spot_img
Tuesday, January 20, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းနေပြည်တော် စည်ပင်ရိပ်သာ၌ပိတ်မိနေသော ရွေးကောက်ခံကိုယ်စားလှယ်များ ပြန်ခွင့်ပြု၊ MUP ကိုယ်စားလှယ်များ အိမ်ပြန်တော့မည်

    နေပြည်တော် စည်ပင်ရိပ်သာ၌ပိတ်မိနေသော ရွေးကောက်ခံကိုယ်စားလှယ်များ ပြန်ခွင့်ပြု၊ MUP ကိုယ်စားလှယ်များ အိမ်ပြန်တော့မည်

    -

    မွန်သတင်းအေဂျင်စီ (၂ ဖေဖော်ဝါရီ ၂၀၂၁)

    ယမန်နေ့တွင် စစ်အာဏာသိမ်းလိုက်သဖြင့် နေပြည်တော် စည်ပင်ရိပ်သာ၌ပိတ်မိနေသော ရွေးကောက်ခံကိုယ်စားလှယ်များအား နေအိမ်ပြန်ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်များ မွန်ပြည်နယ်သို့ပြန်လာတော့မည်ဖြစ်ကြောင်း ရေးမြို့နယ်မှ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    ဒေါက်တာဗညားအောင်မိုးက “အသံချဲ့စက်နဲ့အော်ပြောတယ် အိမ်ပြန်လို့ရပြီတဲ့၊ ဒါကြောင့် ကျနော်တို့ ၅ ဦး အိမ်ပြန်ဖို့ မော်တော်ကားတွေ စီစဉ်နေပါပြီ၊ Express ကားတွေလည်း မရှိပါဘူး၊ ဒီမှာနေဖို့အတွက် ရေခဲသေတ္တာ အဝတ်လျှော်စက် ထမင်းအိုးမီးဖိုချောင်သုံးပစ္စည်းတွေ ဝယ်ထားတော့ အိမ်အပြန်မှာ ပစ္စည်းတွေပိုလာတာပေါ့ ဒါကြောင့် မွန်ပြည်နယ်ကားတွေ လှမ်းပြီးမှာရတယ် မနက်ဖန်ပြန်တော့မယ်” ဟု ဆိုသည်။

    ၂၀၂၀ ရွေးကောက်ပွဲအပြီး ပထမဆုံးကျင်းပမည့် တတိယအကြိမ်ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများတက်ရောက်ရန် နေပြည်တော် စည်ပင်ရိပ်သာတွင် လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိတည်းခိုနေကြစဉ် ယမန်နေ့နံနံက်စောစောပိုင်းအချိန်က တပ်မတော် အာဏာသိမ်းလိုက်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်အစောင့်များချကာ လွှတ်တော်ကိုယ်စားလှယ်အားလုံး အပြင်သို့ဝင်ထွက်ခွင့်မပြုသဖြင့် စည်ပင်ရိပ်သာဝင်းအတွင်း ပိတ်မိနေခြင်းဖြစ်သည်။

    “မနေ့ကတည်းက ကားတွေဝင်ထွက်သွားလာခွင့်မပြုတော ဒီနေ့မှာ ဟင်းချက်စရာတွေ အခက်အခဲဖြစ်လာတယ်၊ ဈေးလှည့်ရောင်းတဲ့စည်ပင်ကားလည်း ဒီနေ့မလာဘူး၊ မနက်ဖန်မပြန်ရင်လည်း ဟင်းချက်စရာဘာမှ မကျန်တော့ပါဘူး၊ ဆန်တစ်ခုပဲရှိပါတော့တယ်”ဟု ရွေးကောက်ခံ MUP ကိုယ်စားလှယ် မင်းဌေးနိုင်က ပြောသည်။

    အလားတူ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရွေးကောက်ခံကိုယ်စားလှယ်အချို့အား မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းရာတွင် ကိုယ်စားလှယ်များအနေဖြင့် နေအိမ်ပြန်မည်လား မပြန်ဘဲ စည်ပင်ရိပ်သာတွင် ဆက်လက်စောင့်ဆိုင်းနေမည်လားဆိုသည်ကို ဖြေကြားခြင်းမပြုပေ။

    ယမန်နေ့ စစ်အာဏာသိမ်းမှုဖြစ်စဉ်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှု ဆောင်တချို့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ NLD ပါတီဘက်က တက်ကြွလှုပ်ရှားသူခေါင်းဆောင်များနှင့် စာပေအနုပညာနယ်က ပုဂ္ဂိုလ်တချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းဌာနများက ဖော်ပြသည်။

    သို့ရာတွဝင် ယင်းသို့ဖမ်းဆီးထိန်းသိမ်းထားသော ဝန်ကြီးချုပ်များအား ယနေ့နံနက်တွင် ၎င်းတို့၏နေအိမ်သို့ပြန်ခွင့်ပြုခဲ့ပြီး အကျယ်ချုပ်သဘောဖြင့် ထားရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

    ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားစရာကိစ္စရပ်များကို အစိုးရဘက်က ဖြေရှင်းမပေးဘဲ လွှတ်တော်ခေါ်ယူဖို့ ကြိုးစားခြင်းသည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို အဓမ္မရယူဖို့ ကြိုးစားခြင်းဖြစ်ကြောင်း၊ ၎င်းလုပ်ရပ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေကြောင်း၊ အလားတူ တစ်နိုင်ငံလုံးတွင်လည်း ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိသည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်တည်ငြိမ်ရေးကို များစွာထိခိုက်ရကြောင်း၊ ၎င်းပြဿနာရပ်များကို မဖြေရှင်းလျှင် နိုင်ငံ၏ဒီမိုကရေစီ လျှောက်လှမ်းရာတွင် အခက်အခဲများ ဖြစ်ပေါ်နိုင်သောကြောင့် ဖြေရှင်းဖို့အတွက် အခြေခံဥပဒေ ပုဒ်မ (၄၁၇) အရ နိုင်ငံတဝန်းလုံးအား အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက ဖေဖော်ဝါရီ(၁) ရက်နေ့ နံနက်ပိုင်းတွင် စတင်ကြေငြာလိုက်သည်။

    -နေပြည်တော်ရောက် MUP ကိုယ်စားလှယ်များ (Lawi Han)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts