မွန်သတင်းအေဂျင်စီ (၁၅ မတ် ၂၀၂၁)
ရန်ကုန်တိုင်းဒေသကြီး ၆ မြို့နယ်တွင္ မတ်လ ၁၄ ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်ကြောင်း၊ အလားတူ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို အာမခံချက်ပေးရန်နှင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို မဖျက်ဆီးမိစေရန် တိုက်တွန်းပါကြောင်း ရန်ကုန်မြို့တရုပ်သံရုံးက ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ-နစကမှ အမိန့်ထုတ်ပြန်လိုက်ကြောင်း တွေ့ရှိရသည်။
အဆိုပါ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းမှူးကိုယ်တိုင်ဖြစ်စေ စစ်နယ်မြေမှူးများဖြစ်စေ တာဝန်လွှဲအပ်ပြီး ကျင့်သုံးနိုင်ကြောင်း နစကအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယမန်နေ့နေ့လယ်ပိုင်းက လှိုင်သာယာမြို့နယ် သပိတ်ကို စစ်သားများနှင့်ရဲများ အင်အားသုံးပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် အနည်းဆုံး လူ ၃၈ ထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းဖော်ပြသည်။
အဆိုပါဆန္ဒပြပွဲနှင့်ဆက်စပ်၍ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်ပိုင် ဂလိုဘယ်ဖက်ရှင် အထည်ချုပ်စက်ရုံနှင့် ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံတို့ကို သံတုတ်များ၊ ပုဆိန်များနှင့် ဓါတ်ဆီများ သယ်ဆောင်လာသော လူ ၂၀ ကျော်တို့က ဆိုင်ကယ်ဖြင့် လာရောက်ကာ လုံခြုံရေးများကို ရိုက်ပြီး စက်ရုံအဝင်ပေါက်များနှင့် ဂိုထောင်များကို မီးရှို့သည်ဟု တရုတ်သတင်း CGTN က ရေးသားသည်။
ယခု ဖျက်ဆီးလုယက်မီးရှို့ခံရသည့်လုပ်ရပ်သည် အခြေအနေအလွန်ပြင်းထန်ဆိုးဝါးလှပြီး မြန်မာအစိုးရဘက်မှ ထိရောက်သည့် အစီအမံဆောင်ရွက်၍ အကြမ်းဖက် လုပ်ရပ်အားလုံး ရပ်တန့်စေပြီး သက်ဆိုင်ရာကျူးလွန်သူအား ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးရန်၊ မြန်မာပြည်သူများကိုလည်း ဥပဒေနှင့်ညီညွတ်စွာ တောင်းဆိုချက်များကို ဖော်ထုတ်ရန် ရန်ကုန်မြို့ရှိ တရုပ်သံရုံးက သတိပေးထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့ထိ မတရားအကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၁၂၆) ဦးဖြစ်ပြီး လက်ရှိ အချိန်အထိ လူ (၁၈၃၇) ဦး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း သိရသည်။