spot_img
Tuesday, May 7, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးဖက်ဒရယ်တပ်မတော် တကယ်ဖြစ်လာမှာလား - ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း အင်တာဗျူး

    ဖက်ဒရယ်တပ်မတော် တကယ်ဖြစ်လာမှာလား – ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း အင်တာဗျူး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁- ဧပြီလ ၈)

     ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းနိုင်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းလာရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးလျက်ရှိနေသည်။

     NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ၂၀၂၁ ခုနှစ်၊ ဧပြီ ၄ ရက်က CRPH ကို ကြိုဆိုကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကြေညာစာတမ်းကို ကြိုဆိုကြောင်းနှင့် ၂၀၀၈ ဖျက်သိမ်းကြောင်း ကြေညာခြင်းကို ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

     ထို့ကြောင့် PPST ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကို မွန်သတင်းအေဂျင်စီက ဂျာနယ်လစ် ချစ်မင်းထွန်း ဆက်သွယ်မေးမြန်းခဲ့သည်။

     မေး – ပထမဦးဆုံးပေါ့လေဆရာ ကျနော်တို့မေးချင်တာက CRPH က ဖက်ဒရယ်ဒီမိုကရေစီနဲ့ပဋိဉာဉ်ပတ်သက်ပြီး ထုတ်ပြန်ထားတာရှိတယ်ပေါ့နော် အဲဒီမှာ EAOs တွေက လက်မှတ်ထိုးထားတယ်၊ဆိုလည်းပြောကြတယ်ပေါ့လေ၊ EAOs တွေပါဝင်ပြီးတော့မှ ဒါတွေကို ရေးဆွဲတယ်လို့ပြောကြတယ်၊ ဆိုတော့ ဘယ်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေက တရားဝင် လက်မှတ်ထိုးထားတာရှိပါလဲဗျ၊ အဲဒါလေး ပထမဆုံးသိချင်ပါတယ်။

    ဖြေ- ဟုတ်ကဲ့ CRPH ကနေထုတ်ပြန်လိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စာတမ်းလို့ခေါ်တဲ့၊ Charter နဲ့ပတ်သက်ပြီးတော့၊ ကျနော်နားလည်သလောက်ကတော့ CRPH အနေနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော၊ ရွေးကောက်ပွဲအရ သူတို့ထုတ်ပြန်ကြေညာတာဖြစ်တယ်လို့ကျနော်အဲလိုနားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ် Charter ကို ရေးဆွဲတဲ့ Process မှာ ကျနော်လည်း PPST ရဲ့ တာဝန်ပေးအပ်မှုအရ ပါဝင်ဖြစ်ခဲ့တယ်၊ ဆိုတော့ အဲလိုပါဝင်ခဲ့တဲ့အတွက် ကျနော်အဲဒီ Process အားလုံးကို နားလည်တယ်၊ ဆိုတော့အဲဒီ အစည်းအဝေးမှာ ကျနော်တို့တိုင်ပင်တဲ့အခါကျတော့ ပါဝင်တဲ့လူတွေ လက်မှတ်ထိုးဖို့လိုသလား မလိုဘူးလားဆိုတာ ကျနော်တို့ဆွေးနွေးခဲ့တယ်၊ ဆိုတော့ကျနော်တို့အားလုံးက သဘောတူထားတာက ဒါဟာ ၂၀၂၀ နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူလူထုကဏ္ဍနဲ့ ထုတ်ပြန်တာပိုသင့်တော်တယ်၊ ကျနော်တို့တစ်ဖွဲ့ချင်း လက်မှတ်ထိုးတာထက် CRPH အနေနဲ့ထုတ်ပြန်တာက ပိုအားကောင်းတယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ CRPH အနေနဲ့ထုတ်ပြန်ချက်ဖြစ်တယ်။ ထို့ကြောင့် လက်မှတ်ရေးထိုးခြင်းမလိုဘူးဆိုတာကို ပထမဆုံးကျနော် တင်ပြချင်တယ်။

    ဒုတိယအနေနဲ့ CRPH က အဲဒီဖက်ဒရယ် Charter ထဲမှာ ဖော်ပြထားတဲ့အတိုင်း အစုအဖွဲ့ ၄ ခုကနေပြီးတော့ ပူးပေါင်းရေးဆွဲထားတယ်ဆိုတာမှန်ပါတယ်။ ကျနော်တို့တတွေပါပါတယ်၊ အဲဒီမှာ ဒီ Process ထဲမှာ PPST ကနေပြီးတော့ ခေါင်းဆောင် ၃ ဦး တာဝန်ပေးထားပါတယ်။ အဲဒီခေါင်းဆောင် ၃ ဦးထဲမှာ ကျနော်ပါပါတယ်။ ထို့အတွက်ကြောင့် အဲဒီဖက်ဒရယ် ပဋိဉာဉ်လို့ခေါ်တဲ့ Charter မှာ ကျနော်တို့ရေးဆွဲတဲ့ Process မှာ ကျနော်တို့ အားလုံး ပူးပေါင်းပြီးတော့ ပါတာဖြစ်တယ်၊ ပြီးတော့ PPST  အနေနဲ့ ပါတဲ့အဖွဲ့တွေရှိတယ် ပြီးတော့ တစ်ဖွဲ့ချင်းအနေနဲ့ပါလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေလည်းရှိတယ်၊ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေလည်းပါတယ်။ 

    လက်မှတ်မရေးထိုးတဲ့အဖွဲ့တွေလည်းပါတယ်၊ ထို့အတွက်ကြောင့် ဒီရေးဆွဲပြဋ္ဌန်းခြင်း Process မှာကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါတယ်လို့ ကျနော်ပြောချင်တယ်။

    မေး – ဟုတ်ကဲ့ဆရာ ဒါဆိုရင် ဒီNCA လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့အရဆိုရင် PPST mandate ပေးလိုက်တယ်ဆိုတော့ ၁၀ ဖွဲ့လုံးက ဒီပဋိဉာဉ်ကိုလက်ခံတယ်ဆိုတဲ့ သဘောလို့မှတ်ယူလို့ရသလားဗျ၊ နောက်တစ်ခုကကျတော့ လက်မှတ်မထိုးရတဲ့အဖွဲ့ဆိုတော့ ကျတော့  KIA လည်းပါတယ်လို့ကြားတယ်၊ KIA လည်းဒီဟာကို အပြည့်အဝထောက်ခံတယ်လို့ မှတ်ယူလို့ရလား ဘယ်လိုအခြေအနေရှိပါသလဲဗျ။

    ဖြေ- ဟုတ်ကဲ့ ကျနော်တို့အနေနဲ့က PPST ကနေတာဝန်ယူတာဖြစ်တယ်၊ ထို့အတွက်ကြောင့်ပဲ မနေ့က(ဧပြီ ၄)  PPST အစည်းအဝေးမှာ ကျနော်တို့ ပြန်ပြီးတော့ တင်ပြတဲ့အခါကြတော့ ကျနော်တို့တွေလည်း ကြိုဆိုတယ် ထောက်ခံတယ် ဆိုတဲ့အဆင့်အထိ ဖြစ်သွားတာဖြစ်ပါတယ်၊ ပြီးတော့ ကျနော်နားလည်တာက အဲ့ဒီ Process မှာပါတဲ့အဖွဲ့တွေအသီးသီးအနေနဲ့လည်းပဲ  အခုကျတော်တို့ ဖက်ဒရယ် Charter လို့ခေါ်တဲ့အချက်တွေကို ကျနော်တို့ကြည့်မယ်ဆိုရင် နံပါတ် (၁) က အဲဒီမှအရေးကြီးတာက သူတို့လုပ်ချင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံပါတယ်၊ ပြီးတော့နိုင်ငံရေး အခြေခံလမ်းညွှန်မူ ၅ ချက်ပါတယ်၊ အဲဒီအခြေခံလမ်းညွှန်မူ ၅ ချက်က ကျနော်တို့ကြည့်မယ်ဆိုရင်၊ ကျနော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအခြေခံမူနဲ့ ဖက်ဒရယ်အခြေခံမူတွေကို ထင်ထင်ရှားရှား ပေါ်လွင်စေခဲ့တယ်၊ အဲဒီလမ်းညွှန်မူ ၅ ချက်အပြင် အခြေခံမူ ၃၇ ချက်ပါတယ်၊ အဲဒီ ၃၇ ချက်ကို ကျနော်တို့ကြည့်မယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေက ဖက်ဒရယ်ကို တစိုက်မတ်မတ်တောင်းဆိုခဲ့တာ ၁၉၆၁- ၆၂ ကတည်းကထင်တယ်၊ ဆိုတော့ အဲဒီကာလကတည်းက “ရှမ်းမူ”လို့ ကျနော်တို့ထုတ်ပြန်ခဲ့တယ်၊ ဖက်ဒရယ်အခြေခံမူရဲ့ အနှစ်သာရဖြစ်တယ်၊  အခု CRPH ကထုတ်ပြန်တဲ့ ဖက်ဒရယ် Charter ထဲမှာပါတယ်၊ ပြီးတော့ကျနော်တို့ ၈၈၈၈ အရေးတော်ပုံပြီးနောက်ပိုင်းမှာ ကျနော်တို့  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်လို့ခေါ်တဲ့ UNLD ကနေပြီးတော့ စုစည်းလိုက်တဲ့ဖက်ဒရယ်အခြေခံမူရဲ့ အနှစ်သာရတွေလည်းပါတယ်၊ ပြီးတော့ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ သဘောတူလက်မှတ်ရေးထိုးထားတဲ့ ၁၉၉၀ ခုနှစ် မာနယ်ပလော သဘောတူစာချုပ် ရဲ့အနှစ်သာရတွေလည်းပါတယ်၊ နောက်ပိုင်း မယ်သရောထ သဘောတူစာချုပ်၊ လောခီးလာ သဘောတူစာချုပ်၊ လိုင်ဇာ သဘောတူစာချုပ် စတဲ့သဘောတူစာချုပ်အသီးသီးရဲ့ အနှစ်သာရတွေပါတယ်၊ ပြီးတော ၂၀၀၅ မှာကျနော်တို့ ဒီမိုကရေစီအင်အားစုများနဲ့ ကျနော်တို့တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး၊ လက်နက်ကိုင် တော်လှန်ရေးအပါအဝင်ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့၊ဖက်ဒရယ်လမ်းညွှန်မူ အခြေခံ ၈ ချက်ဆိုတဲ့ အချက်လေးတွေပါတယ်။ ပြီးတော့အဲဒီအခြေခံမူကနေ ကျနော်တို့ပြုစုလိုက်တဲ့ FCDCC ရဲ့ အခြေခံမူတွေအားလုံးလည်းပါတယ်၊ပြီးတော့ ကျနော်တို့  PPST ကနေပြီးတော့ ပြင်ဆင်လိုက်တဲ့ အခြေခံမူတွေအားလုံးလည်း အဲဒီမှာ အနှစ်သာရအားဖြင့် အားလုံးပါတယ်။

    ထို့အတွက်ကြောင့်  ကျနော့်အမြင်မှာတော့ အခု CRPH ကထုတ်ပြန်လိုက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်စာတမ်းဆိုတာ၊ ကျနော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်း ၇၀ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအခြေခံမူ ဖက်ဒရယ်အခြေခံမူတွေကို ပေါ်ပေါ်လွင်လွင် ထင်းရှားစေနိုင်တယ်၊ အပြည့်အစုံမဟုတ်သော်လည်း ကျနော်တို့လိုချင်တဲ့ အနှစ်သာရတော့ အားလုံးပါတယ်၊ ထို့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ကတော့လက်ခံတယ်၊ အပြည့်အဝ ထောက်ခံတယ်ဆိုတာကို ကျနော်ပြောချင်တယ်။

    မေး- ဟုတ်ကဲ့ဆရာ ကျေးဇူးပါ၊ နောက်တစ်ခုတော့လေ တချို့တော့ကြားတာပေါ့လေ၊ ဆရာတို့ CNF ကတော့ ဒီပဋိဉာဉ်ကို အပြည့်အဝထောက်ခံတယ်လို့ ပြေသံကြားတယ်လေ၊ ဒါပေမယ့်လက်မှတ်ထိုးထားတယ်၊ တချို့သောအဖွဲ့ ဥပမာ KIA ဆိုရင် တချို့ကဆိုရင်မပါဘူး၊ အပြည့်အဝ မပါနိုင်ဘူး၊ သဘောတူညီမှုမရသေးဘူး ဆိုတဲ့အသံတွေလည်း ထွက်နေတယ်၊ အဲဒီဒါရော ဘယ်လိုအခြေအနေရှိလဲ၊ KIA ဒါကိုအပြည့်အဝထောက်ခံတယ်လို့လည်း မပြောဘူးဆိုတဲ့အသံတွေထွက်နေတယ်ဆိုတော့လေ ဘယ်လိုမျိုးကျနော်တို့နားလည်ရမလဲဗျ။

    ဖြေ- ဟုတ်ကဲ့ အဲဒီမှာတချို့ရဲ့ တွေဝေမှုပေါ့နော်၊ အပြင်လူတွေကကြားတဲ့အခါကြတော့ တွေဝေမှုတွေရှိကောင်းရှိနိုင်တယ်၊ အဲဒီပဋိဉာဉ်စာတမ်းကိုကြည့်မယ်ဆိုရင်၊ အပိုင်း ၁ နဲ့ အပိုင်း ၂ ဆိုပြီးတော့ရှိတယ်၊ ဆိုတော့အပိုင်း ၁ ကတော့ ကျနော်တို့အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးကိုထူထောင်တဲ့အခါမှာ ဘယ်လိုအခြေခံမူတွေနဲ့ ဘယ်လိုလမ်းညွှန်မူတွေနဲ့ ထူထောင်ကြမလဲဆိုတာကို အဲဒါအရေးကြီးတာပဲ၊ ကျနော်တို့အတွက်အဓိက အရေးကြီးတာက အပိုင်း ၁ ဖြစ်တယ်၊ ဆိုတော့အဲဒီအပိုင်း ၁ မှာ စောစောက ကျနော်ပြောသလို လမ်းညွှန်မူ ၅ ချက်နဲ့ အခြေခံမူ ၃၇ ချက်က ဘယ်သူမှမငြင်းဘူး၊ ကျနော်သိသလို တိုင်းရင်းသားအားလုံးက ဘယ်သူမှမငြင်းဘူး၊ ဆိုတော့အဲဒီအပေါ်မှာကျနော်တို့ အပြည့်အဝထောက်ခံတယ်၊ အပြည့်အဝ အားပေးတယ်ဆိုတာ ကျနော်တို့ပြောတာဖြစ်တယ်၊ 

    သို့သော်အပိုင်း ၂ ကတော့ CRPH အနေနဲ့ကတော့ ရှေ့ဆက်ဆောင်ရွက်ရမယ့် National Unity Government ဖွဲ့စည်းရေးကိစ္စ၊ National Unity Consultative Council ကိစ္စလို အတိုင်ပင်ခံကောင်စီဖွဲ့စည်းရေးကိစ္စတွေလိုဟာမျိုးဖြစ်နေတော့ အဲဒါလုပ်ငန်းသဘောဆောင်တယ်၊ အဲဒီလုပ်ငန်းသဘောကတော့ CRPH ကသူတို့သင့်တော်သလို၊ ပြုပြင်ပြောင်းလဲပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ကျနော့အနေနဲ့ကတော့  သိပ်အရေးမကြီးဘူးလို့မြင်တယ် အရေးမကြီးတာမဟုတ်ဘူး၊ ကျနော်တို့အနေနဲ့ ထောက်ခံဖို့ မထောက်ခံဖို့ ဆိုတဲ့နေရာမှာ သိပ်ပြီးတော့ ဝိဝါဒ ကွဲပြားစရာအကြောင်းမရှိဘူးလို့ ကျနော်မြင်ပါတယ်။

    တချို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း  အပိုင်း ၁ တော့အပြည့်အဝ ထောက်ခံတယ်၊ ဒါပေမယ့် အပိုင်း၂ ကိုတော့ လေ့လာရအုံးမယ် သုံးသပ်ရအုံးမယ် ဆိုတဲ့အသံတွေကျနော်တို့လည်းကြားနေရပါတယ်။ ကျနော့်အမြင်မှာတော့ အပိုင်း ၂ ကတော့ လတ်တလော CRPH ရဲ့လုပ်ငန်းနဲ့ပတ်သက်နေတာဖြစ်တဲ့အတွက် သူတို့အဆင်ပြေသလို ဆောင်ရွက်ပါစေ၊ ဒါကတော့ကျနော်တို့နဲ့ တိုက်ရိုက်ပတ်သက်တဲ့ကိစ္စ မဟုတ်သေးဘူးလို့ ကျနော်အဲဒီလိုပဲသုံးသပ်ပါတယ်။ ထို့အတွက်ကြောင့် ကျနော်အပြည့်အဝထောက်ခံတယ်ဆိုတဲ့အပိုင်းက —

    မေး- နောက်တစ်ခုကဆရာ၊ အခုချိန် CRPH ရဲ့ပဋိဉာဉ်ထဲမှာပေါ့လေ ကျနော်တစ်ခုတွေ့မိတာ ထူးထူးခြားခြားက ဘာလဲဆိုတော့ ပြည်ထောင်စုကို အပ်နှင်းရမယ့် ဥပဒေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးကို အပ်နှင်းရမယ့်ဥပဒေကို သီးခြားထားရမယ်ဆိုတာပါတယ်လေ  သို့သော်တချို့ဟာကတော့  ကြွင်းကျန်အာဏာဆိုတဲ့ဟာမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးကို အပ်နှင်းရမယ်ဆိုတာတစ်ချက်တွေ့မိတယ်ဗျ၊ အဲဒီဟာက ကြွင်းကျန်အာဏာကို ပြည်နယ်နဲ့တိုင်းဒေသကြီးမှာထားမယ်ဆိုတော့ စိုးရိမ်စရာတော့မရှိနိုင်ဘူးလားပေါ့၊ ဘယ်လိုမျိုးစဉ်းစားချက်တွေရှိလဲဆရာ

    ဖြေ- ကြွင်းကျန်အာဏာဆိုတာက အမှန်အားဖြင့် ကျနော်တို့သိပ်ပြီးတော့ အန္တရာယ်ကြီးတဲ့ကိစ္စမဟုတ်ဘူးလို့ ကျနော်ကတော့မြင်တယ်၊ ကြွင်းကျန်အာဏာဆိုတာကတော့  အခုကျနော်တို့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမယ်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမယ်၊ ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ကိုသတ်မှတ်မယ်၊ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်ကိုသတ်မှတ်မယ်၊ ပြီးတော့ ပြည်ထောင်စုနဲ့ ပြည်နယ်ပူးတွဲဆောင်ရွက်မယ့် Concurrent Power ကို သတ်မှတ်မယ်၊ ဆိုတော့အဲဒီမှာကို တော်တော်လေးပြည့်စုံနေပြီ၊ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ ကျနော်တို့ ဥပဒေကို ပြလို့ပြရမှန်းမသိသေးတဲ့ကိစ္စပေါ့၊ နောက်နောင်မှာလူအားလုံး ပြဌာန်းဖို့လိုအပ်တဲ့ ဥပဒေရှိလာရင် အဲဒါက ဘယ်သူကလုပ်နိုင်သလဲဆိုတဲ့ကိစ္စပါပဲ၊ ဆိုတော့ အဲဒီမှာ ပြည်နယ်ဖက်က လုပ်ဖို့ပိုများတယ် ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုကိုစထူထောင်ကတည်းက ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်၊ ပူးပေါင်းအုပ်ချုပ်မယ်၊ ပူးပေါင်းစီမံခန့်ခွဲမယ်ဆိုတဲ့ဟာတွေ ပါတာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသေးစိတ် ရေးထားပြီးသားရှိရမယ်၊ ပြည်နယ်တွေကိုပေးတာလည်းရေးထားပြီးသားရှိရမယ်၊ ပြည်ထောင်စုနဲ့ပြည်နယ်ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စလည်းရေးထားပြီးသားရှိရမယ် ဆိုတော့ ကြွင်းကျန်တယ်ဆိုတာ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ ရေးဖို့လိုအပ်မှန်းမသိလို့ နောက်နောင်မှာပေါ်လာလတ္တံ့သောကိစ္စ ပေါ်လာခဲ့ရင်ရှိသော်၊ ပြည်နယ်ကတိုင်ပင်လုပ်ရသလား ၊ ပြည်ထောင်စုကတိုင်ပင်လုပ်ရသလား ဆိုတော့အဲဒါမျိုးကတော့ များသောအားဖြင့်တော့ ပြည်နယ်ကိုပေးလိုက်တာ ပိုပြီးတော့သင့်တော်တယ်၊ နောက်နောင်မှာပေါ်လာတဲ့ကိစ္စမျိုးကတော့  ပြည်နယ်အရေးတွေပဲများတတ်တယ်၊ ထို့အတွက်ကြောင့် ဒါအန္တရာယ်မရှိဘူးလို့ ကျနော်တို့ပြောတာပဲဖြစ်တယ်။

    မေး- ဟုတ်ကဲ့ဆရာ နောက်တစ်ခုက ဖြည့်စွက်မေးချင်တာက မမျှော်လင့်ဘဲစစ်လက်နက်ပစ္စည်းပဲ ဖြစ်ဖြစ် လုပ်ငန်းပိုင်းဆိုင်ရာပဲဖြစ်ဖြစ် အကောင်အထည်ဖော်ဖို့ကိစ္စတွေဖြစ်လာပြီဆိုရင်၊ ဒီကြွင်းကျန်အာဏာက ဗဟိုကမထိန်းထားဘဲနဲ့  ပြည်နယ်ကထိန်းထားမယ်ဆိုရင်  တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်ကြားမှာရော သဟဇာတ ဖြစ်အောင် ထိန်းနိုင်ပါ့မလားပေါ့လေ၊ ဘယ်လိုပုံစံမျိုး အခက်အခဲတွေဖြစ်လာနိုင်ခြေမရှိဘူးလားပေါ့။

    ဖြေ- ခုဏ ဆရာပြောတဲ့ဟာလိုမျိုးပေါ့နော်၊ စစ်လက်နက်ထုတ်ဝေရေးလိုဟာမျိုး ပြီးတော့ ပြည်ထောင်စုတစ်ခုလုံးအတိုင်းအတာနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်ဆက်ဆံရေးကို နောက်နောင်မှာ ထိခိုက်အန္တရာယ်ပေးနိုင်တဲ့ ကိစ္စမျိုး ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးကတော့ ကျနော်တို့ ပြည်ထောင်စုစနစ် ဖက်ဒရယ်စနစ်နဲ့သွားမယ်ဆိုရင်၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ထဲမှာ ထည့်ထားပြီးသားဖြစ်ရမယ်၊ လုပ်ငန်းအနေနဲ့ မပေါ်သေးရင်တောင်မှ လုပ်ပိုင်ခွင့်ဘောင်ကတော့ ပြည်ထောင်စုထဲမှာပဲရှိရမယ်၊ ပြီးတော့ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်မှာတော့ ရှိထားပြီးသားကိုလည်း မည်ကဲ့သို့သောကဏ္ဍမျိုးကို ပြည်ထောင်စုကိုပေးမလဲ၊ မည်ကဲ့သို့သောကဏ္ဍမျိုးကို ပြည်နယ်ကိုပေးမလဲ ဆိုတာကို ကျနော်တို့အနေနဲ့ ကဏ္ဍအနေနဲ့ခွဲရမှာဖြစ်တယ်၊ ဆိုတော့ခုနက ဆရာပြောသလို လုပ်ငန်းအနေနဲ့ဆိုရင်၊ လုပ်ငန်းအသစ်ပေါ်ရင်လည်း ဒါက ပြည်ထောင်စုကဏ္ဍထဲမှာပါတဲ့ လုပ်ငန်းဖြစ်တယ်ဆိုရင်၊ အလိုအလျောက်ပြည်ထောင်စုထဲမှာ လုပ်သွားကိုင်မှာဖြစ်တယ်၊ ပြီးတော့ ပြည်နယ်ကဏ္ဍမှာပါတဲ့လုပ်ငန်း အသစ်တွေပေါ်လာတယ်ဆိုရင် ပြည်နယ်ကပဲအဲဒီ ကဏ္ဍအတွင်းမှာ ပြည်နယ်ကဆောင်ရွက်သွားမှာဖြစ်တယ်၊ အဲဒီအတွက်ကြောင့် ကြွင်းကျန်အာဏာ ဆိုတဲ့ကိစ္စမျိုးကတော့ အဲဒီလောက်ကဏ္ဍခွဲခြားပြီးသားဘောင်ထဲက မဟုတ်ရပါဘူး၊ အဲဒီအတွက်ကြောင့် အန္တရာယ်မရှိဘူးလို့ ကျနော်ပြောချင်ပါတယ်။

     မေး- ဟုတ်ကဲ့ဆရာ နောက်တစ်ခုကတော့ အခုဆိုရင် တော်တော်များများကမျှော်လင့်နေတဲ့ ဖက်ဒရယ်တပ်မတော်ပေါ့လေ၊ တိုင်းရင်းသား EAOs တွေကလည်းဒါကိုကြိုးပမ်းနေတယ်

    CRPH ကလည်းကြိုးပမ်းနေတယ် ပြည်သူလူထုကလည်းဒါကိုမျှော်လင့်နေတယ်၊ ဆိုတော့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတဲ့အထဲမှာ NCA ထိုးထားတဲ့အဖွဲ့ပဲဆိုရမှာပေါ့နော် အဲအဖွဲ့ထဲမှာရော ဘယ်အဖွဲ့တွေက ပါဝင်ဖို့ရှိပါသလဲ၊ ပါဝင်ဖို့စိတ်ပိုင်းဖြတ်ထားတာရှိလဲဗျ၊ NCA မထိုးရသေးတဲ့အဖွဲ့တွေဆိုရင်ရော၊ ဘယ်အဖွဲ့တွေကပါဝင်ဖို့ဆုံးဖြတ်ထားလဲဆိုပြီးကြားမိတာရှိသလဲဗျ။

    ဖြေ- ကျနော်က PPST ရဲ့ပြောရေးဆိုခွင့်ရှိသူအနေနဲ့ပြောနေတာဖြစ်တယ်ဆိုတော့ ကျနော်တို့ PPST ကျတော့ NCA စာချုပ်ကို အခြေခံပြီးတော့ ဖွဲ့စည်းတဲ့စုဖွဲ့မှုဖြစ်ပါတယ်၊ ဆိုတော့ ကျနော်တို့ရဲ့လုပ်ပိုင်ခွင့် ကျနော်တို့ရဲ့ပြောဆိုပိုင်ခွင့်က NCA စာချုပ်နဲ့ ပတ်သက်ပြီးတော့ အဆင်ပြေသလား မပြေဘူးလား ဘယ်လိုဆက်သွားမလဲ ဆိုတဲ့အပိုင်းတွေကို ကျနော်တို့ဆောင်ရွက်နေတဲ့ကိစ္စဖြစ်တယ်၊ ခုဏပြောနေတဲ့ကိစ္စက PPST ဘောင်အပြင်ကနေ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ဆောင်ရွက်ရမယ့် နိုင်ငံရေးကိစ္စနဲ့ စစ်ရေးကိစ္စတွေဖြစ်တယ်၊ အဲဒီအပိုင်းကတော့ ကျနော်တို့ PPST အနေနဲ့ဆုံးဖြတ်လို့မရဘူး၊ PPST ရဲ့အပြင်မှာပဲ ကျနော်တို့လိုအပ်လို့ရှိရင် ကျနော်တို့ ဘယ်ပုံသဏ္ဍာန်နဲ့ စုဖွဲ့မှုတွေပြန်လုပ်မလဲ စစ်ရေး နိုင်ငံရေးကဏ္ဍ ၂ ခုစလုံးကို ဆောင်ရွက်နိုင်သော တပ်ပေါင်းစုဖွဲ့စည်းဖို့လိုသလား၊ ရှိပြီးသားကိုပဲ ကျနော်တို့အသုံးချမလား ဆိုတာ ကျနော်တို့က လူကြီးတွေဆွေးနွေးရမယ့်ကဏ္ဍဖြစ်ပါတယ်။

    ကျနော်လည်းဒီအနေအထားမှာတော့ PPST ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနဲ့ ဒီကဏ္ဍကို တင်ပြဆွေးနွေးပိုင်ခွင့်မရှိသေးဘူးလို့ နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

    မေး- ဟုတ်ကဲ့ပါဆရာ နောက်တစ်ခုကလေဆရာ ဒါကတော့ ဆရာ့ရဲ့ အတွေ့အကြုံအရရော EAO တစ်ယောက်အနေနဲ့ရောပေါ့လေ ဘာလဲဆိုတော့  ဖက်ဒရယ်တပ်မတော်ကို တိုင်းရင်းသားတွေက အရင်တုန်းကလည်းဖွဲ့စည်းခဲ့ဖူးတယ်ပေါ့လေ ဥပမာ အနီးစပ်ဆုံး UNFC ရဲ့အောက်မှာ FUA ဆိုပြီးဖွဲ့ခဲ့ဖူးတယ်ပေါ့လေ၊ နောက်ပိုင်းတွေကျတော့ပြန်ကွဲသွားတာရှိတယ် ဆိုတော့ ပြည်သူလူထုမျှော်လင့်တဲ့ဟာကတော့ မျှော်လင့်ချက်ပဲမဟုတ်ဘဲနဲ့ လက်တွေ့ကျနိုင်တဲ့ ဖက်ဒရယ်တပ်မတော်ကိုဖွဲ့စည်းနိုင်တဲ့ အလားအလာရှိနိုင်လား ဆရာအနေနဲ့ဘယ်လိုမြင်လဲဗျ။

    ဖြေ- အခုလက်ရှိဖြစ်ပျက်နေတဲ့ ကျနော်တို့တိုင်းပြည်အခြေအနေက ဖြစ်ပေါ်ခဲ့ဖူးတဲ့ နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံရေးအခြေအနေနဲ့လုံးဝမတူဘူး၊ အခုစစ်တပ်ကနေပြီးတော့ သူတို့ကိုယ်တိုင်ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီးတော့မှ ဥပဒေပြင်ပကနေ ဥပဒေနဲ့အာဏာသိမ်းတာဖြစ်တယ်။  ဆိုတော့အဲဒီအာဏာသိမ်းတာကိုလည်း ပြည်သူလူထုကနေပြီးတော့ CDM လှုပ်ရှားမှုနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာရှိတယ်၊ အဲလိုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူလူထုကို အခုလိုအကြမ်းဖက်ဖြိုခွင်းပြီးတော့ လူ ၅၀၀ ကျော် အသက်ဆုံးရှုံးတယ်ဆိုတာ ကျနော်တို့တိုင်းပြည်မှာ မရှိဖူးတဲ့အတွေ့အကြုံဖြစ်တယ်၊ အဲဒီအတွက်ကြောင့် အခုအခြေအနေက ကျနော်တို့အားလုံးက ပြောရရင် ဝမ်းလည်းဝမ်းနည်းတယ်၊ တုန်လည်းတုန်လှုပ်တယ်၊ စစ်တပ်ရဲ့ ဒီလောက်သောင်းကျန်းမှုကြီးကိုတော့ ကျနော်တို့တော်တော်ကို အံ့သြမိတယ်၊ ဒီလိုအခြေအနေမျိုးမှာတောင် ကျနော်တို့ အနေနဲ့ယခင်ကမစဉ်းစားဖူးတဲ့ ပြည်သူလူထုကာကွယ်ရေး ပြည်သူလူထုကိုအကာအကွယ်ပေးမယ့် နိုင်ငံရေးပုံစံနဲ့ စစ်ရေးပုံစံတော့ လိုအပ်နေပြီဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်အရ ကျနော်တို့ပြည်သူလူထုနဲ့ တစ်သားထဲ အလုပ်လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက သော်လည်းကောင်း၊ CRPH ကသော်လည်းကောင်း၊ ဒါမှမဟုတ် ပြည်သူလူထုကိုယ်စား  ဆောင်ရွက်ချင်တဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကသော်လည်းကောင်း နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာကြလိမ့်မယ်လို့ ကျနော်အဲလိုပဲ သုံးသပ်မိပါတယ်။ သို့သော်ဘယ်လိုဖြစ်မလဲ ၊ ဘယ်လိုလုပ်ကြမလဲဆိုတာကိုတော့ ကျနော့်အနေနဲ့လည်း ပြောဖို့ခက်ပါတယ်၊ အဲဒီအတွက်ကြောင့် အဲလောက်ပဲကျနော်ဖြေနိုင်ပါတယ်။

    မေး- နောက်တစ်ခုကလေဆရာ ဒီပဋိဉာဉ်စာချုပ်ထဲမှာ ဘာပါအလဲဆိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့လုပ်နေတယ်ပေါ့လေ၊ ဖွဲ့စည်းနေပြီး ဒီလထဲမှာပဲချပြမယ်လို့ပြောတယ်၊ အဲဒီအထဲမှာ EAOs တွေအနေနဲ့ ဘယ်အဖွဲ့တွေပါဝင်ဖို့ရှိလဲဗျ၊ ဘယ်လိုခြေအနေလေးတွေရှိလဲ

    ဖြေ- အဲဒါကို တစ်ခြားအဖွဲ့အစည်းတွေရဲ့အနေအထားကိုကျနော်တို့ပြောဖို့ခက်တယ်၊ ပြောဖို့လည်းကျနော့်မှာတာဝန်မရှိဘူး၊ ပြောလည်းမပြောသင့်ဘူးပေါ့နော်၊ ကျနော်တို့ CNF အနေနဲ့လည်းပဲ ကျနော်တို့ရှေ့ဆက်မှုတွေတော့အမျိုးမျိုးရှိတာပေါ့ သို့သော် ကျနော်တို့ ချင်းပြည်သူတွေရဲ့လိုလားချက်ကို ကျနော်တို့ပြန်ကြည့်မယ်ဆိုရင်၊ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ ချင်းပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကြေညာချက်တစ်ခုထွက်လာတယ်၊ အဲဒီကြေညာချက်ထဲမှာ ကျနော်တို့ချင်းလူမျိုးရဲ့ အနေအထားက ပင်လုံစာချုပ်မချုပ်ဆိုခင် အနေအထားကိုပြန်ရောက်ရှိသွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကနေပြီးတော့ အခုလိုအာဏာသိမ်းပြီးတော့ ကျနော်တို့ဥပဒေမဲ့ အာဏာသိမ်းပြီးတော့ ဆောင်ရွက်တဲ့ ပုံစံမျိုးက ကျနော်တို့ ပင်လုံစာချုပ် မချုပ်ဆိုခင်တုန်းကအနေအထားကို ပြန်ရောက်အောင် တွန်းပို့တယ်ဆိုပြီးတော့ အဲဒီကြေညာချက်ထဲမှာပါတယ်။ ထို့အတွက်ကြောင့်သူတို့က ကြေညာချက်ထဲမှာ အဲဒါကျနော်တို့ CNF ရဲ့ကြေညာချက်မဟုတ်ဘူးနော် မြို့နယ် ၉ မြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကဖြစ်တယ်၊ ဆိုတော့အဲဒီသူတို့ရဲ့ကြေညာချက်ထဲမှာ ချင်းပြည်ကို ပြန်လည် အုပ်ချုပ်စီမံဖို့အတွက် ၁၈၉၆ — နဲ့ ၁၉၄၈ ချင်းဝိဒေသတိုင်းအက်ဥပဒေအရဆောင်ရွက်မယ်ဆိုတာတွေ ရှိလာပါတယ်။ ထို့အတွက်ကြောင့်ကျနော်တို့မလွဲမတွေစဉ်းစားဖို့လိုအပ်တာက ဆောင်ရွက်ဖို့လိုအပ်တာက  ဒီအချိန်မှာ တပ်မတော်က စစ်တပ်က ပြည်သူလူထု အသက်အိုးအိမ်ကိုကာကွယ်ပေးမယ့် တပ်မတော် မဟုတ်တော့ဘူး ပြည်သူလူထုကို အကြမ်းဖက်နှိမ်နှင်းနေတဲ့ CRPH ရဲ့ကြေညာချက်အတိုင်းပြောရမယ်ဆိုရင် သူတို့ကသောင်းကျန်းသူအဖွဲ့အစည်းဖြစ်နေပြီ၊ ဆိုတော့ ကျနော်တို့ချင်းပြည်သူလူထုအသက်အိုးအိမ်ကို ကာကွယ်ပေးမယ့်ကိစ္စကလည်း ချင်းတို့အဖွဲ့အစည်းထဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်စီမံရေးအတွက် လိုအပ်နေသော လုပ်ငန်းတွေက အများကြီးပေါ်လာပါတယ်။ နိုင်ငံရေးအရရောပေါ်လာတယ်၊ စစ်ရေးအရလည်းပေါ်လာတယ်၊ ကာကွယ်ရေးအရရော ပြီးတော့ စီးပွားရေး စီမံခန့်ခွဲမှုအရလည်းပေါ်လာတယ်၊  ဒီလုပ်ငန်းတွေကတော့ ကျနော်တို့ မလွဲမတွေစဉ်းစားပြီးတော့မှ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုဆောင်ရွက်မလဲ ဘယ်လိုလုပ်မလဲဆိုတာကို ကျနော်အနေနဲ့လည်းမပြေနိုင်သေးဘူး၊ ဆိုတော့ ပြည်နယ်အသီးသီးလည်း အားလုံးလိုက်ပြီးတော့ ဒီအချိန်မှာစဉ်းစားနေကြပြီလို့ ကျနော်မြင်ပါတယ်။  ပြီးတော့အဲဒီပြည်နယ်အသီးသီးက စဉ်းစားမှုနဲ့ CRPH ရဲ့စဉ်းစားမှုကို ကျနော်တို့ ဘယ်လိုချိတ်ဆက်မလဲဆိုတာကိုကျနော်တို့ ညှိနှိုင်းဖို့လိုအပ်မယ်လို့ကျနော်မြင်ပါတယ်။ အခုချိန်မှာ CRPH အနေနဲ့ ဗဟိုဦးစီးစနစ်နဲ့ ပြည်ထောင်စုမှာအစိုးရဖွဲ့ပြီးတော့ ပြည်နယ်အသီးသီးပါဝင်လာကြ ပူးပေါင်းကြဆိုတဲ့ ပုံစံမျိုးနဲ့ကတော့ အလုပ်ဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ဘူးလို့မပြောဘူး သို့သော်ဒီအချိန်မှာတော့ ဖက်ဒရယ်စနစ်ကိုသွားမယ်ဆိုရင် ဖက်ဒရယ်စနစ်မှာတော့ ပြည်နယ်အခြေခံ ပြီးတော့အလုပ်လုပ်ဖို့လိုတယ်၊ ထို့အတွက်ကြောင့် ပြည်နယ်အသီးသီးကနေပြီးတော့ မိမိတို့ပြည်နယ်ရဲ့ စီမံအုပ်ချုပ်မှု ၊ကာကွယ်မှု ၊ စီးပွားရေးလူမှုရေးကဆောင်ရွက်မှုတွေက  အသီးသီးဆောင်ရွက်ဖို့လိုအပ်တဲ့ကာလဖြစ်တယ်၊ လုပ်နိုင်၏ မလုပ်နိုင်၏က လိုအပ်ချက်အရလုပ်ကိုလုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ အဲလိုပဲသုံးသပ်ပါတယ်ဆရာ။

    မေး- ဟုတ်ကဲ့ဆရာ ဒါဆိုရင် ဒီ ၂၀၀၈ ကတော့ပြတ်သွားပြီပေါ့လေ ဒါပေမယ့် တစ်ဖက်က နစက ကလည်းသူ့ဟာသူ အကောင်အထည်ဖော်နေတာရှိတယ်ပေါ့လေ ဆိုတော့ ၂၀၀၈ ဖြတ်ပြီဆိုရင် NCA ကရော ဘယ်လိုဖြစ်မလဲ ဆရာတို့ EAOs ကရော  PPST အနေနဲ့ဆိုရင် NCA ကို ဘယ်လိုသဘောထားမလဲဗျ ၊ တစ်ဖွဲ့ချင်းအနေနဲ့ဆိုရင် ဘယ်လိုသဘောထားလဲ?

    ဖြေ- NCA စာချုပ်ဆိုတာဆရာ၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ချုပ်ဆိုတဲ့စာချုပ်ဖြစ်တယ်၊ အစိုးရနဲ့ချုပ်ဆိုတဲ့စာချုပ်ဖြစ်တဲ့အတွက် အဲဒီစာချုပ်ချုပ်ဆိုပြီးတဲ့နောက်ပိုင်း အစိုးရသက်တမ်းတစ်ခုကို ကျနော်တို့ ဖြတ်သန်းပြီးဖြစ်တယ်၊ ဆိုတော့ အဲဒီအတွက်ကြောင့် အစိုးရနဲ့ချုပ်ဆိုတဲ့စာချုပ်ဖြစ်တယ်၊ အဲဒီမှာနိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကြီးများ၊ လွှတ်တော်နာယကကြီးများ ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ လက်မှတ်ရေးထိုးပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုထားပြီးသားစာချုပ်ဖြစ်တယ်၊ထို့အတွက်ကြောင့် အဲဒီစာချုပ်ကတော့ခိုင်မာတယ်၊ ဒီအတိုင်းရှိမယ်၊ သို့သော်အဲဒီစာချုပ်အရ ဆောင်ရွက်နေတဲ့ လုပ်ငန်း နိုင်ငံရေးအဆွေးနွေးပွဲကတော့ ကျနော်တို့ရဲ့ ဆွေးနွေးခဲ့ဖြစ်တဲ့ အစိုးရက လက်ရှိအချိန်မှာမရှိဘူး ဘာဖြစ်လို့လဲဆိုတော့ အာဏာသိမ်းစစ်ကောင်စီက သူတို့ကို ဖမ်းထားတယ် ချုပ်နှောင်ထားတယ်၊ ထို့အတွက်ကြောင့် ကျနော်တို့ပါတနာမဲ့ဖြစ်နေတယ်၊ ကျနော်တို့ပြန်စဉ်းစားပြီးတော့ သတိရဖို့လိုအပ်နေတာက NCA စာချုပ်ကို စစ်တပ်နဲ့ချုပ်တာမဟုတ်ဘူး အစိုးရနဲ့ချုပ်တာဖြစ်တယ်၊ ထို့အတွက်ကြောင့် ကျနော်တို့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို စစ်ကောင်စီနဲ့မလုပ်ဘူးလို့ ကျနော်တို့ကြေညာထားတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာချုပ်က စစ်တပ်နဲ့ ချုပ်ဆိုတာမဟုတ်ဘူး အစိုးရနဲ့ ချုပ်ဆိုတာဖြစ်တယ်၊ ဆိုတော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ပြန်ပြီးတော့ အာဏာပေးတဲ့နေ့ အဲဒါဆိုရင် ကျနော်တို့ NCA စာချုပ်အရ ကျနော်တို့နိုင်ငံရေးဆွေးနွေးပွဲကို လိုအပ်ရင်ပြန်အကောင်အထည်ဖော်လို့ရတယ်၊ မလိုအပ်တော့ဘူးအခု CRPH လုပ်ထားတဲ့ Charter အတိုင်းဆောင်ရွက်မယ်ဆိုရင် ဒီအတိုင်းဆောင်ရွက်လို့ရပါတယ်၊ ကျနော့်အမြင်ကတော့ NCA စာချုပ်က  ခိုင်မာတယ် ဒီအတိုင်းရှိနေမယ်၊ ဒါပေမယ့် NCA စာချုပ်အရ ဆောင်ရွက်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ကတော့ စစ်တပ်က တစ်ဖက်သတ်ဖြေရှင်းလိုက်တယ်၊ ထို့အတွက်ကြောင့် ဒါကရပ်တန့်သွားတာဖြစ်တယ်လို့ ကျနော်အဲလိုတင်ပြချင်ပါတယ်။

    မေး- ဟုတ်ကဲ့ ဆရာပြောတဲ့အထဲမှာပါတယ်ပေါ့လေ NCA စာချုပ်က  စစ်တပ်နဲ့သီးသန့်ချုပ်ဆိုထားတာမဟုတ်ဘူး နိုင်ငံတော်အစိုးရနဲ့ချုပ်ဆိုတာဖြစ်တယ်၊ ပြီးတော့ပြည်ထောင်စုလွှတ်တော်မှာ သဘောတူထားတယ်လို့ပြောတာပေါ့လေ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဒီစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ဟာပေါ့လေ အခုစစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါတော့ ၂၀၀၈ ကို CRPH က ဖျက်လိုက်ပြီလို့လဲပြောတယ်၊ ဆိုတော့ ၂၀၀၈ အရပေါ်လာတဲ့ အစိုးရလည်းပြတ်သွားပြီးလို့ကျနော်နားလည်တာပေါ့လေ အဲတော့ NCA ကဘယ်လိုပုံစံမျိုး ဆက်ကျန်နေမလဲ ရပ်တည်သွားမလဲ?

    ဖြေ- ကျနော်တို့အနေနဲ့နားလည်ဖို့ဆိုတာက အစိုးရတစ်ရပ်ပေါ်တယ်ဆိုတာ ပြည်သူလူထုကရွေးကောက်တင်မြှာက်တဲ့ အစိုးရတစ်ရပ်ပေါ်တယ်ဆိုတာ ၂၀ပ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ပေါ်လာတာမဟုတ်ဘူး အခုလက်ရှိ ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပတဲ့ ရွေးကောက်ပွဲကနေ ပေါ်လာတာဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဆိုတာ ပြည်သူလူထုလက်ထဲမှာရှိတယ်၊ အဲဒီအချုပ်အခြာအာဏာကို ရွေးကောက်ပွဲကနေတစ်ဆင့် ပြည်သူလူထုက ကျင့်သုံးခွင့်ပေးလိုက်သော လူထုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်တဲ့အစိုးရဟာ တရားဝင်အစိုးရဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းခြင်း၊ မဖျက်သိမ်းခြင်းဆိုတာအဓိကမဟုတ်ဘူး ရွေးကောက်ပွဲကနေ ပြည်သူက ရွေးကောက်လိုက်တဲ့ ပြည်သူ့အစိုးရလက်ထဲမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ကျင့်သုံးပိုင်ခွင့် ရှိတယ်ဆိုတာ အရေးကြီးတယ်၊ ထို့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းသော်လည်း လူထုနဲ့လက်နှိပ်ပေးတဲ့အစိုးရက ရှိနေပါသေးတယ်၊ လူထုကိုယ်စားလှယ်တွေရှိနေသေးတယ်၊ သူတို့ကနြေပ်ီးတော့ အစိုးရတရားဥပဒေဖွဲ့လိုက်ရင်တော့ အဲဒီအစိုးရက တရားဝင်အစိုးရဖြစ်မယ် အဲဒီအစိုးရနဲ့ ကျနော်တို့စကားပြောမယ်။

    (ပြီးပါပြီ)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts