Homeငြိမ်းချမ်းရေးကရင်နှစ်သစ်ကူးနေ့ကို ကိုဗစ် ၁၉ ကာလတွင် အကျဉ်းချုပ်၍သာ ကျင်းပသွားမည်

ကရင်နှစ်သစ်ကူးနေ့ကို ကိုဗစ် ၁၉ ကာလတွင် အကျဉ်းချုပ်၍သာ ကျင်းပသွားမည်

-

ယဉ်ထောမွန် (၁၁ ဇန်နဝါရီ ၂၀၂၁)

ကရင်နှစ် ၂၇၆၀ ခုနှစ် ပြာသိုလဆန်း ၁ ရက်ဖြစ်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၈၃) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကိုဗစ် ၁၉ ကြောင့် ဒေသအလိုက် အကျဉ်းချုပ်၍သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

ကရင်လူမျိုးများ၏ အလေးအနက်ထားသည့် နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် နှစ်သစ်ကူးပွဲတော်ကို မလစ်ဟင်းစေရန် ဒေသအလိုက် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီလိုက်နာပြီး ကျင်းပသွားမည်ဟု ဝန်ကြီးက ဆိုသည်။

 သူက “ရှေးကရင်အမျိုးသားခေါင်းဆောင်တွေ ကြိုးစားခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ကရင်လူမျိုးတွေ အလေးနက်ထားပြီး ဆက်ကျင်းပနေတာကိုတွေ့ရတော့ အရမ်းဝမ်းသာတယ်၊ နှစ်သစ်မှစ၍လည်း ပညာရေး၊ စီးပွားရေး၊ လူမှုဘဝတိုးတက်ရေး၊ စာပေစကားမြှုင့်တင်ဖို့အတွက် ကရင်အမျိုးသားတွေကိုတိုက်တွန်းပါတယ်”

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မိမိတို့၏ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ယခုကဲ့သို့ဂုဏ်ပြုကျင်းပသည့်အခါသမတွင် မိမိကိုယ်မိမိ ကရင်လူမျိုးတစ်ဦးဖြစ်သည်ဟု သတ်မှတ်ခံယူကာ ကရင်အမျိုးသားတို့၏ ဂုဏ်အင်္ဂါလက္ခဏာရပ်များကို မိမိတို့၏ နေ့စဉ်ဘဝ၌ ဖော်ထုတ်ကျင့်သုံးကြပြီး မိမိတို့၏ကျရာအခန်ကဏ္ဍအသီးသီးတို့တွင် စုပေါင်းမြှင့်တင်ကြရန် ကတိကဝတ်ပြုကြပါစို့ဟု ဆန္ဒပြုတိုက်တွန်းအပ်ပါကြောင်း ၎င်းပေးပို့သော သဝဏ်လွှာတွင် ရေးသားဖော်ပြသည်။

ထို့အပြင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပ ါတီ KNDP ၏ သဝဏ်လွှာတွင်လည်း ကရင်အမျိုးသားတို့၏ နှစ်သစ်မင်္ဂလာရက်မြတ်တွင် တိုင်းရင်းသားလူမျိုးများအားလုံး၏ ရည်မှန်းချက်ဖြစ်သော ခိုင်မာသည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနှင့် ထာဝရတည်တန့်ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် နောင်လာမည့် အစိုးရသစ်အနေဖြင့် ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ပြသနာအရပ်ရပ်ကို တရားနည်းလမ်းကျစွာဖြေရှင်းနိုင်စေကြောင်း ဆန္ဒပြု ဆုတောင်းထားသည်။

အလားတူ ကျိုက်မရောမြို့နယ် အတ္ထရံမြစ်အရှေ့ခြမ်းဒေသတွင်လည်း ကရင်နှစ်သစ်ကူးနေ့ကို အဓိကလုပ်ဆောင်ချက် (၃) ချက်ဖြင့်  အကျဉ်းရုံးပြုလုပ်သွားမည်ဟု  ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုဥက္ကဌ ဦးထွန်းလွင်က ပြောသည်။

“ပြိုင်ပွဲတွေတော့မလုပ်တော့ဘူး၊ ကျွန်တော်တို့က ကရင်ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် ဆွမ်းကပ်မယ်၊ ကရင့်ခေါင်းဆောင်ကြီးများ ကြိုးစားထားတဲ့ ကရင်လူမျိုးတို့ရဲ့အလံတင်ပွဲရယ်၊ ကောက်သစ်စားပွဲရယ်ပေါ့နော် ဒီအဓိကအချက်၃ချက်ကို မဖြစ်မနေပြုလုပ်မယ်ပေါ့” ဟု ၎င်းကဆိုသည်။

စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြသည့် ကရင်လူမျိုးများအနေဖြင့် မိမိတို့၏စိုက်ပျိုးရေးလုပ်ငန်းမှ ကောက်ပဲသီးနှံများပေါ်ပေါက်ဖြစ်ထွန်းလာချိန်တွင် မိသားစုများဆွေမျိုးသားချင်းများ ပြန်လည်ဆုံဆည်းကြကာ ကောက်သစ်စားပွဲများ ကျင်းပသည့်လေ့ရှိသည့်ကာလကို ကရင်အမျိုးသားများ၏ နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်တိုင်းရင်းသားများပျံ့နှံ့နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် နှစ်စဉ်ကျင်းပကြပြီး မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts