Sunday, May 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင်မြို့ဆန္ဒပြပြည်သူများအား လုံထိန်းတပ်ဖွဲ့ဝင်များအင်အားသုံး လူစုခွဲပစ်ခတ် ၂ ဦးဒဏ်ရာရရှိ

    မော်လမြိုင်မြို့ဆန္ဒပြပြည်သူများအား လုံထိန်းတပ်ဖွဲ့ဝင်များအင်အားသုံး လူစုခွဲပစ်ခတ် ၂ ဦးဒဏ်ရာရရှိ

    -

    ဗညားပိုင် (၀၃ မတ် ၂၀၂၁)

    မော်လမြိုင်မြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူလူထုများအား မောင်ငံကွင်းရပ်နှင့် သီရိမြိုင်ရပ်ကွက်တို့တွင် ယနေ့ညနေပိုင်းအထိ လုံထိန်းတပ်ဖွဲ့ဝင်များ အင်အားသုံး၍ လူစုခွဲပစ်ခတ်သဖြင့် လူ ၂ ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

    ဆန္ဒပြသူများအားဖြိုခွင်းရန် စစ်သားနှင့်ရဲလုံထိန်းတို့ကို တင်ဆောင်လာသော စစ်ကားများက မောင်ငံကွင်းရပ်ကို ညနေ(၃)နာရီအချိန်ခန့်တွင် ဝင်ရောက်လာပြီး ဆန္ဒပြလူထုအား လူစုခွဲပစ်ခတ်ဖြိုခွင်းမှုတွင် ထွက်ကြည့်မိသော ကလေးငယ်တစ်ဦး ရာဘာကျည်ထိမှန်ခဲ့သည်။ 

    “အခု သီရိမြိုင်ရုပ်ရှင်ရုံလမ်းဆုံမှာ လုံထိန်းတွေကို ကာထားတယ်၊ ခုနက ကွင်းရပ်မှာ  သေနတ်နဲ့တစ်ခါ တရစပ်ပစ်ပြီးပြီ၊ အခုလူပြန်စုနေပြီ အရံအတားတွေလုပ်ထားတယ် ရဲတွေကို လေးခွတွေနဲ့ အဝေးကနေလှမ်းပြီးပစ်တာလည်း ရှိတယ်” ဟု သီရိမြိုင် လမ်းဆုံအနီး နေထိုင်သူတစ်ဦးက မွန်သတင်အေဂျင်စီသို့ ယနေ့ညနေ ၄ နာရီခွဲအချိန်တွင် ပြောကြားသည်။

    မောင်ငံရပ်ကွက်နှင့် ကွင်းရပ်ရပ်ကွက် ဧရိယာအတွင်း လုံထိန်းများရှင်းလင်းပစ်ခတ် ဖမ်းဆီးမှုများရှိခဲ့ကြောင်း၊ နေအိမ်၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် ကွမ်းယာဆိုင်အချို့ ဖျက်ဆီးခံရကြောင်း ရပ်ကွက်သားများက ဆိုသည်။

    ထိုနောက် ညနေ ၅ နာရီခွဲအချိန်ခန့်က လုံထိန်းတပ်ဖွဲဝင်များ သီရိမြိုင်လမ်းအတွင်း ဝင်ရောက်လာပြီး အတားအဆီးများကို သေနတ်ပစ်ခတ်ဖြိုခွင်းရာတွင်  လူငယ်တစ်ဦးသေနတ်ထိမှန်ခဲ့သည်။

    ယနေ့နေ့လယ်ပိုင်းအချိန်က အောက်လမ်းမကြီး သံလွင်ဈေးရှေ့မှ စစ်ကြောင်းနှင့် သီရိမြိုင်ရပ်မှ စစ်ကြောင်းတို့ စုပေါင်း၍ မောင်ငံကွင်းရပ်တွင် လုံထိန်းများနှင့် ထိပ်တိုက်တွေ့ကြပြီး လူစုခွဲခိုင်းခဲ့ပြီးနောက် ဆန္ဒပြပြည်သူလူထုများကလည်း လမ်းများကို ပြန်လည်ပိတ်ဆို့ထားခြင်း ဖြစ်သည်။

    မော်လမြိုင်မြို့ အောက်လမ်းမကြီး သံလွင်ဈေးရှေ့မှ ယနေ့နံနက်ပိုင်းက ဆန္ဒပြစစ်ကြောင်းဖြင့် ချီတက်ခဲ့ရာတွင် “We Don’t Accept MILITARY COUP”, “END THE DICTATORSHIP IN MYANMAR”, “RESPECT Human Rights”, “STOP VIOLENCE”, “GET OUT DICTATOR”, “GIVE BACK DEMOCRACY”, “JOIN IN CDM”, “ရုံးမတက်နဲ့ ရုန်းထွက်” စသော ပိုစတာဆိုင်းဘုတ်အသီးသီးကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် မြို့ခံပြည်သူလူထု ရာဂဏန်းဝန်းကျင်က ဆန္ဒဖေါ်ထုတ်ခဲ့ကြောင်း တွေ့ရသည်။

    အလားတူ ရေးမြို့ပေါ်တွင်လည်း ယနေ့နံနက်ပိုင်းက “စစ်အာဏာရှင် အလိုမရှိ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး- သမ္မတ ဦးဝင်းမြင့်နှင့် အမေစုတို့အား အမြန်ဆုံး လွှတ်ပေးရေး ဒို့အရေး၊  ပြည်သူတွေ တင်မြှောက်ထားသော အစိုးရ ဒို့အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ခေါ်ယူပေးရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည်၊ သပိတ် သပိတ် မှောက်မှောက်၊ ရုံးမတက်နဲ့ ရုန်းထွက်” စသည့် ကြွေးကြော်သံများဖြင့် ရေးမြို့ပေါ် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဗိုလ်ချုပ်လမ်း၊ လဂွမ်းအိမ်လမ်းအတိုင်း ဆန္ဒပြသူ ၁၀၀ ကျော်ခန့် ချီတက်ခဲ့ပြီး နံနက် ၁၀ နာရီအချိန်တွင် ရန်ကြီးအောင်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ရွှေဆိုင်တန်းရှေ့သို့ ရောက်ရှိစဉ် စစ်သား၊ ရဲလုံခြုံရေးများနှင့် တိုးမိသဖြင့် လူစုကွဲသွားကြောင်း သတင်းရရှိသည်။

    သို့ရာတွင် ကျိုက်ထို၊ ဘီးလင်းတို့တွင် ထောင်နှင့်ချီသောလူထုများ စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်သည့် ယနေ့ဆန္ဒပြလှုပ်ရှားမှု၌ လုံထိန်းများက တားဆီးပိတ်ဆို့မှုရှိခဲ့သော်လည်း ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပေါ်ခဲ့ခြင်းမရှိပဲ ဒေသခံများက ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း လူမှုကွန်ရက်စာများတွင် တွေ့ရှိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မော်လမြိုင်မြို့ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပြည်သူများကို အသံမိုင်း၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်အပြင် ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ရာ၌ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၃၀ ဦးဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

    မော်လမြိုင်မြို့နယ်တွင် ည ၈ နာရီမှ မနက် ၄ နာရီအထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ညမထွက်ရ ကာဖျူးအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks