spot_img
Tuesday, February 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးBGF မှနုတ်ထွက်ရန် အချိန်နည်းနည်းပေးစေလိုကြောင်း ဗိုလ်မှူးကြီးစောချစ်သူ မေတ္တာရပ်ခံ

    BGF မှနုတ်ထွက်ရန် အချိန်နည်းနည်းပေးစေလိုကြောင်း ဗိုလ်မှူးကြီးစောချစ်သူ မေတ္တာရပ်ခံ

    -

    မွန်သတင်းအေဂျင်စီ (၁၅ ဇန်နဝါရီ ၂၀၂၁)

    တပ်မတော်လက်အောက်ခံအဖွဲ့အစည်းကို စီးပွားရေးလုပ်ကိုင်ခွင့်မပြုသည့်အတွက် တာဝန်မှနုတ်ထွက်ရန် ပြောဆိုလာသည့်အပေါ် အချိန်နည်းနည်းပေးစေလိုကြောင်း  ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက မကြာသေးမီရက်ပိုင်းတွင် ပြောကြားခဲ့သည်။

    တပ်မတော်ဖိအားပေးမှုကြောင့် BGF တပ်နယ် ၄ တပ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန် မကြားသေးမီက မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် နုတ်ထွက်စာတင်ပြီးနောက် ဗိုလ်မှူးကြီးစောချစ်သူနှင့် အခြားတပ်မှူး ၁ ဦးကို နုတ်ထွက်စာတင်ရန် ထပ်မံဖိအားပေးပြောဆိုထားခြင်း ဖြစ်သည်။

    ဗိုလ်မှူးကြီးစောချစ်သူက “ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သက်တာလည်း အမျိုးမျိုးပြောလာတဲ့အခါကျတော့ တပ်မတော်ရဲ့သိက္ခာကို ထိခိုက်တယ် ကျနော်တို့ BGF က တပ်မတော်ရဲ့အစိတ်အပိုင်းဖြစ်နေတဲ့အခါကျတော့ အထက်ကညွှန်ကြား (နုတ်ထွက်စာလက်မှတ်ထိုးခိုင်း) လာတယ်၊ ကျနော်ပြောတာပေါ့နော် ကာလတစ်ခုအနေနဲ့ အချိန်နည်းနည်းပေးပေးပါလို့”ဟု မဇ္ဇျိမသတင်းဌာန အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ (ကရင်အမျိုးသား မီဒီယာ)

    BGF တပ်ဖွဲ့နှင့်တပ်နယ်များရှိ လက်အောက်ငယ်သား ခေါင်းဆောင်များနှင့် အစည်းအဝေးညှိနှိုင်းဆွေးနွေးပြီးပါက အကျိုးအကြာင်းပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်း တပ်မတော်သို့တင်ပြထားသည်ဟု ၎င်းကဆိုသည်။

    “ကျနော်အလုပ်တစ်ခုလုပ်မယ်ဆိုရင် ကျနော်တစ်ဦးတစ်ယောက် မဆုံးဖြတ်ပါဘူး၊ အများအနေနဲ့ရော လုပ်ဖော်ကိုင်ဖက်တွေရော ပြီးတော့တပ်မတော်အကြီးအကဲတွေရော ကျနော်လည်း စာတစ်ခုတော့ ထပ်တင်ထားတာ ရှိပါတယ်၊ ကျနော်တို့ တပ်မတော်နဲ့ ဒီထက်ပိုပြီးငြိမ်းချမ်းအောင်တော့ လက်တွဲစေချင်သေးတယ် အခုအခြေအနေမှာဆိုရင်တော့ နည်းနည်းစောပါသေးတယ်လို့ ဆိုချင်ပါတယ်”ဟု ဗိုလ်မှူးကြီးစောချစ်သူ၏ အင်တာဗျူးတွင် ဆက်လက်ပြောကြားထားသည်။  

    လတ်တလောတွင် ဗိုလ်မှူးကြီးစောချစ်သူအနေဖြင့် နုတ်ထွက်စာမတင်ဖြစ်သေးကြောင်း၊ အကယ်၍ ထွက်စာတင်ပါက မိမိတို့အကြံပေးအဖွဲ့များသာမကပဲ တပ်နယ် ၄ ခုပါထွက်စာတင်ပါက တပ်ဖွဲ့ဝင်အားလုံး ထွက်သွားနိုင်သည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

    သို့ရာတွင် “မနေ့က BGF အစည်းအဝေးလုပ်ကြပါတယ်၊ ဗိုလ်မှူးစောချစ်သူ ထွက်မယ်ဆိုရင် BGF တပ်ရင်း ၁၂ ရင်းလုံး ထွက်မယ်လို့ ဆုံးဖြတ်ကြတယ်” ဟု ကရင်နယ်ခြားစောင့် BGF နှင့်နီးစပ်သည့် ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

    ထို့အတူ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ BGF တပ်ရင်းတပ်ဖွဲ့အားလုံး သက်ဆိုင်ရာသို့ ယနေ့တွင် နုတ်ထွက်စာတင်ထားကြောင်း RFA သတင်းက ဖော်ပြသည်။

    အဆိုပါ BGF တပ်နယ်ဧရိယာရှိ ရွှေကုက္ကိုလ် စီမံကိန်းသည် အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပြီး အစိုးရအုပ်ချုပ်ရေး ယန္တရားအောက်ထည့်သွင်းနိုင်ရေး ဆောင်ရွက်နေကြောင်း ယခုလ ၈ ရက် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။ 

    ၂၀၁၀ ခုနှစ်၊ သြဂုတ်လတွင် တိုးတက်သော ကရင်အမျိုးသား တပ်မတော် DKBA တပ်ရင်း ၁၂ ခု၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF တပ်ရင်း ၁ ရင်းတို့ဖြင့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF ကို ခန့်မှန်းခြေ စုစုပေါင်း တပ်အင်အား ၃ ထောင်ကျော်ခန့် တပ်မတော်လက်အောက်ခံတပ်အဖြစ် တရားဝင်စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အင်အား ၈ ထောင်ဝန်းကျင်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks