Tuesday, March 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ညီညွတ်ရေးပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ကတိပြုလက်မှတ်ရေးထိုး

    မွန်ညီညွတ်ရေးပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ကတိပြုလက်မှတ်ရေးထိုး

    -

    ဗညားပိုင်(၁၉ ဇန်နဝါရီ ၂၀၂၁)

    မွန်ညီညွတ်ရေးပါတီ MUP ပါတီ ဗဟိုအလုပ်အမှုဆောင်များ၏ ရှေ့မှောက်တွင် ပါတီအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ကတိကဝတ်ပြုလက်မှတ်ရေးထိုးပွဲတစ်ရပ်ကို မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမ၌ ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပခဲ့သည်။

    မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက “အဓိကအားလုံးဆိုရင် အချက် ၉ ချက်ပါတာပေါ့၊ လွှတ်တော်မှာဖြစ်ဖြစ် အစိုးရအဖွဲ့မှာဖြစ်ဖြစ် တာဝန်ယူဖို့ရှိမရှိ၊ တာဝန်ယူမယ်ဆိုရင်  ပါတီရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရမယ်။ ပြီးတော့ ပါတီရဲ့နိုင်ငံရေးလမ်းစဉ်အပေါ် ခံယူမယ်။ ဆွေးနွေးတာတို့ လွှတ်တော်မှာ အဆိုတင်သွင်းတာတို့ ဗဟိုနဲ့ဆက်သွယ်ပြီး ဗဟိုရဲ့လမ်းညွှန်ချက်အပေါ် ဆွေးနွေးမယ် ဆိုတဲ့အဓိက ၃ ချက်ပါတယ်” ဟု ဆိုသည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့စဉ်ကတည်းက MUP ပါတီသို့ ကတိပြုခဲ့သည့်အချက်များပင် ဖြစ်ကြောင်း ၎င်းကဆိုသည်။

    “ဒီလိုလုပ်ရတဲ့အကြောင်းရင်းက မဲအနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲမဝင်ခင်ကတည်းက အခုဒီ ကတိကဝတ် ၉ ချက်ကို ပေးထားပြီးသားပါပဲ၊ သို့သော် အခုဆိုရင် ကိုယ်စားလှယ်တွေလည်းဖြစ်သွားကြပြီဆိုတော့ သတိမေ့မှာစိုးသွားလို့ပါ၊ ပါတီချမှတ်ထားတဲ့စည်းမျဉ်းတွေနဲ့ လွဲသွားမှာလည်း စိုးမိတာပေါ့၊ အဓိက ပါတီရဲ့လမ်းညွှန်မှုကို ခံယူသွားဖို့ ဒါတွေကိုသတိပေးတာဖြစ်တယ်” ဟု နိုင်လယိတမက ဆက်ပြောသည်။

    လာမည့်တတိယအကြိမ် မွန်လွှတ်တော်တွင် အစိုးရအဖွဲ့အနေဖြင့် အကောင်းဘက်သို့ လုပ်ဆောင်လျှင် လက်ခံပေါင်းစည်းသွားမည်ဖြစ်သကဲ့သို့ အကောင်းဆုံးထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ရေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၂) အနိုင်ရလွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူးက ဆိုသည်။

    “လွှတ်တော်ရဲ့တာဝန်က အစိုးရကို ထိန်းကျောင်းတာကိုတော့ လုပ်ကိုလုပ်ရမယ်၊ အစိုးရတွေက လုပ်တာမှန်နေတယ် ကောင်းနေတယ်ဆိုရင်တော့ လက်ခံသွားမယ် ပေါင်းစည်းပြီးတော့ လုပ်ဆောင်သွားမယ်။ အစိုးရလုပ်နေတာ မမှန်ကန်ဘူးဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဆိုရင် အဆိုတင်သွင်းမယ် အကြံဉာဏ်ပေးမယ် ဝေဖန်သွားမယ်” ဟု မင်းအောင်ထူးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ် (၁၂) ဦး အနိုင်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks