spot_img
Friday, June 14, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးလက်ရှိရွေးကောက်ပွဲစနစ်က လူနည်းစုတိုင်းရင်းသားပါတီများအတွက် မျှတမှုရှိပါသလား

    လက်ရှိရွေးကောက်ပွဲစနစ်က လူနည်းစုတိုင်းရင်းသားပါတီများအတွက် မျှတမှုရှိပါသလား

    -

    ဗညားမွန်

     ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပင် ပြည်သူ့ လွှတ်တော် ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၃၈ နေရာဖြစ်သည့်အတွက် ပြည် ထောင်စုလွှတ်တော်၌ ၃၉၆ နေရာနှင့် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်မှာ ၅၀၁ နေရာဖြင့် ၈၃ ရာခိုင်နှုန်းခန့် မဲအပြတ်အသတ်ဆက် လက်အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများက ပြည်သူ့လွှတ်တော် ၃၁ နေရာနှင့် အမျိုးသားလွှတ်တော် ၁၆ နေရာ စုစုပေါင်း ၄၇ နေရာသာ အနိုင်ရရှိခဲ့ပါသည်။

    ၂၀၁၅ ခု  ရွေးကောက်ပွဲအပေါ် သင်ခန်းစာယူကာ တိုင်းရင်းသားနိုင်ငံရေးပါတီများသည် အချင်းချင်း ပေါင်းစည်းကြပြီး ပါတီကြီးများနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်လာပါသည်၊ ဆိုင်ရာတိုင်ရင်းသားများ၏ထောက်ခံမှု ပိုမို ထောက်ခံမှုရလာသဖြင့် ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ ပိုမိုအနိုင်ရရှိမည်ဟု မျှော်မှန်း သော်လည်း လက်တွေ့တွင် ဖြစ်မလာပေ၊၊

    သို့ရာတွင် ရခိုင်ပြည်နယ်၏ထူးခြားမှုအရ ယခင်ရွေးကောက်ပွဲကဲ့သို့ပင် ရခိုင်ပြည်နယ်လွှတ်တော်၌ ရခိုင်တိုင်း ရင်းသားနိုင်ငံရေးပါတီက အများစုအနိုင်ရရှိခဲ့ပြီး အခြားပြည်နယ်လွှတ်တော်အများစုတွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီကပင် အရေအတွက်များများ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားပါတီအများစုသည် ပြည်ထောင်စုအဆင့်လွှတ်တော်တွင်သာမက သက်ဆိုင်ရာပြည်နယ်လွှတ်တော်မှာလည်း ပြည်မပါတီကြီးများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။

    အကန့်အသတ်များ

    တိုင်းရင်းသားများ၏တန်းတူအခွင့်အရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများသည်  လွှတ်တော်တွင် တင်ပြ ဆွေးနွေးရန် အားခဲထားကြသော်လည်း လက်ရှိရွေးကောက်ပွဲရလဒ်အရ ဖြစ်နိုင်မည်မဟုတ်ပေ။

    ပြည်မနိုင်ငံရေးပါတီကြီးများကို တိုင်းရင်းသားနိုင်ငံရေးပါတီများ မယှဉ်ပြိုင်နိုင်ခြင်းမှာ အရင်းအမြစ်နှင့် စွမ်းအား နည်းပါးခြင်းကြောင့် တစ်ခုတည်းသက်သက်မဟုတ်ဘဲ ရွေးကောက်ပွဲစနစ်နှင့်ဆက်စပ်သော အကန့် အသတ် များစွာလည်း ရှိနေပါသည်။

    လက်ရှိကျင့်သုံးနေသည့် Fast Past The Post (FPTP) သာမန်မဲအများစုရ နိုင်သည့်စနစ်သည်  နိုင်သူ အကုန် ယူရွေးကောက်ပွဲ စနစ်ဖြစ်ပြီး လူများစုပြည်မအခြေပြုနိုင်ငံရေးပါတီကြီးများကို မျက်နာသာပေးထားသည့် ရွေး ကောက်ပွဲစနစ်ဖြစ်သည်။ ဤရွေးကောက်ပွဲစနစ်အပေါ်မှ အခြေပြု၍ တိုင်းရင်းသားနိုင်ငံရေးပါတီများအပေါ် ပြည် မနိုင်ငံရေးပါတီကြီးများ အမြဲတမ်းမဲအသာစီးရရှိစေရန်  ဖန်တီးပေးထားသည်။

    ပထမအချက်မှာ လူများစုအသာရစေသည့် “Gerrymandering” မဲဆန္ဒနယ်များသတ်မှတ်ထားခြင်း ဖြစ်ပါသည်၊ မဲဆန္ဒနယ်များကို  လူဦးရေအခြေခံဟုတ်ဘဲ မြို့နယ်အခြေခံဖြင့် သတ်မှတ်ထားသည့်အတွက် တိုင်းဒေသကြီး ၇ တိုင်းရှိ  မြန်မာလူမျိုးများက အစိုးရအာဏာကို ထိန်းချုပ်ရန် အခွင့်အလမ်း ပိုမိုရရှိစေသည်။

    တစ်နိုင်ငံလုံးတွင် မြို့နယ် ၃၃၀ အနက် တိုင်းဒေသကြီး ၇ တိုင်း၌ ၂၀၇ မြို့နယ်ရှိနေပြီး ပြည်နယ် ၇ ခုတွင် ၁၂၃ မြို့ နယ်သာ သတ်မှတ်ပေးထားသဖြင့် တိုင်းဒေသကြီးများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၀၇ ဦးနှင့် ပြည်နယ်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂၃ ဦးရှိသဖြင့် ၂ အချိုး ၁ အရေအတွက်နီးပါး တိုင်းဒေ သကြီးက အလိုလို အသာရရှိစေရန် ဖန်တီးပေးထားသည်။

    မြို့နယ်အခြေပြု မဲဆန္ဒနယ်သတ်မှတ်ပေးထားသည့်အတွက် လူမျိုးများစုပေါင်းနေထိုင်သည့်မြို့နယ်များတွင် ပါတီ ကြီး များအတွက် နိုင်ခြေသာစေပါသည်၊ လူမျိုးများစုပေါင်းနေထိုင်သည့်မြို့နယ်များတွင် ဒေသခံပါတီများပြား သည့်အတွက် မဲကွဲခြင်း၊  မဲဆန္ဒနယ်မြေ သတ်မှတ်သည့်အခါ မြို့ပြနေ မြန်မာလူဦးရေက တိုင်းရင်းသားလူဦး ရေအပေါ် လွှမ်းမိုးနိုင်အောင် သတ်မှတ်ခြင်းဖြင့် ပါတီကြီးများ အလိုလို အနိုင်ရရှိစေရန် ဖန်တီးပေးထားသည်။

    ဒုတိယအချက်မှာ ပြည်နယ်များအတွင်း ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာရွေ့ပြောင်းခံရခြင်းနှင့် ပြည်နယ် အတွင်းသို့ မြန်မာရွှေ့ပြောင်းများအလုံးအရင်း ဝင်ရောက်လာခြင်းဖြစ်သည်။ ပြည်တွင်းစစ် ပဋိပက္ခများ ကြောင့် တိုင်းရင်းလူမျိုးများသည် နယ်စပ်ဒေသများနှင့်အိမ်နီးနားချင်းနိုင်ငံများသို့ နေရပ်စွန့်ခွာပြောင်းရွှေ့သွားရသည်၊ တရုတ်၊ ထိုင်း၊ ဘင်္လာဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ နယ်စပ်များတွင် နေရပ်စွန့် ခွာသူ ၂ သန်းနီးပါးရှိပြီး အများစုသည် တိုင်းရင်းသားလူမျိုးများဖြစ်သည်၊ ၎င်းတို့အထဲမှ အနည်းစုထဲသာ မဲထည့်နိုင်သည်။

    ထို့ပြင် အိမ်နီးနားချင်းထိုင်းနိုင်ငံတွင် တရားဝင်/တရားမဝင် ရွေ့ပြောင်းအလုပ်လုပ်ကိုင်နေသူ ၄ သန်းခန့်ရှိပြီး အများစုမှာ တိုင်းရင်းသားများ ဖြစ်သည်။ သက်ဆိုင်ရာသံရုံးများတွင် မဲထည့်ခွင့်ရှိသော်လည်း လာရောက်မည့် ခရီးဝေးခြင်း၊လမ်းစရိတ်ငွေကြေးအကုန်အကျများပြားခြင်းနှင့် ရှုပ်ထွေးကြန့်ကြာသည့်လုပ်ငန်းစဉ်များကြောင့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် တရားဝင်မဲထည့်ခွင့်ရှိသူ ၁၆ သိန်းကျော်ရှိသည့်အနက် မဲလာထည့်သူ ၄ သောင်းပင် မပြည့်ခဲ့ပေ။

    ဤသို့သောအခြေအနေအောက်တွင် ရက်ပေါင်း ၉၀ အတွင်းရောက်ရှိလာသော ပြည်တွင်း ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူများကို မှတ်ပုံတင်အထောက်အထားမရှိသော်လည်း ဒေသခံကိုယ်စား လှယ်လောင်းများအား ပုံစံ ၃(က) ဖြင့် မဲပေးခွင့်ပြုခဲ့သည်မှာ ဒေသခံတိုင်းရင်းသား ပါတီ များအဖို့ နှစ်ထပ်အထိနာစေပါသည်။

    ၎င်းရွှေ့ပြောင်းလုပ်သားတို့သည် တစ်နေရာတွင် အခြေချ၍အလုပ်လုပ်ကိုင်ခြင်းမရှိသည့်အတွက် မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရန် ၎င်းတို့၏မူလနေထိုင်ရာ ရပ်ရွာဒေသရှိ ကိုယ်စားလှယ်လောင်းများအား ပုံစံ(၁၅) ဖြင့် ကြိုတင်မဲပေးနိုင်သည့် အစီအစဉ်ကို ဖန်တီးပေးသင့်သည်။

    ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုဗစ်ကြောင့် Lockdown ချခံထားရသည့်မြို့နယ်များသို့ ရောက်ရှိ နေသူများအအနေဖြင့် ပုံစံ(၁၅) ဖြင့် မိမိဒေသရှိ ကိုယ်စားလှယ်လောင်းများအား မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။ 

    ပြည်တွင်းရွှေ့ပြောင်းလုပ်သားများကိစ္စသည် ပြည်နယ်များ၏ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေသည်သာမက ပြည်နယ်၏ လူဦးရေအချိုးကိုလည်း ပြောင်းလဲစေပါသည်၊ ဒေသခံတိုင်းရင်းသားပြည်နယ်များ၏အရေးကို အခြားပြည်နယ်သူ/သားများက လာရောက်စွက်ဖက်ကာ အဆုံးအဖြတ်ပေးသည့်ပုံစံ ဖြစ်လာစေသလို တိုင်းရင်းသားလူမျိုးများ တောင်းဆိုနေသည့်ပြည်နယ်အခြေပြု ပြည်ထောင်စုတည်ဆောက်မှု အပေါ်မှာလည်း သက်ရောက်မှုများ ရှိစေပါသည်။ 

    တိုင်းရင်းသားလူမျိုးကိုယ်စားပြုပါတီအများစုသည် FPTP ၏ နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ်ကြောင့် လွှတ်တော်တွင် ပါဝင်ခွင့်မရဘဲ ဖြစ်ကြရသည်။ ဥပမာ ကရင်ပြည်နယ်ပြည်သူ့လွှတ်တော် ၇ နေရာတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က  ၆ နေရာ အနိုင်ရပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အနိုင်ရရှိပါသည်။ ကရင်နိုင်ငံရေးပါတီကို လူထုထောက်ခံမှု မရသဖြင့် ရှုံနိမ့်ရခြင်းမဟုတ်ပါ။ ရွေးကောက်ပွဲမဲ စာရင်းအရ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ရရှိသည့်မဲအရေအတွက်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ထက် ၃ ဆနည်းပါးသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထက် မဲအရေအတွက် ပိုများပါသည်။ သို့သော် ရွေးကောက်ပွဲစနစ်ကြောင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအတွက် ကိုယ်စားပြုမှုတစ်နေရာမှ မရခဲ့ပါ။

    ချင်းပြည်နယ်ပြည်သူ့လွှတ်တော် ၉ နေရာတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ZDC ထက် ၃ ဆနီးပါးမဲအရေအတွက်ရရှိခဲ့သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ CNLD သည် ရွေးကောက်ပွဲစနစ်ကြောင့် ကိုယ်စားလှယ်တစ်နေရာမှ မရရှိခဲ့ပေ။

    သတိပြုစရာအချက်တစ်ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကရင်ပြည်နယ်တွင် ဆန္ဒမဲ  ၃ ဒဿမ ၃ သိန်းကျော်ဖြင့် ကိုယ်စားလှယ် ၆ ယောက်သာရပြီး ချင်းပြည်နယ်တွင် မဲအရေအတွက် ၁ သိန်းဖြင့် ကိုယ်စား လှယ် ၈ ယောက်ရရှိခြင်းသည် မြို့နယ်အခြေခံသည့်မဲဆန္ဒနယ်မြေသတ်မှတ်ခြင်းအကြာင့် ဖြစ်သည်၊၊

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပုဒ်မ ၃၉၈ အရ  နိုင်ငံတော်သမ္မတသည် ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကိုဖွဲ့စည်းရပြီး ပုဒ်မ ၄၀၀ အရ နိုင်ငံတော်သမ္မတသည် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးအား “ဥပဒေအရ ပေးအပ်ထားသောတာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ခြင်း” ဆိုသည့်အချက်နှင့် စွပ်စွဲပြစ်တင်နိုင်သဖြင့် နိုင်ငံတော်သမ္မတက ကော်မရှင်အပေါ် လုံးဝလွှမ်းမိုးသွားပါသည်။

     ရွေးကောက်ပွဲကော်မရှင်၏တာဝန်များသည် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း၊  မဲဆန္ဒနယ်မြေသတ်မှတ်ခြင်းနှင့်ပြင်ဆင်သတ်မှတ်ခြင်း၊မဲစားရင်းပြုစုခြင်းနှင့်ပြင်ဆင်ခြင်း၊သဘာဝဘေးအန္တရာယ် ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြံရေးအခြေအနေအရကြောင့်သော်လည်းကောင်း လွတ် လပ်ပြီး တရားမျှတမှုသောရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်မြေများ၏ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခြင်းတို့ဖြစ်သည်။

    ပိုဆိုးသည်မှာ ပုဒ်မ ၄၀၂ အရ ရွေးကောက်ပွဲခုံရုံးအဖွဲ့၏ဆုံးဖြတ်ချက်များ၊ အမိန့်နှင့်စပ်လျဉ်းသည့် အယူခံမှုနှင့် ပြင်ဆင်မှုများကို ကော်မရှင်၏ဆောင်ရွက်ချက်များနှင့်ဆုံးဖြတ်ချက်များသည် အပြီးအသတ် အတည်ဖြစ် စေရမည် ဟုဖော်ပြထားသည့်အတွက် ရွေးကောက်ပွဲအပေါ် အငြင်းပွားစရာများဖြစ်ပေါ်လာပါက ကော်မရှင်၏ အဆုံးဖြတ်သာ အတည်ဖြစ်သည်။ ဤအချက်များက ရွေးကောက်ပွဲတစ်ခုလုံးသည် ရွေးကောက်ပွဲ ကော်မရှင်၏ လက်ထဲတွင်သာ ရှိနေသလို အာဏာပါတီ၏လွှမ်းမိုးခြင်းခံနေရသဖြင့် လွတ်လပ်ပြီး ဘက်လိုက်မှု ကင်းသော ကော်မရှင်မဖြစ်နိုင်ပေ။

    လူအများဝေဖန်စရာဖြစ်ခဲ့သည့် ရခိုင်နှင့်ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေအချို့တွင် ရွေးကောက်ပွဲ ရွေ့ဆိုင်း သည့်ကိစ္စရပ်အပေါ် ရွေးကောက်ပွဲကော်မရှင်၏ ဘက်လိုက်မှုကိစ္စရပ်များ၊ အငြင်းစရာဖြစ်နေသည့် ရွေးကောက်ပွဲရလဒ်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြေရှင်းပေးမည့် လွတ်လပ်သော အဖွဲ့အစည်းမရှိသည့် အနေအထားတွင် တိုင်းရင်းသားပါတီများက အာဏာရပါတီကို မျှတသည့်ယှဉ်ပြိုင်နိုင်စွမ်း ရရှိလိမ့်မည်မဟုတ် သည်ကို ကြိုတင်တွက်ဆနိုင်ပါသည်။

    FPTP စနစ်၏ အားနည်းချက်များ

    FPTP ရွေးကောက်ပွဲစနစ်သည် မဲဆန္ဒနယ်တစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သူကိုယ်စားလောင်းများထဲမှ ဆန္ဒမဲအများဆုံးရရှိသည့် ကိုယ်စားလောင်းကို ရွေးချယ်သည့်စနစ်ဖြစ်ပါသည်၊ တစ်မဲသာ အနိုင်ရသည့်စနစ်ဖြစ်ပြီး နိုင်သူအကုန်ယူသည့် စနစ်ဖြစ်သည်။ ဤစနစ်ကို အမေရိကန်ပြည်ထောင်စု၊ဗြိတိန်၊ အိန္ဒိယ၊ကနေဒါ၊ ပါကစ္စတန် အပါအဝင်ဗြိတိသျှဓနသဟာယနိုင်ငံများတွင် ကျင့်သုံး ကြပါသည်။

    FPTP စနစ်ကျင့်သုံးသောနိုင်ငံများတွင် ပါတီငယ်များ ရှင်သန်နိုင်မည့်အခွင့်အရေးမရှိဟု ဆိုပါသည်။FPTP စနစ်သည် ၂ ပါတီစနစ် သို့မဟုတ် ၂ ပါတီကြီးစိုးသောနိုင်ငံများတွင် ပိုသင့်တော်သည်ဟု ဆိုပါသည်၊ ရီပါတ် ဘရစ်ကင်နှင့်ဒီမိုကရက်(၂)ပါတီသာ ယှဉ်ပြိင်သည့်အမေရိကန်ပြည်ထောင်စုနိုင်ငံမျိုး၊ ကွန်ဆာဗေးတစ်နှင့် လေဘာပါတီတို့သာ ကြီးစိုးနေသည့် ဗြိတိန်နိုင်ငံမျိုး ဖြစ်သည်။

    ရွေးကောက်ပွဲတွင် ၂ ပါတီသာ ယှဉ်ပြိုင်သည့်အတွက် အနိုင်ရကိုယ်စားလှယ်သည် ဆန္ဒမဲပေးသူ၏ ၅၀ ရာခိုင်နှုန်းအထက်တွင် ရှိနေပေသည်၊ သို့သော ၂ ပါတီအထက်ယှဉ်ပြိုင်သည့်နိုင်ငံများတွင် FPTP စနစ်သည် ပြည်သူလူထုအများစု၏ဆန္ဒကို ကိုယ်စား မပြုနိုင်ဟု ဝေဖန်ထောက်ပြကြပါသည်၊ ရွေးကောက်ပွဲတွင် ၂ ပါတီ အထက် ယှဉ်ပြိုင်သည့်အတွက် အနိုင်ရသည့်ကိုယ်စားလှယ်သည် ဆန္ဒမဲပေးသူ၏ ၅၀ ရာ ခိုင်နှုန်းအထက်  ရရှိ ရန် မလွယ်ကူပေ။

    ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲချုပ်က ပြည်သူ့လွှတ်တော် ၃၃၀ နေရာတွင် ၂၅၅ နေရာ အနိုင်ရရှိသော်လည်း အချို့ကိုယ်စားလှယ်များရရှိသည့်မဲများသည် ၅၀ ရာခိုင်နှုန်းအောက်တွင် ရှိနေ သည်ကို တွေ့ရပေသည်။ ရွေးကောက်ပွဲကော်မရှင်စာရင်းအရ အဖွဲ့ချုပ်အနိုင်ရသည့်ကချင်ပြည်နယ် ၁၈ မြို့နယ် တွင် ၄ မြို့နယ်သာ ဆန္ဒမဲပေးသူ၏ ၅၀ ရာခိုင်နှုန်းကျော် ရရှိသည်ကိုတွေ့ရပေသည်၊ မံစီမဲဆန္ဒနယ်မြေတွင် ဆန္ဒမဲပေးသူ၏ ၃၀ ဒဿမ၂၃ ရာခိုင်နှုန်းသာ ရှိသည်၊ အလားတူ ကရင်ပြည်နယ် မဲဆန္ဒ နယ်အားလုံးတွင် အဖွဲ့ချုပ်က အနိုင်ရသော်လည်း မြဝတီမဲဆန္ဒနယ်(၁)ခုသာ ဆန္ဒမဲ ပေးသူး၏ ၅၀ ရာခိုင်နှုန်းအထက်တွင် ရှိခဲ့သည်ကိုတွေ့ရသည်။

    မျှတသည့် မြန်မာ့နိုင်ငံရွေးကောက်ပွဲစနစ်သစ်တစ်ခုကို ပြောင်းလဲပေးသင့်

    မြန်မာနိုင်ငံတွင် ပါလီဒီမိုကရေစီခေတ်၊ ၁၉၉၀  စစ်အစိုးရက ဦးဆောင်ကျင်းပသည့်ရွေးကောက်ပွဲနှင့် ယခု အချိန်အထိ FPTP  ရွေးကောက်ပွဲစနစ်ကို  ကျင့်သုံးကြပါသည်၊ ပါတီအမြောက်အများယှဉ်ပြိုင်သည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် မြန်မာလူများစု အခြေခံပြည်မပါတီဖြစ်သည့် ယခင်ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည့်သူလွတ် လပ်ရေးအဖွဲ့ချုပ်(ဖဆပလ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သာ လျှင် အနိုင်ရရှိပါသည်။

    မြန်မာနိုင်ငံတွင် ဖက်ဒရယ်နိုင်ငံရောက်သည့်တိုင် FPTP  ရွေးကောက်ပွဲစနစ်ကို ဆက်လက်ကျင့်သုံးပါက  ပြည်နယ်အခြေပြုတိုင်းရင်းသားပါတီများသည် ပြည်မနိုင်ငံရေးပါတီများကို ယှဉ်ပြိုင်ရန် မလွယ်ကူသဖြင့် ရေရှည်တွင် လုံးပါးပျောက် ကွယ်သွားနိုင်သည့်အခြေအနေ ရှိလာနိုင်ပါသည်။

    မြန်မာနိုင်ငံတွင် FPTP စနစ်ကိုကျင့်သုံးပါက တိုင်းရင်းသားလူမျိုးများသည် လွှတ်တော်တွင် အမြဲတမ်း အနည်းစုဖြစ်နေသည့်အတွက် မည်သည့်ဥပဒေတစ်ခုကိုမျှ ပြုနိုင်မည်မဟုတ်ဟု ဖက်ဒရယ်ဥပဒေအကယ်ဒမီ ကျောင်းအုပ် ဦးအောင်ထူးက ထောက်ပြသည်။မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်သည် အချိုးကျ ကိုယ်စားပြုစနစ်( Proportional Representatives-PR) ဖြစ်သည်ဟု ဦးအောင်ထူးက အဆိုပြုပါသည်။ PR စနစ်သည် သဘောသဘာဝအရ ရှုပ်ထွေးမှုရှိသော်လည်း မြန်မာနိုင်ငံအတွက် အလုပ်ဖြစ်မည့်ရွေး ကောက်ပွဲ စနစ်ဟု ဦးအောင်ထူးက ဆိုပါသည်။

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်လည်း နိုင်ငံတော်ဥပဒေပြုရေးကိစ္စမှာ  တိုင်းရင်းသားလူမျိုး များ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုသည့်စနစ်ဖြစ်လာချင်ယင် ယခုကျင့်သုံးသည့်စနစ်ပုံစံနှင့် အချိုးကျ ကိုယ် စားပြုရွေးကောက်ပွဲစနစ်(PR)ကို နှိုင်းယှဉ်စဉ်းစားသင့်ကြောင်း စတုတ္တအကြိမ်ပင်လုံညီလာခံအစည်းအဝေး တွင်  ကြံပြုသွားသည်ကို တွေ့ရပေသည်။

    တိုင်းရင်းသားလူမျိုးများသည် စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်လိုပါက ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒဒေကို မဖြစ်မနေပြင်ဆင် သို့မဟုတ် အသစ်ရေးဆွဲခြင်း ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းအပြင် FPTP စနစ်အစား အားလုံးကိုကိုယ်စားပြုနိုင်မည့် PR ရွေးကောက်ပွဲစနစ်ကိုလည်း ကျင့်သုံးရန် လိုအပ်ပေ သည်။ သို့သော် တပ်မတော်က လွှတ်တော်တွင် ယခုအတိုင်း အချိုးကျဆက်လက်ပါဝင်နေပါက PR စနစ်ကို ကျင့်သုံးနိုင်ရန် လွယ်ကူလိမ့်မည်မဟုတ်သေးပေ။

    • စာရေးသူ နိုင်ဗညားမွန်သည် ဖက်ဒရယ်ရေးရာနှင့်ပေါ်လစီစင်တာ၏ ပရိုဂရမ်ဒါရိုက်တာ ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,100SubscribersSubscribe
    spot_img

    Latest posts