Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း“သခင်နိုင်ငံဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြပါ”ဟု ဒေါက်တာအေးဇံ မဲဆွယ်

“သခင်နိုင်ငံဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြပါ”ဟု ဒေါက်တာအေးဇံ မဲဆွယ်

-

မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၂၈)

 “စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး” ဖြစ်ကြောင်း NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းက ဖော်ပြထားသော်လည်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “သခင်နိုင်ငံဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြပါ” ဟု ယမန်နေ့က ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ မဲဆွယ်စည်းရုံရေးတွင် ပြောကြားလိုက်သည်။

၎င်းက “အစိုးရဆိုတာ ခင်ဗျားတို့ခိုင်းဖို့အတွက်ပဲ ဆိုတာလည်း ခင်ဗျားတို့ ၅ နှစ်တာအတောအတွင်းမှာ ပေါင်းကြည့်လို့သိခဲ့ပြီးပြီ အဲဒီတော့ ခင်ဗျားတို့သခင်ဖြစ်မလား ကျွန်ဖြစ်မလားဆိုတာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ရဲရဲတင်းတင်းနဲ့ မဲကိုဆုံးဖြတ်ပြီးတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သခင်နိုင်ငံဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါစို့” ဟု ပြောကြားချက်ကို The Speaker Facebook သတင်းတွင် တွေ့ရှိရသည်။   

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းတွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေး စသည့်အဓိကရည်မှန်းချက် ၃ ရပ်ကို ဖော်ပြထားကြောင်း တွေ့ရှိရသည်။

မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ရဲဇော်က “တကယ်တန်းကျတော့ သူတို့ရွေးကောက်ပွဲကြေညာစာတမ်းမှာပါတဲ့ တိုင်းရင်းသားအရေး ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးတို့နဲ့ သိပ်မဆိုင်လှဘူး သူတို့အစိုးရဖြစ်ရင် ပြန်ခိုင်းလို့ရမယ် သခင်ဖြစ်မယ် အပေါ်ယံလူဗြိန်းအကြိုက် ပြောသွားတဲ့သဘောလောက်ပဲ ကျနော်မြင်တယ်” ဟု ဆိုသည်။

သို့ရာတွင် တိုင်းရင်းသားဒေသတွင် “သခင်-ကျွန်” ဆိုသည့် ဝေါဟာရကို ပြောဆိုသုံးနှုန်းသဖြင့် အနှောက်အသွားမလွတ်သလို ဝိဝါဒကွဲစရာရှိနေကြောင်း နိုင်ရဲဇော်က သုံးသပ်သည်။

မိသားစုတိုင်း ဟင်းတစ်မည်လျှော့စားပါက အလွယ်တကူပင် ကုန်ဈေးနှုန်းကျမည်ဖြစ်ကြောင်း၊ ခရုကြောင့် နွေစပါးခင်းများအဆင်မပြေဖြစ်ကြောင်း လယ်သမားတစ်ဦး တင်ပြရာတွင် မိသားစုလိုက် ခရုဆင်းဖမ်းပြီး ပြန်လည်ရောင်းစားရန် စသည့်တို့ကို ဒေါက်တာအေးဇံ လမ်းညွှန်ခဲ့သဖြင့် လူမှုကွန်ယက်တွင် ဟာသပြောဆိုတတ်သူတစ်ဦးကဲ့သို့ ထင်ရှားသူတစ်ဦးလည်း ဖြစ်သည်။ 

ဒေါက်တာအေးဇံသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂ ) ပြည်နယ်လွှတ်တော်နေရာ၌ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ပြန်လည်ဝင်ရောက်အရွေးခံမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts