Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းဒေါက်တာအေးဇံအား အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုတိုင်ချက်ဖွင့်

ဒေါက်တာအေးဇံအား အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုတိုင်ချက်ဖွင့်

-

မွန်သတင်းအေဂျင်စီ (၈ ဧပြီ ၂၀၂၁)

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၅) အရ မော်လမြိုင်မြို့ မြို့မရဲစခန်း၌ ဧပြီလ ၇ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ကာ တရားစွဲဆိုအရေးယူနိုင်ရေး အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ဒေါက်တာအေးဇံသည် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်သည်ဟုဆိုကာ သံလွင်မြစ်အတွင်း သဲများစုတ်ယူထုတ်လုပ်မှုတွင် လုပ်ငန်းရှင်များထံက ငွေကျပ် သိန်း ၅၆၉၀ ခန့်ကို လက်ခံရယူခဲ့ပြီး နိုင်ငံတော်မှရရှိမည့် ဘဏ္ဍာရန်ပုံငွေ အထဲမှကျပ်သိန်း ၁၃၂၀ ခန့် နစ်နာဆုံးရှုံးခဲ့ကြောင်း ယမန်နေ့ညပိုင်းတွင် MRTV သတင်းမှ ကြေညာခဲ့သည်။

ထို့အပြင် ကိုဗစ် ၁၉ ရန်ပုံငွေများကို ပုဂ္ဂိုလ်ရေးအရ အခြားသူတစ်ဦးထံ ငွေကျပ်သိန်း ၂၀၀ ကိုထုတ်ပေးခဲ့သည့် အပြင် အခြားပုဂ္ဂိုလ် (၂) ဦးတို့ကိုလည်း ကျပ်သိန်း ၆၅၀ ထုတ်ပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ငွေကြေးတို့ကို ထိခိုက်နစ်နာပျက်စီးကြောင်း စွပ်စွဲချက်တွင် ဖော်ပြသည်။

လူမှုကွန်ယက်ပေါ် လှုပ်ဆော်ပြောဆိုသည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဒေါက်တာအေးဇံကို ထပ်မံဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) ဖြင့်လည်း တရားစွဲဆိုထာကြောင်း သိရသည်။

ဒေါက်တာအေးဇံကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နှင့် အမှုဖွင့် တရားစွဲဆိုထားစဉ် မတ်လမှ စတင်၍ အဂတိလိုက်စားမှုများနှင့်ပါ စုံစမ်းစစ်ဆေးခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

အလားတူ မွန်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် (၁၆) ဦးတို့ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထာပြီး ဒေါက်တာအေးဇံနှင့် သထုံမြို့နယ်က ဒေါ်မာမာခိုင်တို့ ၂ ဦးသာ အဖမ်းခံထားရပြီး ကျန်ကိုယ်စားလှယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts