spot_img
Wednesday, February 11, 2026
More
    spot_img
    HomeCovid 19အသွားအလာကန့်သတ်ထားချိန်တွင် မွန်ပြည်နယ်ဆားလုပ်ငန်း အလုပ်သမားရှားပါး

    အသွားအလာကန့်သတ်ထားချိန်တွင် မွန်ပြည်နယ်ဆားလုပ်ငန်း အလုပ်သမားရှားပါး

    -

    ယဉ်ထောမွန် (ဒီဇင်ဘာ ၁၀-၂၀၂၀)

    လက်ရှိကိုဗစ်ကာလ အသွားအလာကန့်သတ်ထားချိန်တွင် မွန်ပြည်နယ် ဆားကွင်းလုပ်ငန်းအများစုရှိသည့် သံဖြူဇရပ်မြို့နယ်၌ အလုပ်သမားရှားပါးမှုနှင့်ရင်ဆိုင်နေရပြီး လုပ်ငန်းအချို့ရပ်ဆိုင်းထားရသည်ဟု သတင်းရရှိသည်။

    ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးမှာ လာရောက်အလုပ်လုပ်ကိုင်ကြသည့် ရွေ့ပြောင်းအလုပ်သမားများအပေါ်  မှီခိုအားထားနေရသော ဆားလုပ်ငန်းများအတွက် လုပ်သားမရှိသဖြင့် လုပ်ငန်းရပ်ဆိုင်းထားရကြောင်း ပငကျေးရွာမှ ဆားတောင်သူ ဦးအောင်နိုင်က ပြောသည်။

    ဦးအောင်နိုင်က “အလုပ်သမားတွေကတော့ ပြီးတဲ့နှစ်အလုပ်သိမ်းတဲ့အချိန်မှာ ပြန်သွားတာ အခုအချိန်ထိ ပြန်ဝင်လာဖို့ အဆင်မပြေကြသေးဘူးပေါ့နော် ရွာကနေ့စားသမားတွေက တစ်နေ့ကျပ် ၈ ထောင် ၉ ထောင်လောက်ရမှ လုပ်ကြတယ်ဆိုတော့ အဆင်မပြေဘူး၊ အများစုကတော့ ထိုင်းကိုပဲ အလုပ်သွားလုပ်ကြတာများတယ် ရွာကလူတွေက ဆားထမ်းတဲ့အလုပ်ကိုတော့ သိပ်မလုပ်ကြတော့ဘူး” ဟု ပြောသည်။

    နေလှမ်းဆားဖိုတစ်ခုတွင် ပျမ်းမျှအားဖြင့်ဆားလုပ်သား ၁၅ ဦးမှ ၂၀ ဦးအထိ လိုအပ်နေပြီး နေ့စားလုပ်သားတစ်ဦးလျှင် တစ်ရက်ကျပ် ၆၀၀၀ နှုန်း၊ လစာလုပ်သားတစ်ဦး ကျပ် ၂ သိန်းဝန်းကျင် အထိဈေးနှုန်းပေါက်နေကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းဥက္ကဌ နိုင်ဘရှိန်းက ဆိုသည်။

    နိုင်ဘရှိန်းက “အခုလို နေလှန်းတဲ့ချိန်မှာတော့ လုပ်သားနည်းပါးလို့ အဆင်ပြေသလို လုပ်လိုက်ရပေမယ့် ဆားသိမ်းတဲ့အချိန်မှာတော့ လုံးဝအဆင်ပြေမှာမဟုတ်တော့ဘူး၊ ဖြစ်နိုင်ရင် အလုပ်သမားတွေကို ကျန်းမာရေးစစ်ဆေးချက်တွေပြုလုပ်ပြီး ဝင်ရောက်ခွင့်ပြုဖို့ အစိုးရဆီ တောင်းဆိုရတော့မယ့်အနေအထားပါ”ဟု ဆိုသည်။

    လတ်တလော မွန်ပြည်နယ်သို့ ဝင်ရောက်လာမည့် ခရီးသွားများအနေဖြင့် စစ်တောင်းတံတားဂိတ်အဝင်တွင် ဆေးစစ်ချက်ခံယူရခြင်း၊ ခရီးသွားထောက်ခံချက်ပြသရခြင်းနှင့် ရက်(၂၀) အသွားအလာကန့်သတ်နေထိုင်ရန် ငွေ ၅ သောင်းကျပ်ပေးသွင်းရမည်ဖြစ်ကြောင်း သိရပါသည်။

    လက်ရှိကိုဗစ်ကာလအတွင်း  မိမိတို့လုပ်ငန်းရှင်အနေဖြင့် ရက်ကျော်လွန်မှ နေ့စားကြေးထုတ်ပေးသဖြင့် အခက်အခဲအချို့လည်းရှိနေကြောင်း ပငဆားစီမံကိန်းတွင် နေထိုင်သူ မအေးမာက ပြောသည်။

    “တစ်နေ့လုပ်မှ တစ်နေ့စားရတော့ ရက်ကြေးပုံမှန်မရတော့  မိသားစုအတွက် စားဖို့သောက်ဖို့ အကြွေးဝယ်ရတာတွေလည်းရှိတာပေါ့ အပြင်ထွက်ဖို့လည်းခက်ခဲတော့ ရှိတာလေးပဲမျှစားနေရတာပေါ့” ဟု သူမက ဆိုသည်။

    နေလှန်းဆားလုပ်ငန်းကို စက်တင်ဘာလမှ မေလအထိလုပ်ကိုင်ကြပြီး သံဖြူဇရပ်မြို့နယ်တွင်  ပင၊ ကျိုက္ခမီမြို့နှင့် စက်စဲကျေးရွာများတွင် ဆားလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြသည်။

    မွန်ပြည်နယ်အတွင်း နေလှန်းဆားကွင်းပေါင်းဧက (၄၃၀၀)ရှိပြီး ဆားလုပ်ငန်းရှင်(၉၀) ခန့်၊ ဆားကွင်းလုပ်သား (၁၅၀၀) နှင့်မှီခိုမိသားစုများ ရှိကြပြီး ဒေသခံအများစု၏ မှီခိုအားထားရာ မိရိုးဖလာ လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ 

    Photo-ပငဆားကွင်း (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks