မွန်သတင်းအေဂျင်စီ (၂၄ ဇန်နဝါရီ-၂၀၂၁)
မုဒုံမြို့ မြို့မ ၄ ရပ်ကွက် ထိန်ကုန်းရပ် အစိုးရရော်ဘာခြံအတွင်း လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးထံမှ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းအချိန်က မူးယစ်ဆေးဝါး ဖမ်းဆီးရမိကြောင်း မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးထွန်းက ပြောသည်။
“ကျနော်တို့အနေနဲ့ကတော့ မူးယစ်ဆေးသတင်းတွေကို တောက်လျှောက်အနံခံ စုံစမ်းနေပါတယ်၊ ဒီအမှုက ကျနော်စခန်းကအဖွဲ့က သတင်းရပြီး နယ်မြေလှည့်ကင်းလုပ်နေတဲ့ချိန် စစ်ဆေးတော့မိတာပါ၊ မူးယစ်ဆေးပြား ၉၆ ပြားမိတယ်၊ ဖမ်းဆီးမှုတွေကို တောက်လျောက်လုပ်နေမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ထိန်ကုန်းရပ်၌ ရဲတပ်ဖွဲ့ဝင်များ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ရော်ဘာခြံအတွင်းလမ်းလျှောက်လာသူ အဆိုပါ ရပ်ကွက်နေ ကျော်ဇင်သူ (၃၂) နှစ်အား စစ်ဆေးရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၉၆) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။
“ဖမ်းဆီးမှုတွေ တော်တော်စိပ်လာတယ်၊ ကောင်းပါတယ်၊ များများဖမ်းလေကောင်းလေပါပဲ၊ ဒီမူးယစ်ဆေးကြောင့်လူငယ်တွေအနာဂတ်တွေလည်း လမ်းပျောက်ကုန်ပြီ၊ ပင်ရင်းဒိုင်ကြီးတွေကို များများဖော်ထုတ်ဖမ်းဆီးနိင်အောင် စွမ်းဆောင်ပေးကြပါလို့ပြောချင်ပါတယ်”ဟု မုဒုံမြို့ခံ ကိုလွန်းမောင်က ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ဇင်ဦး အပေါ် မယ(ပ) ၆/၂၀၂၁၊ မူးစိတ် ပြောင်းဥပဒေပုဒ်မ-၁၉(က) ဖြင့် မုဒုံမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။