spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းလတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးခြေအနေတွင် မွန်ပြည်သစ်ပါတီဦးဆောင်မှုအတိုင်း မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်ခံကျင့်သုံးသွားမည်ဟုဆို

    လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးခြေအနေတွင် မွန်ပြည်သစ်ပါတီဦးဆောင်မှုအတိုင်း မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်ခံကျင့်သုံးသွားမည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၇ ဧပြီ ၂၀၂၁)

    လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးခြေအနေတွင် မွန်ပြည်သစ်ပါတီဦးဆောင်မှုအတိုင်း မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်ခံကျင့်သုံးသွားမည်ဖြစ်ကြောင်း မွန်အမျိုးသားကျောင်းဆရာများနှင့် ၂ ရက်တာကျင်းပသည့် အစည်းအဝေးမှ အမြင်ချင်းဖလှယ်၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

    မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တာဝန်ပုဂ္ဂိုလ်များနှင့် မွန်အမျိုးသားကျောင်းမှ ဆရာ/ ဆရာမများတို့သည် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးခြေနေနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဧပြီ (၄၊ ၅) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ ဝယ်ဇင်ကျေးရွာ၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    အစည်းအဝေးတက်ရောက်ခဲ့သူ မွန်အမျိုးသားကျောင်းဆရာ မင်းစိုက်ချမ်းအောင်က “ကျနော်တို့က စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို မျှော်လင့်နေတာပေါ့နော်၊ ပြီးတော့ မွန်ကျောင်းဆရာ/ ဆရာမတွေရဲ့ နိုင်ငံရေးရပ်တည်ချက်ကတော့ မွန်ပြည်သစ်ပါတီဆုံးဖြတ်ချက်ချမှတ်တဲ့အတိုင်း လက်ခံသွားပြီးတော့ မွန်ပြည်သစ်ပါတီကို ကူညီဝန်းရံသွားမယ်” ဟု ပြောသည်။

    မွန်အမျိုးသားကျောင်းဆရာများအစည်းအဝေး(မွန်ပြည်သစ်သတင်းစဥ်)
    မွန်အမျိုးသားကျောင်းဆရာများအစည်းအဝေး(မွန်ပြည်သစ်သတင်းစဥ်)

    အဆိုပါနှီးနှောဖလှယ်ပွဲသို့ မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးရာဌာနတာဝန်ခံ နိုင်အောင်မငေး၊ ဒုတာဝန်ခံ နိုင်ယက္ခ၊ ဗဟိုစစ်ရေးရာကော်မတီဝင် ဗိုလ်မှူးကြီး ဂျလွန်းထောနှင့် ထားဝယ်ခရိုင် ဥက္ကဌ နိုင်ထောရော့ဒ် တို့ တက်ရောက်ခဲ့ပြီး၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ်၊ ရေချောင်းဖျားဒေသနှင့် မွန်အမျိုးသားပညာရေးဌာနတာဝန်ရှိ ဆရာ/ဆရာမ စုစုပေါင်း (၅၀) နီးပါးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ ပြည်တွင်းစည်းရုံးရေးဌာနတာဝန်ခံ မိပကောင်းမလေက “ ရည်ရွယ်ချက်ကတော့ လတ်တလောနိုင်ငံရေး အခြေအနေအောက်မှာ မွန်ပြည်သစ်ပါတီ ဘယ်လိုလုပ်ဆောင်နေလဲဆိုတာကို လက်အောက်ရှိ အဖွဲ့အစည်းအသီးသီးတွေသိရှိဖို့ ရှင်းလင်းပြောပြတာရယ်၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လှုပ်ရှားမှုတွေအတွက် အဖွဲ့အသီးသီးကနေ အကြံညာဏ်တွေရယူပါတယ်၊ ပြီးတော့ မွန်ပြည်သစ်ပါတီရဲ့ အုပ်ချုပ်ရေး စစ်ရေးဘက်ကဏ္ဍအသီးသီးမှာ မွန်အမျိုးသမီးတွေ ပါဝင်တာဝန်ယူနိုင်ဖို့အတွက် လာရောက်ရှင်းပြတယ် လာရောက်နှိုးဆော်တာဖြစ်တယ်”ဟု ဆိုသည်။

    မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ သီးခြားလွတ်လပ်သော မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းအပါအဝင် မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းဆရာ/ ဆရာမ ဦးရေ ၈၀၀ ကျော်တို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်းသာရီတိုင်းဒေသကြီးတို့၌ ကျောင်းသား/ကျောင်းသူ အင်အား ၂ သောင်းဝန်းကျင်ခန့်အား အခမဲ့ပညာသင်ကြားပေးလျက်ရှိသည်။

    အလားတူ ပြီးခဲ့သည့် ဧပြီ (၁၊ ၂) ရက်နေ့များတွင်လည်း မွန်ပြည်သစ်ပါတီ ဗဟိုကိုယ်စားလှယ်များနှင့် မွန်ဆေးမှူးများအသင်း အစည်းအဝေးကို ဝယ်ဇင်ကျေးရွာ၌ နှစ်ရက်တာကျင်းပပြုလုပ်ခဲ့ရာ ဒေသအသီးသီးမှ ကျန်းမာရေးဝန်ထမ်းကိုယ်စားလှယ် (၄၀) ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် မွန်လူငယ်များအဖွဲ့၊ မွန်အမျိုးသမီးများအဖွဲ့၊ မွန်ဆေးမှူးများအဖွဲ့၊ မွန်ရဲဘော်ဟောင်းအဖွဲ့နှင့် မွန်တောင်သူလယ်သမားအဖွဲ့တို့ကိုလည်း လတ်တလောနိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ၏ရပ်တည်ချက်အပေါ် မကြာသေးမီရက်ပိုင်းများတွင် ဆွေးနွေးပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    Photo- မွန်အမျိုးသားကျောင်းဆရာများအစည်းအဝေး(မွန်ပြည်သစ်သတင်းစဥ်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks