မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၃)
စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)တို့အကြား ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံကရင်တိုင်းရင်းသားများသာမက နှစ်နိုင်ငံနယ်စပ်အနီးရှိ ထိုင်းနိုင်ငံသားများ ရာချီပြီးနေရပ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU တပ်မဟာ(၅) ပြောခွင့်ရ ပဒိုမန်းမန်းက ပြောသည်။
“ ထိုင်းဖက်မှာရှိတဲ့ ဖားတဆိုင်ရွာ၊ မယ်ဖတာဆိုရင် ထိုင်းရွာသားတွေပဲ သူတို့ရွာထဲမှာ မနေရဲဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ဝဲတာက ထိုင်းနိုင်ငံထဲအထိ လေယာဉ်ဝဲပြီး ပစ်ချတာတွေ တွေ့ရတာပေါ့” ဟု ပဒိုမန်းမန်းက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များက ထိုင်း-မြန်မာနယ်စပ်ရှိ သောလယ်ထာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က တက်ရောက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပြန်လည်တိုက်ခိုက်မှုတွင် ထိုင်းနိုင်ငံ နယ်နိမိတ်တွင်လည်း လက်နက်ကြီးကျရောက်ခဲ့သည်ဟု ပဒိုမန်းမန်းက ဆိုသည်။
မြန်မာစစ်တပ်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ထိုင်းနိုင်ငံသား ၅၀၀ နီးပါးခန့်တို့က ကျေးရွာကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့သတင်းစာတွင် ဖော်ပြသည်။
KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်များက မယ်ဟောင်ဆောင်၏ ဆွတ်မွိုင် ခရိုင်အနီး တည်ရှိသည့် မြန်မာစစ်တပ် စခန်းတစ်ခုကို ဧပြီ ၂၇ ရက်နေ့ တိုက်ခိုက်ပြီးချိန်မှစတင်၍ ဘန်ဆမ်လဲ့ပ် ကျေးရွာမှ ဒေသခံ ၂၀၀ ခန့်သည် ဘန်ဟွေးခုန်ကတ်ရှိ ယာယီခိုလှုံရာစခန်းတစ်ခုတွင် နေထိုင်နေကြရသည်။
“လေယာဉ်နဲ့ အဓိက ဗုံးကြဲတာပဲ သူတို့လုပ်နေတာပေါ့နော်၊ နောက်ရွာသားတွေကိုလည်း ခြိမ်းခြောက်သလိုပဲ ဖြစ်နေတယ်။ ဒီနေ့ပဲ ၁၂ နာရီမတိုင်ခင်က လေယာဉ်နဲ့ပဲ ဗုံးလေးလုံးလောက် ပွန်ထာပွာတောဖက်မှာ လာပြီး ပစ်ချသေးတယ်ပေါ့” ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့များမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေသလို ထိုင်းဖက်ခြမ်းသို့ ဝင်ရောက်ခိုလုံနေပြီး တရားဝင်မဟုတ်သော်လည်း ထိုင်းအာဏာပိုင်များမှ ပြန်လည်မောင်းထုတ်မှုမရှိဘဲ ထိုင်းဒေသခံများနှင့် အဆင်ပြေအောင် ညှိနှိုင်းလုပ်ဆောင်နေရသည်ဟု ပဒိုမန်းမန်းက ဆက်ပြောသည်။
မတ်လကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ပြီး ကျေးရွာများ၊ ကျေးရွာအတွင်းရှိ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ အရပ်သား ၃၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။