Homeငြိမ်းချမ်းရေး“ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှု စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲ မော်လမြိုင်မြို့တွင် အရှိန်မြင့်လာ

“ရုံးမတက်နဲ့ ရုန်းထွက်”လှုပ်ရှားမှု စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲ မော်လမြိုင်မြို့တွင် အရှိန်မြင့်လာ

-

မွန်သတင်းအေဂျင်စီ (၁၅ ဖေဖော်ဝါရီ ၂၀၂၁)

စစ်အာဏာသိမ်းဆန့်ကျင်မှု အာဏာဖီဆန်ရေး “ရုံးမတက်နဲ့ ရုန်းထွက်”လူထုလှုပ်ရှားမှုတွင် အစိုးရဝန်ထမ်းများ ပါဝင်လာရေး မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့တွင် (၉) ရက်မြောက်အဖြစ် ယနေ့နံနက်ပိုင်းတွင် သောင်းနှင့်ချီသောလူထုဆန္ဒပြချီတက်ပွဲများ အရှိန်မြင့်လှုပ်ရှားလာသည်။ 

မော်လမြိုင်မြို့ ပန်းပဲတန်းရပ်ကွက်သိပ္ပံလမ်း စုရပ်မှ အောက်လမ်းမကြီးအတိုင်း ဒိုင်းဝန်ကွင်းဘက်သို့ ချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခဲ့ရာတွင် “We Don’t Accept MILITARY COUP”, “END THE DICTATORSHIP IN MYANMAR”, “RESPECT Human Rights”, “STOP VIOLENCE”, “GET OUT DICTATOR”, “GIVE BACK DEMOCRACY”, “JOIN IN CDM”, “ရုံးမတက်နဲ့ ရုံးထွက်” ပိုစတာဆိုင်းဘုတ်အသီးသီးကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒဖေါ်ထုတ်ခဲ့သည်။

“ဝန်ထမ်းတွေအနေနဲ့ ရုံးမတက်ကြပဲ သပိတ်မှောက်ပြီး CDM အာဏာဖီဆန်ရေး “ရုံးမတက်နဲ့ ရုန်းထွက်” အစီအစဉ်မှာ ပါဝင်လာမယ်ဆိုရင် ဒီအာဏာသိမ်းစစ်အစိုးရ ယန္တရားတွေလည်ပတ်နိုင်မှာ မဟုတ်တော့ဘူး၊ ဒါကို အရှိန်တိုးမြှင့်လုပ်ဆောင်သွားကြပါလို့ တိုက်တွန်းလိုတယ်” ဟု ဆန္ဒပြလှုပ်ရှားသူ ခေါင်းဆောင်တစ်ဦးက ပြောသည်။

မြန်မာ့မီးရထား၊ ပညာရေး၊ ကျန်းမာရေး အစိုးရဌာနဆိုင်ရာပေါင်းစုံ ဝန်ထမ်းများအပြင် ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများပါဝင်လာသဖြင့် မော်လမြိုင်မြို့ပေါ်ရှိ ဘဏ်အများစု ယနေ့တွင် ပိတ်ထားရကြောင်း တွေ့ရှိရသည်။

သို့ရာတွင် ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁) အနီးတဝိုက်တွင် စစ်သားများက တင့်ကားများချထား၍ ရဲများ လုံခြုံရေးယူထားကြသည်ကိုတွေ့ရပြီး မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများအနေဖြင့် ရုန်းမတက်ဘဲ ရုန်းထွက်ဖို့ မော်လမြိုင်မြို့ခံအချို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဘဏ်အရှေ့၌ ထိုင်သပိတ်ပြုလုပ်ကာ တောင်းဆိုခဲ့သည်။

ထို့အတူ ရေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြန်မာ့စီးပွားရေး ဘဏ်ရုံးရှေ့တွင် “ရုံးမတက်နဲ့ ရုန်းထွက်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” ကြွေးကြော်သံများဖြင့် ဝန်ထမ်းများအား တိုက်တွန်းဆန္ဒပြခဲ့ကြောင်း နယ်မြေခံသတင်းထောက်မှ သိရသည်။ 

ရေးမြို့ပေါ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် ဝန်ထမ်းများအပါအဝင် ဒေသခံလူထု အင်အား နှစ်ထောင်ခန့် ချီတက်၍ “စစ်အာဏာရှင် အလိုမရှိ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး- သမ္မတ ဦးဝင်းမြင့်နှင့် အမေစုတို့အား အမြန်ဆုံး လွှတ်ပေးရေး ဒို့အရေး၊  ပြည်သူတွေ တင်မြှောက်ထားသော အစိုးရ ဒို့အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ခေါ်ယူပေးရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည်၊ သပိတ် သပိတ် မှောက်မှောက်၊ ရုံးမတက်နဲ့ ရုန်းထွက်” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အလားတူ သံဖြူဇရပ်၊ ကျိုက်ခမီ၊ ဘီးလင်းနှင့် သထုံမြို့ပေါ်များတွင် လူထုဆန္ဒပြလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

မော်လမြိုင်မြို့ပေါ်အချို့ရပ်ကွက်တွင် ညပိုင်းအချိန်ပြည်သူများအထိတ်တလန့်ဖြစ်စေသည့် အခြေအနေများဖြစ်ပေါ်နေသည့်အတွက် မိမိတို့ခြုံရေးအတွက် အလှည့်ကျကင်းစောင့်ခြင်း၊ ရပ်ကွက်ဝင်ပေါက်များ အတားအဆီးများဖြင့် ကာရံခြင်းများပြုလုပ်ထားကြောင်း တွေ့ရှိရသည်။  

လက်ရှိတွင် မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ ဘီးလင်း၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် လူ ၅ ယောက်နှင့်အထက် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် ညပိုင်းတွင် စစ်ကားများမြို့ပေါ်အနှံ့ လုံခြုံရေးလှည့်လည်သွားလာလှုပ်ရှားနေကြောင်း သတင်းရရှိသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts