spot_img
Tuesday, July 15, 2025
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများကို ပြန်လည်ပြင်ဆင်ရန် တိုင်းရင်းသားနိုင်ငံရေး ၅ ပါတီတောင်းဆို

    ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများကို ပြန်လည်ပြင်ဆင်ရန် တိုင်းရင်းသားနိုင်ငံရေး ၅ ပါတီတောင်းဆို

    -

    ရန်လင်းအောင် ၊(မော်လမြိုင်၊ အောက်တိုဘာလ ၁၉)

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ မကျင်းနိုင်သည့် နယ်မြေများကို ပြန်လည် သုံးသပ်ပြင်ဆင်ပေးရန် တိုင်းရင်းသားနိုင်ငံရေးပါတီ (၅) ခုက အောက်တိုဘာလ ၁၈ ရက်နေ့တွင် သဘောထား ထုတ်ပြန်လိုက်သည်။

    ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေငြာချက် အပေါ် ပြည်လည် သုံးသပ်ပြင်ဆင်ရန် သဘောထား ထုတ်ပြန်ချက်ကို ကချင်ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ နှင့် မွန်ညီညွှတ်ရေးပါတီ တို့ဖြင့် ပေါင်းစည်း တိုင်းရင်းသား ၅ ပါတီမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

     “ရွေးကောက်ပွဲ မကျင်းနိုင်တဲ့ နယ်မြေတွေကို ထုတ်ပြန်မကြေငြာခင်မှာ သက်ဆိုင်တဲ့ နိုင်ငံရေး ပါတီတွေရဲ့ သဘောထားကို ရယူပြီးဆွေးနွေး ညှိနှိုင်းသင့်တယ် ခုလို တစ်ခါတည်း လုပ်လိုက်တာက ကော်မရှင်ရဲ့ ပွင့်လင်းမြင်သာမှု လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲအတွက် မေးခွန်းထုတ်စရာ ဖြစ်တယ်” ဟု မွန်ညီညွှတ်ရေးပါတီ၏ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယီတမက ပြောသည်။

    မည့်သည့် အကြောင်းကြောင့် ရွေးကောက်ပွဲ ကျင်းပခွင့်မရှိသည်ကို UEC က ဖော်ပြထားခြင်း မရှိကြောင်း၊ ယခုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များတွင် လုံခြုံရေး အခက်အခဲမရှိဟု သိရှိထားကြောင်း၊ ကော်မရှင်မနေဖြင့် ကြေငြာချက် မထုတ်ပြန်မီ နိုင်ငံရေး ပါတီများ၏ သဘောထား မှတ်ချက်များ ကြိုတင်ရယူသင့်ကြောင်း ၎င်းက ဆိုသည်။ 

    ယခုအခါ မဲဆွယ်စည်းရုံးရေးကာလ ထက်ဝက်ကျော်လွန်လာပြီး ရွေးကောက်ပွဲကျင်းပရန် ရက် ၂၀ အလိုရောက်မှသာ တိုင်းရင်းသားနယ်မြေများတွင် မဲပေးခွင့်မပြုသည့် ယင်းထုတ်ပြန်ချက်သည် တိုင်းရင်းသား မဲဆန္ဒရှင်များအတွက် တရားမျှတမှုမရှိကြောင်း တိုင်းရင်းသားပါတီခေါင်းဆောင်များက ဆိုသည်။

    ကော်မရှင် ကြေငြာချက်အရ ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်မှ ကျေးရွာအုပ်စု ၁ စု၊ ရခိုင်ပြည်နယ်မှ မြို့နယ်ပေါင်း ၉ မြို့နယ် နှင့် တခြားမြို့နယ် ၄ မြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်မှ မြို့နယ် ၆ မြို့နယ်နှင့် တခြား ၁၇ မြို့နယ်မှ ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၃ အုပ်စု နှင့် ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတို့ ပါဝင်သည်။

    အထူးသဖြင့် ရခိုင်၊ ရှမ်း နှင့် ကချင်ပြည်နယ်တို့တွင် ယခင်ရွေးကောက်ပွဲထက် မဲပေးခွင့်မရှိသည့်နေရာ တိုးလာသည်ဟု ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

    “တခြားမြို့နယ်တွေတော့ ကျွန်တော်မသိဘူးပေါ့ ကျွန်တော်ပြည်နယ်ကတော့ တော်တော်ကြီးကို စီမံဖန်တီးပြီးတော့ ရနိုင်လောက်မယ့် အနေအထားရှိတယ်ပေါ့ တစ်ချို့ကတော့ တိုင်းရင်းသား လက်နက်ကိုင်ကြောင့် ပြောတယ်ပေါ့ ကျွန်တော်ကတော့ တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းရင်တော့ မဲပေးခွင့် ရနိုင်လောက်တယ် မဆုံးရှုံးဘူးလို့ တွက်တယ်ပေါ့” ဟု ၎င်းကဆိုသည်။

    ကရင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကျေးရွာအုပ်စု ၅၃ ခုကို မဲပေးမခွင့်မပြုရန်သတ်မှတ်လိုက်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၅ တွင် ကျေးရွာအုပ်စု ၉၄ ခုရှိ ပြည်သူလူထုများ မဲပေးခွင့်ဆုံးရှုံးခဲ့ရကြောင်း မန်းအောင်ပြည်စိုးက ဆိုသည်။

    ထို့အပြင် ဥက္ကဌ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ လိပ်မူ၍ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၉) နယ်မြေနှင့် ကရင်ပြည်နယ်လွှတ်တော် လှိုင်းဘွဲ့မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေအချို့တွင် လက်နက်ကိုင်အဖွဲ့အစည်းတချို့ရှိနေခြင်းကြောင့် လုံခြုံစိတ်ချမှုမရှိကြောင်း၊ ကိုဗစ်ရောဂါကြောင့် အချို့ကျေးရွာများတွင် ရွာဝင်ရန်ပိတ်ဆို့ခံရပြီး ကွင်းဆင်းစည်းရုံးရန်ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း စသောအခြေအနေအမျိုးမျိုးကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏ တင်ပြချက်အရ ယခင် ၂၀၁၅ ရွေးကောက်ပွဲကာလအတိုင်း အောက်ဖော်ပြပါမဲဆန္ဒနယ်မြေများ(ကျေးရွာအုပ်စု ၇ စု) ကို ပယ်ဖျက်ရုတ်သိမ်းပေးပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်ဟူ၍ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ စောချစ်ခင်က စာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မြို့နယ်တချို့တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်ကြောင်း ကြေညာခဲ့ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးထိခိုက်မည်ကို စိုးရိမ်ရသည့်အတွက် ပြန်လည်သုံးသပ် ပေးဖို့ သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ကအောက်တိုဘာ ၁၈ မနေ့က ရက်စွဲဖြင့် စာပေးပို့တောင်းဆို တိုက်တွန်းလိုက်ပြီး အဓိက အတိုက်အခံပါတီကြီးဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်ကလည်း ကော်မရှင်၏ဆုံးဖြတ်ချက် ဘက်လိုက်သည်ဟု ယူဆပြီး ပြန်လည်သုံးသပ်စေလိုကြောင်း သတင်းဌာနများသို့ ပြောကြားခဲ့သည်။  

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,800SubscribersSubscribe
    spot_img

    Latest posts