spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကမာဝက်ရဲစခန်းတွင် အမှုစစ်ဆေးခံရစဥ် နှီးပဒေါရွာသားတစ်ဦးသေဆုံးခဲ့မှုကို နစ်နာသူမိသားစုက လူသတ်မှုဖြင့် အမှုဖွင့်တော့မည်

    ကမာဝက်ရဲစခန်းတွင် အမှုစစ်ဆေးခံရစဥ် နှီးပဒေါရွာသားတစ်ဦးသေဆုံးခဲ့မှုကို နစ်နာသူမိသားစုက လူသတ်မှုဖြင့် အမှုဖွင့်တော့မည်

    -

    ယဉ်ထောမွန်၊ (၂၆ ဇန်နဝါရီ ၂၀၂၁)

    မုဒုံမြို့နယ် ကမာဝက်ရဲစခန်း၌ အမှုစစ်ဆေးခံရသော နှီးပဒေါရွာသား ဝင်းထွန်း (အသက် ၃၂ နှစ်)  ဒဏ်ရာဖြင့် သေဆုံးခဲ့မှုကို နစ်နာသူမိသားစုက လူသတ်မှုဖြင့် အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    နှီးပဒေါရွာနေ ဦးသန်းထွန်းလေးနှင့် ဒေါ်စန္ဒာတို့၏သား ဝင်းထွန်း(ခေါ်) အောင်မျိုးထွန်း(ခေါ်) အောင်ဝင်းထွန်း ရာဘာခြံလုပ်သားအား ကျေးရွာအတွင်းလူသတ်မှုဖြစ်ပွားခဲ့ရာတွင် ပြစ်မှုကျူးလွန်သံသယရှိသူတစ်ဦးအဖြစ် ဇန်နဝါရီ ၂၃ ရက် နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ကမာဝက်ရဲစခန်းအတွင်း အမှုစစ်ဆေးနေစဉ် ထိုနေ့ ညနေပိုင်းအချိန်သေဆုံးခဲ့ပြီးနောက် ဦးခေါင်းနှင့် ခန္ဒာကိုယ်များတွင် ညိုမဲဒဏ်ရာများစွာတွေ့ရှိရကြောင်း မိခင်ဖြစ်သူ ဒေါ်စန္ဒာက ပြောသည်။

    “သူတို့ခေါ်သွားတုန်းက သားကအကောင်းပါပဲ ညနေကျွန်မစိတ်ပူလို့ ထမင်းသွားပို့တော့မှ ကျွန်မသား ဆုံးသွားမှန်း သိရတယ်၊ ကျွန်မသားမှာ ရောဂါအခံရှိလားလို့ပဲ ရဲကဆက်တိုက်မေးနေတယ်၊ သားကိုလည်း အသေချာပေးမတွေ့ဘဲ သူ့ရုပ်အလောင်း မော်လမြိုင်ဆေးရုံကို ချက်ချင်းပို့လိုက်တယ်၊ အခု ရုပ်အလောင်း ပြန်ရတော့မှ ဒီလိုဒဏ်ရာတွေနဲ့ တွေ့ရတော့ အရမ်းစို့နင့်သွားတယ်၊ ဘယ်လိုမှလည်းကျွန်မ မကျေနပ်နိုင်ဘူး၊ ဒါကြောင့် သက်ဆိုင်ရာကို အမှုဖွင့်တိုင်ကြားသွားမယ်”ဟု သူမက ပြောသည်။

    မည်ကဲ့သို့ဆက်လက်ဆောင်ရွက်သွားမည်ကို အသေးစိတ်မပြောကြားခဲ့သော်လည်း သံသယတရားခံတစ်ဦးကို ရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားရမည့်အစား ရိုက်နှက်ဒဏ်ရာများဖြင့် အသက်ဆုံးရှုံးခံလိုက်ရသည့် မိမိသားအပေါ်  ပြစ်မှုကျူးလွန်ခဲ့သူများကို အမှုမှန်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သူမက ဆက်ပြောသည်။

    သို့ရာတွင် ယင်းသေဆုံးမှုဖြစ်စဉ်အပေါ် သာမန်သေမှုသေခင်းဖြင့် အမှုပိတ်သိမ်းနိုင်ရေးအတွက် ကမာဝက်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂/၂၀၂၁)ဖြင့် ဇန်နဝါရီလ(၂၃)နေ့တွင် ကမာဝက်နယ်မြေစခန်းမှူး‌ ရဲအုပ်ကျော်မြင့်နိုင်က အမှုဖွင့်ထားပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    ရဲအုပ်ကျော်မြင့်နိုင်က “လူသတ်မှုတစ်ခုပတ်သတ်ပြီးတော့ ကျွန်တော်တို့က မသင်္ကာသူ ဝင်းထွန်းကို ခေါ်လာတယ်၊ ခေါ်လာတဲ့ အချိန်မှာကတည်းက သူ့မှာဒဏ်ရာတွေက ပါလာတယ်  အဲမှာကျွန်တော်တို့ စစ်ဆေးမေမြန်းတော့ သူကအဲဒီသေဆုံးသူ(နှီးပဒေါလူသတ်မှု) နဲ့ ရန်ဖြစ်တယ်တဲ့ စကားများရန်ဖြစ်တော့ သူ့မှာပါတဲ့ဓါးနဲ့ခုတ်ခဲ့တယ်တဲ့၊ သူ့မှာလည်းရောဂါအခံရှိတယ်တဲ့ အဲ့လိုနဲ့ဘာညာပြောပြီးတော့ ဘာမှမကြာဘူး သတိလစ်ပြီးတော့ ဆုံးသွားတယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အတူ ကမာဝက်ရဲစခန်း၌ အောင်မျိုးထွန်း သေဆုံးခဲ့သည့်နေ့တွင် ရဲခုံရုံးမှ မိမိကိုစစ်ဆေးမေးမြန်းခဲ့ပြီး ဆက်လက်၍ မိမိနှင့်အတူ နောက်ထပ်ရာအိမ်မှုးကတစ်ယောက်ကို စစ်ဆေးမေးမြန်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း နှီးပဒေါကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောသည်။

    “ကျွန်တော်တို့အုပ်ချုပ်ရေးမှုးအဖွဲ့အနေနဲ့တော့ ဘာမှတော့ မလှုပ်ရှားရသေးဘူး အချို့တွေက ကျွန်တော်တို့အဖွဲ့ကို သဘောမကျတာတွေလည်းရှိတော့လေ ဒါပေမယ့်် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကြိုးစားလှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့တော့ရှိတယ်”ဟု နှီးပဒေါကျေးရွာအုပ်ချုပ်ရေးမှုး ဦးကျော်လွင်ကဆိုသည်။

    အမှုမှန်ပေါ်ပေါက်ရေးနှင့် မျှတသောတရားစီရင်မှုရှိရေးအတွက် နှီးပဒေါဒေသခံ မွန်လူငယ်အဖွဲ့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ကျန်ရစ်သူမိသားစုနှင့်အတူ ဝန်းရံသွားမည်ဟု သတင်းရရှိသည်။

    အဆိုပါနှီးပဒေါရွာကျေးရွာ၌ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ဓါးဒဏ်ရာဖြင့် ခုတ်သတ်ခံထားရသည့် အမျိုးသားတစ်ဦးသေဆုံးနေသည့်အလောင်းတစ်ခု ရှာဖွေတွေ့ရှိရာမှ သံသယဖြစ်ဖွယ် လူငယ် ၃ ဦးကို ကမာဝက်မြို့ရဲစခန်း ခေါ်ယူစစ်ဆေးခဲ့စဉ်အတွင်း “ဝင်းထွန်း” သေဆုံးခဲ့ခြင်း ဖြစ်သည်။

    Photo- သေဆုံးသူ ဝင်းထွန်းရုပ်အလောင်းမှ ဒဏ်ရာအချို့(Fcaebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks