Homeသတင်းမွန်ပြည်နယ်ကိုဗစ်ကာလ အိမ်ခြံမြေအရောင်းအဝယ်ပါးဟုဆို

မွန်ပြည်နယ်ကိုဗစ်ကာလ အိမ်ခြံမြေအရောင်းအဝယ်ပါးဟုဆို

-

ယဉ်ထောမွန် (၃၀ ဒီဇင်ဘာ ၂၀၂၀)

ကိုဗစ်ကာလအတွင်း မွန်ပြည်နယ် အိမ်ခြံမြေဈေးနှုန်း ရိုက်ခတ်မှုမရှိသော်လည်း အရောင်းအဝယ်ပိုမိုနည်းပါးနေပြီး ဈေးအနိမ့်ပိုင်းမြေကွက်တွေသာ အနည်းငယ်ရောင်းချရကြောင်း မွန်ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်အသင်းဥက္ကဌ နိုင်ထွန်းလွင်က ပြောသည်။

“ဒီဈေးကွက် စီးပွားရေးလုပ်ဖို့အတွက် သိန်း(၁)သောင်းနီးပါးတန်ဖိုးရှိတဲ့ မြေကွက်တွေကိုဝယ်တဲ့ သူတွေကမရှိသလောက်ပါ၊ သိန်း(၁၀၀)နဲ့(၁၅၀) ကြားက မြေကွက်တွေပဲ နည်းနည်းရောင်းရတယ်၊ နောက်ပြီး လမ်းတွေလည်းပိတ်ထားတော့ နယ်ကလူတွေအနေနဲ့ ရန်ကုန်နဲ့အရောင်းအဝယ် မဖြစ်ဘူးပေါ့” ဟု နိုင်ထွန်းလွင်က ဆိုသည်။  

ယခင်က တစ်လလျှင် ပျမ်းမျှအိမ်မြေကွက်(၅)ကွက်ခန့် အရောင်းအဝယ်ရှိရာမှ ယခုကိုဗစ်ကာလအတွင်း (၂)ကွက်ခန့်သာအရောင်းအဝယ်ရှိနေကြောင်း ရာမညဌာနီ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မင်းဗညားမူက ပြောပါသည်။

“ကျွန်တော်တို့ဆီကနေပြီးတော့ တိုက်ရိုက်ငွေချေစနစ်နဲ့ပဲ ဝယ်တဲ့သူတွေများတယ်၊ ဒီကိုဗစ်ကာလမှာဆိုရင် ဝယ်သူတွေဘက်ကနေပြီး ပိုက်ဆံအဆင်မပြေလို့ ကျွန်တော်တို့ဘက်ကနေပြီးတော့(၁)လ(၂)လ စောင့်ရတာတွေလည်းရှိတယ်”ဟု မင်းဗညားမူက ဆိုသည်။

ထို့အပြင် အရောင်းအဝယ်ဖြစ်သော အိမ်ခြံမြေများတွင်လည်း စာချုပ်ချုပ်ဆိုခြင်း၊ ငွေချေခြင်းလုပ်ငန်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် အချိန်ကြန့်ကြာခြင်းများကြောင့် အခက်ခဲများဖြစ်ပေါ်နေကြောင်းလည်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ 

မတ်လ(၂၃)ရက်က မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုလူနာ စတင်တွေ့ရှိပြီးနောက် အိမ်ခြံမြေကဏ္ဍအတွက် ထိခိုက်မှုများရှိလာပြီး ဈေးကွက်ပြန်လည် လည်ပတ်နိုင်ရေးအတွက် အွန်လိုင်းမှတဆင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို အပြိုင်အဆိုင် အသုံးပြုလာကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်နှင့်နီးသော ဥယျာဉ်အများစုကို ပေ ၃၀/၅၀၊၃၀/၆၀၊၄၀/၆၀ အရွယ်အစားရှိသော မြေကွက်အဖြစ် ပိုမိုအရောင်းအဝယ်ပြုလုပ်လာသည်ကိုလည်း တွေ့ရသည်။

အလားတူ အချို့သော ကျေးရွာများတွင် လမ်းမတန်းနှင့် နီးသော ရော်ဘာခြံ၊ လယ်မြေတို့ကို အခြားနည်းဖြင့် သုံးစွဲခွင့်တောင်းခံပြီး မြေကွက်ရိုက် ရောင်းချမှုများရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts