spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း အစိုးရ၏သစ္စာအထူးစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ကွင်းဆင်းဆောင်ရွက်

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်း အစိုးရ၏သစ္စာအထူးစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ကွင်းဆင်းဆောင်ရွက်

    -

    မွန်သတင်းအေဂျင်စီ (၂၅ ဒီဇင်ဘာ ၂၀၂၀)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသတွင် အစိုးရ၏သစ္စာအထူးစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုစာရင်းထုတ်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ 

    မွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ ဒေသခံပြည်သူ (၂၂၀၄) ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်  အိမ်ထောင်စုစာရင်း (၁၇၅၈)စောင်တို့ကို ပထမဆုံးအကြိမ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ပြောသည်။

    ”တိုင်းရင်းသားတွေက မွေးရာပါနိုင်ငံသားအခွင့်အရေးရှိပြီးသားကို ကျွန်တော်တို့က မဖြစ်ဖြစ်အောင် အခြေခံဥပဒေနဲ့အညီ အထူးစီမံချက်တစ်ရပ်အနေနဲ့ နိုင်ငံသားကတ်ရရှိစေချင်တဲ့ စေတနာအပြည့်နဲ့ သန်းခေါင်စာရင်းရော မှတ်ပုံတင်ရော လွယ်လင့်တကူရအောင် ဆောင်ရွက်ပေးတာပါ”ဟု လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ဆိုသည်။

    ရေးချောင်းဖျားဒေသတွင် ပြည်ထဲရေးအမည်ပေါက်ကျေးရွာပေါင်း (၉) ရွာနှင့် အမည်မပေါက်ကျေးရွာ (၁၁) ရွာရှိ ဒေသခံပြည်သူများအား (၃) နေရာခွဲ၍ မွန်အမျိုးသားပညာရေးကော်မတီမှ ပညာရေးဝန်ထမ်း (၃၅) ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ မွန်ပြည်သစ်ပါတီ၊  ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နော်ဝေး နိုင်ငံအခြေစိုက်ကူညီထောက်ပံ့ရေးအဖွဲ့ NRC (Norwegian Refugee Council) က လိုအပ်သောပံ့ပိုးမှုများ အကူအညီပေးအပ်ခဲ့ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ” အပစ်အခတ်ရပ်စဲရေးမလုပ်ခင် ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းကနေပြီးတော့ အပစ်အခတ်ရပ်စဲပြီးတော့ ဒီမှာလာရောက်အခြေချနေထိုင်တဲ့နေရာမှာ မှတ်ပုံတင်မရှိကြတော့ သွားလာရေး ပညာရေး ကျန်းမာရေး စီးပွားရေးလုပ်ဆောင်တဲ့နေရာမှာ အများကြီးအခက်အခဲဖြစ်သလို မဲပေးပိုင်ခွင့်အတွက်လည်း အခက်အခဲဖြစ်တယ်၊ ခုလို ကွင်းဆင်းပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်ပေးတယ်၊ NRPC အဖွဲ့ကနေပြီးတော့လည်း ကူညီပေးတဲ့အတွက် ရှေ့ဆက်ပြီးတော့ ပညာရေး ကျန်းမာရေး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးတွေအတွက် အများကြီးအဆင်ပြေသလို လာမယ့်ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရဖို့အတွက်လည်း အများကြီးအထောက်အကူဖြစ်ပါတယ်၊ ကျေးဇူးလည်းအထူးတင်ရှိပါတယ်” ဟု ပြောသည်။

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသနှင့် ထားဝယ်ခရိုင်အတွင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ကျေးရွာပေါင်း (၃၅)ရွာ အိမ်ထောင်စုပေါင်း (၆၀၀၀) ကျော် လူဦးရေ (၃)သောင်းနီးပါးရှိကြောင်း မှတ်တမ်းများတွင် တွေ့ရှိသည်။

    အဆိုပါထိန်းချုပ်နယ်မြေတွင် မွန်ပြည်သစ်ပါတီလက်အောက်ခံ စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာဌာနအဆင့်ဆင့်နှင့် တရားစီရင်ရေးများကို သီးခြားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

    တပ်မတော်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် အပစ်ရပ်စဲမှုသဘောတူညီခဲ့စဉ် တပ်တည်ဧရိယာများသတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် NCA လက်မှတ်ရေးထိုးခဲ့ရာတွင် ယခင်သဘောတူညီချက်အားလုံးအကြုံးဝင်သဖြင့် ရေးချောင်းဖျားဒေသအပါအဝင် ကရင်ပြည်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ ဆက်လက်အခြေချလျှက်ရှိသည်။ 

    ထို့အတူ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များနှင့် မှီခိုသူမိသားစုဝင်များအား တပ်မတော်အစိုးရလက်ထက်မှစတင်၍ အလျှင်းသင့်သလို နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အမျိုးသားမှတ်ပုံတင်ကတ်ပြားများပြုလုပ်ပေးခဲ့ပြီး စီမံချက်အားဖြင့် ၂၀၀၈ နှင့် ၂၀၁၄ ခုနှစ်များတွင် လူဝင်မှုကြီးကြပ်ရေးဌာနက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

    NLD အစိုးရ၏ “သစ္စာစီမံချက်” ဆိုသည်ကို အဓိပ္ပါယ်ဖွင့်ဆိုချက်အတိအကျဖော်ခြင်းမတွေ့ရသော်လည်း ပြည်သူအပေါ်ရော အစိုးရအပေါ်ရော သစ္စာရှိရှိ လုပ်ကိုင်ဆောင်ရွက်ခြင်းကိုဆိုလိုကြောင်း၊ NLD အစိုးရသစ်အာဏာလွှဲယူသည့် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်သည့် ရက် ၁၀၀ စီမံကိန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ရွှေ့ပြောင်းအလုပ်သမားများအား မိမိတို့ရောက်ရှိနေထိုင်ရာဒေသများတွင် မည်သည့်အထောက်အထားမှမပါရှိသော်လည်း နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ချက်ချင်းထုတ်ပေးသည့်အစီအစဉ်ဖြစ်ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

    Photo- မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် (Win Naing Thet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks