Homeသတင်းမွန်ပြည်နယ်အစိုးရ ကတိပေးခဲ့သည့်မေးခွန်းနှင့်အဆိုများ အကောင်ထည်ဖော်နိုင်မှု ထက်ဝက်မျှပင်မရှိ

မွန်ပြည်နယ်အစိုးရ ကတိပေးခဲ့သည့်မေးခွန်းနှင့်အဆိုများ အကောင်ထည်ဖော်နိုင်မှု ထက်ဝက်မျှပင်မရှိ

-

စိုင်းထွန်းစံ (မော်လမြိုင်၊ ၁၃ ဇန်နဝါရီ ၂၀၂၁)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းကာလအတွင်း မွန်ပြည်နယ်အစိုးရအနေဖြင့် ကတိပေးခဲ့သည့် မေးခွန်းနှင့် အဆိုများ အကောင်ထည်ဖော်နိုင်မှု ထက်ဝက်မျှပင်မရှိကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ဒေါက်တာ အောင်နိုင်ဦးက “စာနဲ့မေးတဲ့ မေးခွန်းတွေက သိပ်ကတိဝင်တဲ့မေးခွန်းရယ်လို့ မဖြစ်လိုဘူး။ နှုတ်နဲ့မေးတဲ့မေးခွန်းတွေက တစ်ချို့ကျတော့ ကတိဝင်တယ်။ တစ်ချို့ကျတော့ ကတိမဝင်ဘူး။ ကတိဝင်တဲ့ မေးခွန်းက တစ်ဝက်ကျော်ကျော်လောက်ရှိတယ်။ ဒီအနေအထားမှာ အကောင်ထည်ဆောင်ရွက်မှု ဘယ်လောက်ရှိလဲလို့ ပြောရရင် တစ်ပိုင်းစီပြောပြော နှစ်ခုလုံးခြုံပြီးပြောပြော ထက်ဝက်မကျော်ဘူးလို့ ကတိကဝတ်ကော်မတီနဲ့ လွှတ်တော်ဥက္ကဌတို့က တက်လာတဲ့အခြေအနေ ကြည်ပြီးကိုးကားပြီးတော့ ထက်ဝက်မပြည့်ဘူးလို့သုံးသပ်ထားတယ်” ဟု ပြောကြားခဲ့သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းကာလအတွင်း အဆိုအနေဖြင့် ၅၁ ခုတင်သွင်းခဲ့ပြီး အတည်ပြု မှတ်တမ်းတင်ထားသည့် အဆို ၄၃ ခုကို အတည်ပြုနိုင်ခဲ့သော်လည်း လက်ရှိသက်တမ်းပြီးဆုံးခါနီးအထိ မွန်ပြည်နယ်အစိုးရ၏ အကောင်အထည်ဖော်နိုင်မှုက ၅၀ ရာခိုင်နှုန်း မကျော်ခဲ့ပေ။

“အတည်ဖြစ်သွားတဲ့ အဆိုဟာ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ လက်တွေ့အကောင်ထည်ဖော်ရမည့် သက်ဆိုင်ရာအုပ်ချုပ်ရေး အစိုးရအဖွဲ့ ဖြစ်တယ်။ အဲ့တာကို မဖြစ်မနေအကောင်ထည် ဖော်ရမယ်။ ကော်မတီတွေရဲ့ ပြန်လည်သုံးသပ်ချက်အရ ထက်ဝက်လောက်တောင် အကောင်ထည်မဖော်နိုင်ဘူး ပုံစံမျိုးတွေ့ရတယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

တင်သွင်းခဲ့သည့် အဆိုများထဲတွင် မူးယစ်ဆေးဝါး အန္တရယ်တားဆီး ကာကွယ်ရေး၊ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေးတွေ စသည်တို့နှင့် ပတ်သက်သည့် အဆိုများလည်း ပါဝင်ကြောင်း၊ လွှတ်တော်တွင် မေးခွန်း ၆၀၉ ခု၊ ကြယ်ပွင့်ပြမေးခွန်း ၅၉၃ ခု မေးမြန်းခဲ့ပြီး ကြယ်ပွင့်မပြ မေးခွန်း ၁၆ ခု ရှိကြောင်း၊ စည်ပင်သာယာရေးဥပဒေ၊ စည်ပင်သာယာ အခွန်အခကောက်ဥပဒေ၊ လျှပ်စစ်ဥပဒေ၊ စာကြည့်တိုက်ဥပဒေ၊ နှစ်စဉ်တင်သွင်းရသည့် ဘတ်ဂျက်ဥပဒေ၊ ဒေသန္တရစီမံကိန်းဥပဒေတို့ကို ပြင်ဆင်ဖြည့်စွက်မှုများနှင့် အသစ်ရေးဆွဲမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၁ ကြိမ်၊ အထူးအစည်းအဝေး ၂ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီက စတင်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ထို့အပြင် NLD အစိုးရလက်ထက်တွင် ပိုမိုအားကောင်းသည့် လွှတ်တော်အခင်းအကျင်းကို မျှော်လင့်ထားခဲ့သော်လည်း သက်တမ်းငါးနှစ်သာကုန်သွားပြီး မျှော်လင့်သလိုဖြစ်မလာကြောင်း ပထမအကြိမ် နိုင်ငံရေးလေ့လာ သုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက RFA သို့ပြောသည်။

“ပထမအကြိမ်မှာတော့ အစိုးရကို ထိန်းကျောင်းခွင့်ရတယ်၊ အဆိုတွေလည်း တင်ခွင့်ရတဲ့အတွက်ကြောင့် မျှော်လင့်ထားတာထက် အများကြီးလုပ်နိုင်ခဲ့တယ်၊ အခု ဒုတိယအကြိမ်မှာတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားတဲ့အစိုးရအောက်က လွှတ်တော်ဆိုတော့ ပိုပြီးတော့ မျှော်လင့်ထားပေမယ့် လက်တွေ့မှာ ပါတီထဲက လွှတ်တော် ကိုယ်စားလှယ်ရော တခြားပါတီက ကိုယ်စားလှယ်တွေပါ ထိန်းချုပ်ကန့်သတ်တာတွေခံရတယ်၊ အထူးသဖြင့် သိသာလာတာက မီဒီယာသမားတွေနဲ့ လွတ်လွတ်လပ်လပ် အင်တာဗျူးခွင့်ပြောခွင့် မရဘူး”ဟု ဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ပထမအကြိမ်လွှတ်တော်တွင် အစိုးရနှင့် သူရဦးရွှေမန်းဦးဆောင်သည့် လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်းမှုနှင့် ပွတ်တိုက်မှုတွေရှိခဲ့သော်လည်း ဒီမိုကရေစီအစိုးရဟု ကြွေးကြော်ထားသည့် NLD အစိုးရ လက်ထက် လွှတ်တော်အတွင်း ထိန်းချုပ်ကန့်သတ်မှုများပြီး ပွင့်လင်းမြင်သာမှုနှင့် အစိုးရအပေါ် ထိန်းကြောင်းမှု အားနည်းခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများ၊ လွှတ်တော်စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြောင်း တွေ့ရသည်။




– ဝန်ကြီးချုပ်နှင့် လွှတ်တော်ဒုတိယဥက္ကဌ ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးကြစဥ် (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts