Tuesday, March 31, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ရှောင်လမ်းတွင် မူးယစ်ဆေးပြား(၁)သိန်းတိတိ ဖမ်းဆီးရမိ

    မော်လမြိုင်မြို့ရှောင်လမ်းတွင် မူးယစ်ဆေးပြား(၁)သိန်းတိတိ ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (မော်လမြိုင်၊ ၀၂ ဇန်နဝါရီ ၂၀၂၁)

    မော်လမြိုင် မြို့ရှောင်လမ်းတွင် ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူး ညသန်းခေါင်အချိန်ခန့်က မော်တော်ယာဉ်နှစ်စီးအား စစ်ဆေးရာမှ မူးယစ်ဆေးပြား (၁)သိန်းခန့် ဖမ်းဆီးရမိကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။

    “ကျနော်တို့ သတင်းရပြီး အခုဖမ်းဆီးရမိတဲ့ Probox ကားကို နောက်ယောင်ခံပြီး လိုက်တယ်၊ မြို့ရှောင်လမ်း ဖိုးလပြည့် ဆီဆိုင်နားအရောက် သူတို့လက်ပြောင်းလက်ခံချိန်မှာ ဝင်ဖမ်းတာပါ၊ မူးယစ်ဆေး အပြားရေ(၁)သိန်း တိတိ ဖမ်းမိတယ်”ဟု မူးယစ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အဆိုပါ ဖိုးလပြည့် စက်သုံးဆီအရောင်းဆိုင်ရှေ့တွင် စိုးလင်းဦး(ခ) ပြောင်လေး မောင်းနှင်လာသည့် Probox အမျိုးအစားမော်တော်ယာဉ်နှင့်  တင်မျိုးလတ်(ခေါ်)ဖိုးခွား၊ စောလှမျိုးကျော်နှင့် ခမ်းပါ(ခေါ်)ရှမ်းတို့ (၃) ဦးတို့၏ BORGWARD အမျိုးအစား မော်တော်ယာဉ်ထံသို့ မူးယစ်ဆေးဝါးများ လွှဲပြောင်းတင်ဆောင်နေချိန်တွင် သတင်းအရ အမှတ်(၃၈) မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)မှ ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်း က ဖော်ပြသည်။

    လူအခွင့်အရေး ပံ့ပိုးသူများအဖွဲ့(မော်လမြိုင်) ဥက္ကဌ ဦးမြင့်သိန်း က “မူးယစ်မိတယ်ဆိုတော့ ကျနော်တို့ မွန်ပြည် နယ်အတွက်ရော မော်လမြိုင်မြို့အတွက်ရော ကောင်းတယ်ပေါ့နော်၊ ဖမ်းဆီးရမိတယ်ဆိုတော့ တကယ်ထိထိရောက်ရောက် အလုပ်လုပ်တယ်နေလို့ပေါ့နော်၊ ဒါကောင်းတဲ့လက္ခဏာရပ်ပဲလေ၊ အရင်တုန်းကဆို သုံးတဲ့လူတွေကိုပဲ ဖမ်းဆီးတာများတယ်၊ သုံးတဲ့လူတွေကိုပဲ ဖမ်းနေလို့အဆင်မပြေဘူးလေ၊ ဒီမူးယစ်ဆေးဝါးကို တကယ်ပဲထဲထဲဝင်ဝင် ကြီးကြီးမားမား ဖြန့်ဖြူးရောင်းချနေသူတွေကို အခုလို ထိထိမိမိ ဖမ်းတယ်ဆိုရင်တော့ ဒါကျနော်တို့အတွက် သတင်းကောင်းလည်းဖြစ်တယ်၊ ဝမ်းသာစရာလည်း ဖြစ်တယ်ပေါ့၊ အဲ့လိုဖမ်းဆီးပြီးတော့လည်း တရားစွဲဆိုရေးအဖွဲ့ကလည်း ထိထိမိမိနဲ့ တရားစွဲဆို ထိထိမိမိ နဲ့အရေးယူအပြစ်ပေး အဲ့လိုလုပ်လာရင်တော့ ကျနော်တို့ထင်တာတော့ ဒီမူးယစ်ဆေးဝါး မပပျောက်ရင်တောင် နည်းပါးသွားမယ်ပေါ့ ထင်တယ်ပေါ့နော်”ဟု ပြောသည်။

    ယင်းဖြစ်စဉ်အပေါ် စိုးလင်းဦးအပါ (၄)ဦးတို့အား မော်လမြိုင်မြို့မရဲစခန်းမှ မယ(ပ)၁/၂၀၂၁ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။

    မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ အပါးချမ်းစက်သုံးဆီဆိုင်ရှေ့တွင် မော်တော်ကားနှစ်စီးဖြင့် လူ ၇ ဦးထံမှ မူးယစ်ဆေးပြားတစ်သိန်းကျော်နှင့် လက်နက် ၃ လက်ကို ဒီဇင်ဘာ ၂၈ ရက်က ဖမ်းဆီးရမိကြောင်း သတင်းဖော်ပြပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks