Home ငြိမ်းချမ်းရေး NCA လက်မှတ်ထိုးသည့်အပေါ် အခွင့်ကောင်းယူ၍ အစိုးရအုပ်ချုပ်ရေးနှင့် တပ်မတော်စစ်ရေးနယ်မြေချဲ့ထွင်လာမှုကြောင့် တိုက်ပွဲများပြန်ဖြစ်လာဟု KNU ဆို

NCA လက်မှတ်ထိုးသည့်အပေါ် အခွင့်ကောင်းယူ၍ အစိုးရအုပ်ချုပ်ရေးနှင့် တပ်မတော်စစ်ရေးနယ်မြေချဲ့ထွင်လာမှုကြောင့် တိုက်ပွဲများပြန်ဖြစ်လာဟု KNU ဆို

မွန်သတင်းအေဂျင်စီ (၂၃ ဒီဇင်ဘာ ၂၀၂၀)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်အပေါ် အခွင့်ကောင်းယူ၍ အစိုးရအုပ်ချုပ်ရေးနှင့် တပ်မတော်စစ်ရေးနယ်မြေချဲ့ထွင်လာမှုကြောင့် တိုက်ပွဲများပြန်ဖြစ်ရကြောင်း KNU ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ 

ပဒိုမန်းမန်းက “NCA စာချုပ်တင် ၄-၅ နှစ်ရှိပြီပေါ့နော်၊ နောက် Bilateral အပစ်အခတ်ရပ်စဲရေးဆိုလည်းပဲ ၇ နှစ် ၈ နှစ်လောက်ရှိပြီဆိုတော့လည်း ဒီအချိန်ထိတောင်မှ တပ်ပိုင်းဆိုင်ရာကိစ္စကို ဆက်လက်ဆွေးနွေးရန် ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီဟာတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် စစ်တပ်ဖက်ကရော အစိုးရဖက်ကရော ဒီအပေါ်မှာ အခွင့်အကောင်းယူပြီးတော့ အုပ်ချုပ်ရေးနယ်မြေတိုးချဲ့တာတွေ နောက်စစ်ရေးအရ သူတို့ရဲ့ နယ်မြေစိုးမိုးရေး တိုးချဲ့လာတာတွေ ရှိလာတဲ့ အတွက်ကြောင့်မို့ ဒီတိုက်ပွဲတွေက ပြန်ဖြစ်လာရတာဖြစ်တယ်။ ဒီပစ်ခတ်မှုတွေ ပြန်ဖြစ်လာရတာဖြစ်တယ်” ဟု ဆိုသည်။

ဖာပွန်ခရိုင်အတွင်း မကြာသေးခင်ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သော တပ်မတော်၏ မဲဝိုင်တပ်စခန်းသည် KNU နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွင်း ယုံကြည်မှုတည်ဆောက်နိုင်ရန်နှင့် စစ်မှန်သော ငြိမ်းချမ်းရေး ပေါ်ပေါက်စေရန်အတွက် အစိုးရတပ်စခန်းများ ရုပ်သိမ်းပေးရန် KNU တောင်းဆိုမှုများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်ဟု ဆိုသည်။

“ NCA စာချုပ်ပေါ်မှာ ပတ်သက်ရင်တော့ တစ်ဖက်နဲ့ တစ်ဖက် အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆို ကျွန်တော်တို့ လမ်းညွန်မှုဆိုတာ ထားရမှာပဲ နယ်မြေသတ်မှတ်ချက်ဆိုတာ ရှိရမှာပဲ ကျွန်တော်တို့ တောင်းဆိုထားပြီးလည်းဖြစ်တယ် တောင်းဆိုချက်တွေအပေါ်မျာ ယနေ့အထိ အကောင်အထည်မဖော်တဲ့အခါကြတော့ ရှုတ်ထွေးမှုတွေ ပိုများလာတယ်ပေါ့ဗျာ ရှုတ်ထွေးမှုတွေ ပိုများလာတဲ့အခါကြတော့ နောက်ဆုံးအကြိမ်ဆိုတာပဲ ၂၀၂၀ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဒါကို သတိပေးလိုက်တာဖြစ်တယ်” ဟု ဆိုသည်။

ငြိမ်းချမ်းရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်ရေးကို ရှေးရှုပြီး မြန်မာ့တပ်မတော်အနေဖြင့် ကျေးရွာအတွင်း ယခင်စခန်းချတပ်စွဲထားသည့် တပ်စခန်းများနှင့် ထပ်မံတိုးချဲ့ခဲ့သည့် စခန်းများအား ၂၀၂၀ အကုန်တွင် အပြီးအပိုင်ရုတ်သိမ်းပေးရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဒီဇင်ဘာလ ၁ ရက်နေ့စွဲဖြင့် သဘောထားတစ်ရပ် ထုတ်ပြန်ထားသည်။

သို့ရာတွင် KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် ဒီဇင်ဘာလအတွင်း မဲဝိုင်အနီး သတ်မှတ် နယ်မြေ ကျော်လွန်၍ မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ်နှင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း၊ KNLA တပ်မဟာ(၅)၏ NCA သဘောတူစာချုပ် ချိုးဖောက်မှုများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(ပြည်နယ်အဆင့်) Joint Ceasefire Monitoring Committee – State Level သို့  ၃၉ ကြိမ် ကန့်ကွက်ခဲ့ကြောင်းနှင့် နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေး အတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “ဒါတွေကတော့ JMC မှာ ဖြေရှင်းမှရမှာပါဗျ ဒါတွေကတော့ အငြင်းပွားနေတဲ့ ကိစ္စတွေပါပဲ၊ KNU နဲ့မှ အငြင်းပွားနေတာမဟုတ်ဘူး RCSS နဲ့လည်း အငြင်းပွားနေတာပဲ အဲတော့ ပဋိက္ခတွေကတော့ ကြီးလာလိုက် သေးသွားလိုက် ဒီလိုတစ်လျှောက်လုံး ဖြစ်နေတာပါပဲ မဲဝိုင် ဧရိယာ ဖာပွန်မှာ ဖြစ်တဲ့ တိုက်ပွဲဆိုတာ အခုမှ ဖြစ်တာ မဟုတ်ဘူးဗျ ကြာလှပြီ အဓိကတော့ JMC ယန္တာယား မလည်ပတ်လို့ ဖြစ်နေတာပါ” ဟု ဆိုသည်။

NCA လက်မှတ်ရေးထိုးတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း NCA-S EAO ၁၀ ဖွဲ့တွင် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ NMSP တို့အကြား အပစ်ရပ်နယ်မြေများသတ်မှတ်ပေးထားသော်လည်း KNU နှင့် RCSS အဖွဲ့များအား သတ်မှတ်ပေးခြင်း မရှိသေးပေ။

ဒီဇင်ဘာလဆန်းပိုင်းကတည်းက တပ်မတော်နှင့် KNU နှစ်ဖက်တပ်တို့ ထိတွေ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပေါ်လာသဖြင့် မဲဝိုင်၊ ကိုင်းကုတ်၊ လှဂွန်းပျို၊ ဝင်းမောင်၊ ဖာပွန်နှင့် ကမမောင်း စသည့် တပ်မတော်တပ်စခန်းအနီးတဝိုက်ရှိ ရွာသားများထွက်ပြေးနေရကြောင်း၊ တပ်မတော်စစ်ကြောင်းများ တိုးလာသည့်အတွက် ရွာသားများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN မှ ဆရာမနော်ဆာမူးက ပြောသည်။

“အဲမှာနေရင်တော့ အခက်အခဲမနည်းကြုံရတာပေါ့လေ သူတို့လည်းကြောက်တာပေ့ါ စားဝတ်နေရေးအတွက်လည်း အခက်အခဲရှိတယ် ခလေးတွေ မိန်းခလေးတွေအတွက်လည်း အများကြီးအခက်အခဲကြုံရမှာပဲလေ စစ်ပွဲကတော့ မရပ်သေးဘူး ဗမာစစ်တပ်ကတော့ တိုးလာတယ်လေ ဒေသခံရွာသားတွေကတော့ သူတို့နေရာမှာ နေလို့မရဲတော့ဘူးလေ အဲဒါကြောင့် တခြားရွာမှာ သူတို့အမျိုးဆီမှာ safe တဲ့နေရာမှာ သူတို့သွားနေရမှာပေါ့”ဟု ဆရာမနော်ဆာမူးက ဆိုသည်။

ဖာပွန်ဒေသတွင် အခြေချလှုပ်ရှားလျှက်ရှိသော တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက် အောက်ခံ ခြေမြန်တပ်ရင်းများနှင့် KNU တပ်မဟာ (၅) လက်အောက်ခံ KNLA (၁၀၂) တပ်ရင်းတို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ရာနှင့်ချီသော ဒေသခံရွာသားများက မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ရှိ နီးစပ်ရာ ဆွေမျိုးနေအိမ်များသို့ ထွက်ပြေးခိုလှုံနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

Photo- KNLA တပ်ဖွဲ့ဝင်များ (Hsue Khet)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.