Homeသတင်းပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေးအခက်အခဲဖြစ်ပေါ်

ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေးအခက်အခဲဖြစ်ပေါ်

-

ဗညားပိုင် (၁၆ ဖေဖော်ဝါရီ ၂၀၂၁)

စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်ပိုင်း မြို့ပေါင်း ၉၀ ကျော်ခန့်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ကာဖျူး-ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် ကုန်တင်ကားများ ညပိုင်းသွားလာမရဖြစ်နေပြီး ကုန်ပစ္စည်းပို့ဆောင်ရေး အခက်အခဲဖြစ်ပေါ်လာကြောင်း ကုန်တင်ကားမောင်းသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မော်လမြိုင်-ရန်ကုန်သို့ ကုန်တင်ကားမောင်းသူတစ်ဦးက “ခုက ၈ နာရီညမထွက်ရဆိုတော့ အရမ်းစောတာပေါ့နော်၊ ၈ နာရီကျတော့ ကုန်တင်တာတို့ ပြီးတော့ တခြားနေရာတွေမှာ ကုန်မရတော့ စောင့်ရတာတို့ကျတော့ ဒီမှာပဲ မိုးချုပ်သွားတယ်။ တခါတလေကျ ၈ နာရီက ဒီမှာပဲဖြစ်သွားတော့ မောင်းလို့မရတော့ဘူး အဲဒါကြောင့် အခက်အခဲဖြစ်တာပေါ့” ဟု ဆိုသည်။

ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေသည့်ကားအသင်းတွင်  မော်လမြိုင်မှ ရန်ကုန်သို့ တစ်နေ့လျှင်ကုန်တင်ကား ၄ စီးထွက်သည့်အနက် လတ်တလော နိုင်ငံရေးအခြေအနေကြောင့် တစ်နေ့ ၂ စီးသာထွက်နိုင်တော့ကြောင်း ၎င်းကဆက်ပြောသည်။

လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသော လူများသည့်လမ်းမကြီးများ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည(၈)နာရီအချိန်မှ မနက်(၄)နာရီအချိန်အတွင်း ညမထွက်ကြရန် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအသီးသီးတွင် အသံချဲ့စက်များဖြင့် နေ့စဉ်လှည့်လည်အသိပေးနေကြောင်း သတင်းရရှိသည်။

“အရင်အမိန့်မထုတ်ခင်ကဆိုရင် ဒီကနေပစ္စည်းတွေတင်ပြီးတော့ ည ၉ ဖြစ်ဖြစ် ၁၀ နာရီဖြစ်ဖြစ် မောင်းသွားတော့ စစ်တောင်းလောက်ရောက်ရင် အိပ်လိုက်တယ်၊ မနက်ကျရင် ထမောင်းတယ်။ တခါတလေ ဒီဘက်မှာစောတယ်ဆိုရင် ရန်ကုန်ထိ အရောက်မောင်းတယ်၊ ခုကျတော့ အဲ့လိုမောင်းလို့မရတော့ဘူး” ဟု အဆိုပါ ကုန်တင်ကားမောင်းသူက ဆက်ပြောသည်။

ထို့အပြင် ညမထွက်ရအမိန့်ကြောင့် မွန်ပြည်နယ်အတွင်းရှိ စားသောက်ဆိုင်၊ လမ်းဘေးဆိုင်များသည်လည်း ည ၈ နာရီ မတိုင်မီအချိန်၌ ဆိုင်များပိတ်သိမ်းပြီး နေအိမ်သို့အရောက်ပြန်ကြကြောင်း သိရသည်။

လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြအနေကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း တပ်မတော်အာဏာသိမ်းမှုကို လက်မခံနိုင်သောကြောင့် နိုင်ငံတဝန်းရှိ မြို့ပေါ်အသီးသီး၌ လူထုဆန္ဒပြမှုများ နေ့စဉ်ဆက်တိုက် ဖြစ်ပေါ်လျှက်ရှိသည်။

အလားတူ တစ်နိုင်ငံလုံးအနှံ့ CDM လှုပ်ရှားမှုကြောင့် ပုဂ္ဂလိကဘဏ်များ ပိတ်ထားရပြီး ငွေကြေးစီးဆင်းမှုများအပိုင်းတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts