Sunday, March 8, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီနယ်မြေရှိ မူးယစ်ဆေးဖြတ်စခန်းများအတွက် ဆန်နှင့် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်း

    မွန်ပြည်နယ်အစိုးရက မွန်ပြည်သစ်ပါတီနယ်မြေရှိ မူးယစ်ဆေးဖြတ်စခန်းများအတွက် ဆန်နှင့် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်း

    -

    ဗညားပိုင် (၂၆ ဇန်နဝါရီ ၂၀၂၁)

    မွန်ပြည်နယ်အစိုးရအဖွဲ့က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ မူးယစ်ဆေးဖြတ်စခန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆန်အိတ် ၄၀၀ နှင့် အားကစားပစ္စည်းများကို မော်လမြိုင်မြို့  မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံး၌ ယမန်နေ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း တိုင်းရင်းသားလူမျိုးများ အခွင့်အရေးမြှင့်တင်ရေးကော်မတီဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    “ကျနော်က မွန်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြတယ်၊ ပြီးတော့ သူတို့က ဆန်အိတ် ၄၀၀ ပေးတယ်၊ ပြန်လည်ထူထောင်ရေးအတွက်ကတော့ အားကစားပစ္စည်းတွေပေးတယ်၊ ဆေးဝါးကိစ္စတော့ မဆွေးနွေးဖြစ်ခဲ့ဘူး။ ခုလှူဒါက ၂ သုတ်ရှိပြီးပေါ့နော် နောင်လည်းဆက်လှူသွားမယ် ဆက်လုပ်သွားမယ်” ဟု ဒေါက်တာမင်းစိုးလင်းက ဆိုသည်။

    ထို့အတူ ပြီးခဲ့သည့် ၂၀၂၀ နှစ်ကုန်ပိုင်းကလည်း ၎င်းတို့၏ မွန်ဆရာဝန်များအဖွဲ့သည် မွန်ပြည်သစ်ပါတီ၏ ခရိုင်(၃)ခုရှိ မူးယစ်ဆေးဖြတ်စခန်းအတွက် ဆန်အိတ် ၂၂၀  ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်သော မော်လမြိုင်၊ သထုံနှင့် ထားဝယ် စသည့်ခရိုင် ၃ ခုတွင် မူးယစ်ဆေးဖြတ်နေသူများနှင့် မူးယစ်ဆေးဝါးပြစ်ဒဏ်ကျခံနေသူအရေအတွက် လစဉ်ပျမ်းမျှ (၂၀၀) ယောက်ကျော် ရှိကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က “ခုဆိုခရိုင် ၃ ခုမှာဆိုရင် ဆေးတွေလုံလောက်မှုမရှိဘူး၊ နောက်ပြီး သူတို့ကို ကျွေးမွေးဖို့က ဆန်တွေလုံလောက်မှုမရှိဘူး၊ ကျနော်တို့တတ်နိုင်သလောက်တော့ ကျွေးမွေးနေပါတယ်၊ ပြီးခဲ့တဲ့လက မွန်ဆရာဝန်အဖွဲ့တွေ ကျနော်တို့ရဲ့ခရိုင် ၃ ခရိုင်အတွက် ဆန်အိတ် ၂၀၀ ကျော်ကျော်တော့ ထောက်ပံ့ပေးထားပါတယ်၊ အခု မွန်ပြည်နယ်အစိုးရက မူးယစ်ဆေးဖြတ်တဲ့သူတွေအတွက် ဆန်နှင့် အခြားအသုံးအဆောင် အားကစားပစ္စည်းတို့ လာရောက်လှူဒါန်းတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

    အလားတူ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်တို့သည် ရေးချောင်းဖျားဒေသ၌ ဆန်အိတ် ၂၀၀၊ ဆီပိဿာ ၁၀၀၀ နှင့် ကိုဗစ် ၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။

    အထက်ပါ NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီသို့ အစိုးရ၏ ထောက်ပံ့လှူဒါန်းမှုကိစ္စရပ်များမှာ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးမြှင့်တင်ရေးကော်မတီ၏ ညှိနှိုင်းဆောင်ရွက်မှုများအရ ဖြစ်ပေါ်ခဲ့သည့် အကျိုးရလဒ်များဖြစ်ကြောင်း တွေ့ရသည်။

    ဒေါက်တာတင်မျိုးဝင်း ဥက္ကဌအဖြစ်ဆောင်ရွက်လျှက်ရှိသော တိုင်းရင်းသားလူမျိုးများ အခွင့်အရေးမြှင့်တင်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၉၄/၂၀၂၀ အရ ၂၀၂၀ သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks