပြီးခဲ့သည့်လကုန်ပိုင်းတွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြခြင်းမဟုတ်ဘဲ ၂၀၁၂ ခုနှစ်က ချုပ်ဆိုခဲ့ကြသည့် Bilateral စာချုပ်ပါ အပစ်ရပ်စဲမှုဆိုင်ရာကိစ္စများကိုသာ ဆွေးနွေးဖြစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ကျနော်တို့ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေမရှိဖို့ ထိန်းထိန်းသိမ်းသိမ်းရှိနေထိုင်ကြဖို့အတွက် ကျနော်တို့ရှင်းလင်းပြောကြပါတယ်၊ ပြီးတော့ တပ်ကနေရာဝင်ယူထားတဲ့ ကျနော်တို့ တပ်တည်နေရာ ၂ ခုကို အမြန်ပြန်လည်ပေးအပ်ဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်၊ တဖက်မှာလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြီးစီးအောင်အကောင်အထည်ဖော်ပေးဖို့ ပြီးတော့ ကျနော်တို့ရဲ့ ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းတွေကို ဆောင်ရွက်ပေးဖို့ ပြောဆိုဆွေးနွေးတဲ့နေရာမှာ နိုင်ငံရေးတွေမပါဘူး ၂၀၁၂  Bilateral သဘောတူညီချက်အပေါ် ဆွေးနွေးပြောဆိုခဲ့ကြတာဖြစ်တယ်”ဟု နိုင်အောင်မငေးက ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်မှုအဖွဲ့ PPST အနေဖြင့် လက်ရှိအာဏာသိမ်းထားသည့် တစ်နှစ်ကာလအတွင်း စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမှုပြုလုပ်မည်မဟုတ်ကြောင်း ဆုံးဖြတ်ထားသော်လည်း တစ်ဖွဲ့ချင်းအနေဖြင့် နှစ်ဖက်အပစ်ရပ်စဲရေး Bilateral လုပ်ငန်းစဉ်များ သီးခြားဆွေးနွေးနိုင်သည်ဟု သိရသည်။ 

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “တိုင်းရင်းသားလှုပ်ရှားမှုအဖွဲ့အစည်းတွေထဲမှာ အခုက KNU နဲ့ KIA ပဲ အဓိကတိုက်နေတယ်၊ နောက်ပိုင်းကျတော့ မွန်ပြည်သစ်ပါတီတို့ ကယားဘက်က KNPP တို့ အဲဒီအင်အားစုတွေ တိုက်ခိုက်လာအောင် နိုင်ငံရေးအရ စည်းရုံးဆွေးနွေးပြီးတော့ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်နဲ့ပေါင်းစည်းကြည့်ပြီးတော့ လှုပ်ရှားနိုင်မယ်ဆိုလို့ရှိရင် ဒီတော်လှန်ရေးကြီးက မုချအောင်မြင်နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ဆိုသည်။

လက်ရှိမတရားအသင်းအဖြစ် ကြေညာခံထားရသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) ၎င်းက ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ၎င်းက ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force-PDF)နှင့် လက်အောက်ခံအဖွဲ့အစည်းအားလုံးကို မေလ ၈ ရက်နေ့တွင် အကြမ်းဖက်အုပ်စုများအဖြစ် အာဏာသိမ်း စစ်ကောင်စီက သတ်မှတ်ကြေညာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts