Homeသတင်းမုဒုံမြို့ပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲသည်ဟုယူဆရသည့် လူငယ်(၃)ဦးထံမှ ဆေးပြား(၂၇)ပြား ဖမ်းဆီးရမိ

မုဒုံမြို့ပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲသည်ဟုယူဆရသည့် လူငယ်(၃)ဦးထံမှ ဆေးပြား(၂၇)ပြား ဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (၂၅ ဒီဇင်ဘာ ၂၀၂၀)

မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲသည်ဟုယူဆရသော မသင်္ကာဖွယ် လူငယ်(၃)ဦးထံမှ ဒီဇင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းအချိန်က မူးယစ်ဆေးဝါး (၂၇) ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း မုဒုံမြို့မရဲစခန်းထံမှ သတင်းရရှိသည်။

“ကျနော်စခန်းကအဖွဲ့တွေ  လှည့်ကင်းဆောင်ရွက်နေချိန် မသင်္ကာလို့စစ်ဆေးရာမှ မိတာ၊ ကျွန်တော်တို့စခန်းအနေနဲ့က မူးယစ်မှမဟုတ်ပါဘူး ခိုးနှိုက်လုယက်မှုတွေ လူကုန်ကူးမှုတွေ ပပျောက်ဖို့ လှည့်ကင်းသဘော တောက်လျှောက်ဆောင်ရွက်နေပါတယ်”ဟု မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးထွန်းက ပြောသည်။

မြို့မ(၄)ရပ်ကွက် ပိတောက်ရွှေဝါ(၅)လမ်း လမ်းဘေးရေမြောင်းတွင် ထိုင်နေကြသူ မုဒုံမြို့နေသူများဖြစ်ကြသည့် ပြည့်ဖြိုးမောင်(၂၁-နှစ်) ၊ သူရအောင်(ခ)မိုးတီး(၁၈-နှစ်) အောင်သူရနိုင်(၁၈-နှစ်) တို့ ၃ ဦးကို ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် စစ်ဆေးရာမှ R စာတန်းတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

“ဖမ်းဆီးမှုစိပ်လာတာကို ကြိုဆိုပါတယ်၊ သုံးစွဲအဆင့်လူငယ်လေးတွေ ထောင်ထဲမှာ ဘဝဆုံးကုန်မှာတော့ သနားမိတယ်ပေါ့၊ လက်ကြီး ရောင်းဝယ်ဖောက်ကားသူတွေ ပိုပြီးတော့များများ ဖမ်းမိစေချင်တယ်ပေါ့နော်၊ ဒီမုဒုံမြို့လေးကိုမူးယစ်ကင်းစင်တဲ့ မြို့လေးတစ်မြို့အဖြစ် မြင်ချင်ပါတယ်၊ ဘာပဲပြောပြော အခုလိုဖမ်းဆီးမှုများလာရင်တော့ ရောင်းဝယ်ဖောက်ကားသူတွေပါးသွားမှာပါ ကြိုဆိုပါတယ်”ဟု မုဒုံမြို့ဒေသခံ ကိုကျော်သူက ပြောသည်။

အဆိုပါဖမ်းဆီးရမိသော လူငယ် (၃)ဦးအပေါ် မုဒုံမြို့မရဲစခန်းမှ မယ(ပ)၉၄/ ၂၀၂၀ မူး/စိတ်ဥပဒေပုဒ်မ-၁၆(ဂ)/၂၁ အရ အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

မူးယစ်ဆေးဝါးဖမ်းမိသည့်ဖြစ်စဉ်တွင် ၂၀၂၀ ခုနှစ်အတွင်း မုဒုံမြို့မရဲစခန်းမှ (၉၄)မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts