spot_img
Friday, January 23, 2026
More
    spot_img
    HomeCovid 19ယခုနှစ် မွန်အမျိုးသားနေ့အခမ်းအနားအစီအစဉ်များ အကျဉ်းရုံးလျှော့ချပြီး ဝန်ကြီးဌာနညွှန်ကြားချက်နှင့်အညီ ကျင်းပနိုင်ရေး အကြံပြုတိုက်တွန်း

    ယခုနှစ် မွန်အမျိုးသားနေ့အခမ်းအနားအစီအစဉ်များ အကျဉ်းရုံးလျှော့ချပြီး ဝန်ကြီးဌာနညွှန်ကြားချက်နှင့်အညီ ကျင်းပနိုင်ရေး အကြံပြုတိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ (၁၈ ဇန်နဝါရီ ၂၀၂၁)

    လတ်တလော ကြုံတွေ့နေရသော COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ယခုနှစ်ကျင်းပမည့် မွန်အမျိုးသားနေ့အခမ်းအနားအစီအစဉ်များကို လျှော့ချပြီး အကျဉ်းရုံးကျင်းပရန်နှင့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)က အကြံပြုတိုက်တွန်းစာတစ်စောင် ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

    (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို သထုံမြို့နယ်တွင် ကျင်းပသွားရန် ကနဦးဆုံးဖြတ်ခဲ့သော်လည်း ကမ္ဘာနှင့်အဝှမ်းရင်ဆိုင်ကြုံတွေ့နေရသော COVID-19 ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မော်လမြိုင်မြို့၌သာ ကျင်းပသွားမည်ဖြစ်ကြောင်း မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို) ဥက္ကဌ မင်းအောင်ထူးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ပရိသတ်နည်းနည်းလေးနဲ့ Live လွှင့်သွားမယ် ၂ ရက်အစီအစဉ်ပေါ့၊ ပထမရက်မှာ အဆိုအကပြိုင်ပွဲတွေ အဓိက ယိမ်းနဲ့တပင်တိုင်ပြိုင်ပွဲတွေပါ၊ နောက်တစ်နေ့ အမျိုးသားနေ့အခမ်းအနားကို လူနည်းနည်းပါးပါးနဲ့ ကျင်းပသွားမယ်ပေါ့” ဟု မင်းအောင်ထူးက ဆိုသည်။

    မွန်အမျိုးသားနေ့ဦးတည်ချက်၊ သဘာပတိမိန့်ခွန်း၊ စာပေယဉ်ကျေးမှုဆိုင်ရာစာတမ်းငယ်၊ မြေစိုက်ပိုစတာ၊ အလံ၊ ရင်ထိုး၊ အင်္ကျီ၊ တံဆိပ် စသည်တို့ကို တညီတညွတ်တည်းဖြစ်စေရန် အစဉ်အလာမပြတ်ဆောင်ရွက်လာခဲ့သည်အတိုင်း ကျင်းပရေးကော်မတီ(ဗဟို)က တာဝန်ယူထုတ်လုပ်ဖြန့်ဝေသွားမည်ဟု သိရသည်။

    မင်းအောင်ထူးက “အားကစားပြိုင်ပွဲကဏ္ဍမှာဆိုရင် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ တင်းနစ်၊ ဘောလီဘော တို့ကို လူနည်းနည်းနဲ့ ကစားတဲ့ပွဲတွေလည်း ကျင်းပသွားမယ်၊ မွန်စာပေပြိုင်ပွဲကိုလည်း အဓိကဦးစားပေး ယှဉ်ပြိုင်သွားတဲ့အခါမှာ ကျန်းမာရေးဝန်ကြီးညွှန်ကြားချက်နဲ့အညီဖြစ်အောင် ကျင်းပသွားမှာပါ” ဟု ပြောသည်။

    ထို့အတူ ဒေသအသီးသီးတွင်လည်း မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီအဆင့်ဆင့်ကို အမြန်ဆုံးဖွဲ့စည်းပြီး မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို) နှင့်ဆက်သွယ်ကာ မွန်အမျိုးနေ့ဦးတည်ချက်များအတိုင်း ကြိုးပမ်းအကောင်အထည်ဖော်သွားရန် အထက်ပါနှိုးဆော်စာတွင် တိုက်တွန်းထားသည်။

    (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို) ၏ ဦးတည်ချက်များ (က) မွန်တို့၏ ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ သမိုင်းအစဉ်အလာများ မပျောက်ကွယ် မတိမ်ကောစေရေး ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်။ (ခ) မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန် အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်ရန်နှင့် တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်။ (ဂ) တိုင်းရင်းသားလူမျိုးများ မိမိတို့ကံကြမ္မာ မိမိဖန်တီးနိုင်မည့် ကိုယ်ပိုင်ပြဌာန်းခွင့် တန်းတူရေး အပြည့်အဝရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မဖြစ်မနေတည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်သည်။

    သမလ၊ ဝိမလ မွန်ညီနောင်နှစ်ပါး ဟံသာဝတီ ဗဂိုး(ပဲခူး) မွန်နေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် (၁၁၁၆) ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဖေဖော်ဝါရီ (၂၇) ရက်နေ့တွင် ကျရောက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts