Homeသတင်းရာဘာရောင်းဝယ်ရေးဒိုင်အများအပြား လုပ်ငန်းရပ်ဆိုင်းသွား

ရာဘာရောင်းဝယ်ရေးဒိုင်အများအပြား လုပ်ငန်းရပ်ဆိုင်းသွား

-

ယဉ်ထောမွန်(၁၈ ဖေဖော်ဝါရီ ၂၀၂၁)

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပြည်တွင်း၌လည်ပတ်နေသာ ဘဏ်လုပ်ငန်းများအားလုံး ရပ်တန့်နေသဖြင့် မွန်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရာဘာရောင်းဝယ်ရေးဒိုင် အများအပြား လုပ်ငန်းရပ်ဆိုင်းသွားကြောင်း တွေ့ရှိရသည်။

ဘဏ်ဖြင့် အလုပ်လုပ်ရသည့်လုပ်ငန်းဖြစ်သောကြောင့် ဘဏ်ပိတ်သည့်ရက်မှစ၍ ငွေရေးကြေးရေး မလည်ပတ်နိုင်သဖြင့် အရောင်းအဝယ် တစ်ပတ်ကျော်ခန့်ပိတ်ထားရပြီဖြစ်ကြောင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရွှေမြေအောင် ရာဘာအဝယ်ဒိုင်က ပြောသည်။

“တော်တော်ဒုက္ခရောက်သွားတယ်၊ လောလောဆယ် အဝယ်ပိတ်ထားတော့ ရာဘာပြားအသစ်ကိုတော့မဝယ်တော့ဘူးပေါ့ ကျန်နေတဲ့အဟောင်းကိုပဲ မှိုင်းတင်ပြီးရောင်းနေတယ်၊ အဝယ်မရှိဘူး အဟောင်းတွေကိုပဲ ရှင်းနေရတော့ ဝင်ငွေလည်းထိခိုက်တယ်”ဟု ရွှေမြေအောင် ရာဘာအဝယ်ဒိုင်က ဆိုသည်။

မွန်ပြည်နယ်အတွင်း ရာဘာအဝယ်ဒိုင် ၄၀ နီးပါးရှိနေပြီး လက်တလော ငွေပေးချေမှုအခက်အခဲကြောင့် လုပ်ငန်းအချို့ရပ်ဆိုင်ထားရကြောင်း ရာဘာဒိုင်များမှ သိရသည်။

သို့ရာတွင် သံဖြူဇရပ်မှ ရာဘာဒိုင်တစ်ဦးက “ဒီနေ့အထိ နည်းနည်းပါးပါးတော့ ဝယ်နေပါသေးတယ် ဒါပေမယ့် ဒီထက်ခက်ခဲလာရင်တော့ နားသင့်ရင်လည်းနားရမှာပေါ့ အစစရာရာအဆင်မပြေပါဘူး” ဟု အဆိုပါ ရာဘာဒိုင်က ပြောသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၁၅ ရက်နေ့တွင် ဘဏ်များ လုံခြုံရေးရယူ၍ ဖွင့်လှစ်သွားရန် သက်ဆိုင်ရာမှ ညွန်ကြားထားသော်လည်း ယနေ့အချိန်အထိ ပုဂ္ဂလိကဘဏ်အများစု ပိတ်ထားလျှက်ရှိပြီး   ဘဏ်ဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လျှက်ရှိကြောင်း တွေ့ရှိရသည်။

ကိုဗစ် ၁၉ကပ်ဘေးကြောင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းအများစုအခက်အခဲနှင့် ကြုံတွေ့ခဲ့ရပြီးသည့်အချိန်တွင် တပ်မတော်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုအပါအဝင် ပြည်တွင်းလုပ်ငန်းများ၏ ရှေ့အလားအလာအခြေအနေများကို  ပြည်သူများ ရတက်မအေးဖြစ်နေရကြောင်း သိရှိရသည်။  

အလားတူ တရုပ်နယ်စပ် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်း ဘဏ်များပိတ်ထားမှုကြောင့် ငွေကြေးမလည်ပတ်ခြင်း၊ မော်တော်ကားလမ်းကြောင်း ယာဥ်ကြောပိတ်ဆို့ခြင်းကြောင့် အရောင်းအဝယ်အားလုံးလိုလိုရပ်တန့်နေကြောင်း သတင်းများက ဖော်ပြသည်။

ရာဘာပြားများ အခြောက်လှမ်းထားစဉ် (Facebook)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts