spot_img
Monday, April 22, 2024
More
    spot_img
    Homeသတင်းပဋိက္ခလောင်စာ ပြည်ပချေးငွေများ

    ပဋိက္ခလောင်စာ ပြည်ပချေးငွေများ

    -

    ဗညားမွန် – စက်တင်ဘာ ၁၉-၂၀၂၀

     မြန်မာနိုင်ငံရှိ လူထုအခြေပြုအဖွဲ့အစည်း ၂၂၄ ဖွဲ့က ၂၀၂၀ သြဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာအစိုးရ၏စီးပွား ရေးထိခိုက်မှုသက်သာရေးကုစားမှုစီမံချက် (CERP) အစီအစဉ်ပါ ချေးငွေရယူမှုအပေါ် ကန့်ကွက်သည့်ထုတ် ပြန်ချက်ကို ထုတ်ပြန်လိုက်ပါသည်။

    ထိုထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအစိုးရ၏ CERP စီမံချက်သည် နိုင်ငံရှိ ဆင်းရဲသော ပြည်သူများနှင့်တိုင်းရင်းသားလူမျိုးများအတွက် အကျိုးရရှိစေမည်မဟုတ်ဘဲ  တပ်မတော်မှ အခွင့် ထူးခံများ၊အစိုးရနှင့်အကျိုးတူစီးပွားရေးအပေါ် အားပေးရန်အတွက်သာ ဖြစ်သည်ဟု ဆိုပါသည်။

    ထိုအပြင် ဤ စီမံချက်အတွက် အသုံးပြုသော ခန့်မှန်းချေးငွေဒေါ်လာ ၂ ဘီလီယံသည် တိုင်းရင်းသားလူမျိုးများ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်နေသည့် ရေးအားလျှပ်စစ်စီမံကိန်းများ ပါဝင်လာနိုင်သည့်အတွက်  ပဋိက္ခများကို ပိုမို တောက်လောင်စေသည်ဟု ဆိုပါသည်။ 

    အခြားနိုင်ငံများ၏ကိုဗစ်စီးပွားရေးလှု့ံ့ဆော်မှုအစီအစဉ်များနည်းတူ မြန်မာနိုင်ငံတွင်လည်း  ပန်းတိုင် ၇ ခု၊ မဟာ ဗျူဟာ ၁၀ ခု၊လုပ်ငန်းအစီအစဉ် ၃၆ ခုနှင့် ဆောင်ရွက်မှု ၇၆ ခုပါဝင်သည့် ကိုဗစ်-၁၉-စီပွားရေးထိခိုက်မှုသက် သာရေးကုစားမှုစီမံချက် (CERP) ကို ၂၀၂၀ ဧပြီလတွင် ထုတ်ပြန်ခဲ့ပါသည်။

    ၎င်းအစီအစဉ်များတွင် ကိုဗစ် ရောဂါကြောင့် တိုက်ရိုက်ထိခိုက်သွားသော ဥပမာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ၊ စွမ်းအင်နှင့် အခြေ ခံအဆောက်အဦးစီမံကိန်းများ လုပ်ဆောင်နေသော ကုမ္ပဏီများနှင့် အသေးစား၊အလတ်စားစီးပွားရေး ပံ့ပိုးခြင်း၊ ရောဂါကြောင့် ထိခိုက်သည့်အိမ်ထောင်စုမျာအား တိုက်ရိုက်အကူအညီပေးခြင်းနှင့် ကျမ်းမာရေးစောင့်ရှောက်မှု စနစ် မြှင့်တင်ခြင်းများလုပ်ငန်းများ ပါဝင်သည်။ 

    စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ မေလတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့်စာရင်းအရ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့(IMF) ထံမှ ဒေါ်လာသန်း ၇၀၀၊ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး ရေးအဖွဲ့ (IDA) ထံမှ သန်း ၂၅၀၊ဂျပန် JICA ထံမှ ဒေါ်လာသန်း ၂၇၀ ချေးယူမည်ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဒေါ်လာသန်း၂၅၀ အထိ ချေးယူမည်ဖြစ်သည်။

    ကိုဗစ်မတိုင်ခင့်ကမ္ဘာ့ဘဏ်စာရင်းအရ  မြန်မာနိုင်ငံ၏ပြည်ပချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကျော်ထဲတွင်  တရုတ်နိုင်ငံမှ ဒေါ်လာ ၄ ဘီလီယံခန့် ရှိနေပါသည်။ တရုတ်နိုင်ငံသို့ တနှစ်ကို ဒေါ်လာသန်း ၅၀၀ ခန့် ပြန်ဆပ်နေရသည့်အတွက် တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည်ဟု  လေ့လာသူနဲ့လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြကြပါသည်။  

    ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းများမှ ချေးငွေများလာသည့်အခါ အချုပ်အခြာပိုင်ဆိုင်မှုကိုပါ ထိခိုက်လာစေပါသည်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းများသည် ၎င်းတို့ချေးငွေပြန်လည်ရရှိနိုင်ရန်အတွက် ၎င်း တိုင်းပြည်ရှိ Structural Adjustment- ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ညှိနှိင်းမှုများ ပြုလုပ်ရန် ဖိအားပေးလာပါ သည်။၎င်းတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများအပေါ် ကန့်သတ်မှုများ လျှော့ချခြင်း၊ လူမှုဖုံလုံရေးအစီအစဉ်တွင် အစိုးရ၏အသုံးစရိတ်များကို လျှော့ချရန်တို့ ပါဝင်ပေသည်။

    မြန်မာနိုင်ငံသည် ၁၉၈၀ ခုနှစ်များမှ နိုင်ငံခြားကြွေးမြီးများ ပေးဆပ်နိုင်ခြင်းမရှိသဖြင့် မြန်မာအစိုးရ၏ပြုပြင် ပြောင်းလဲရေးကတိကဝတ်ကြောင့် ၂၀၁၃ ခုနှစ်တွင် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ UKနှင့် အခြားနိုင်ငံများက အကြွေးများ လျှော်ပစ်ခဲ့ကြရသည်။ အကျိုးဆက်အားဖြင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားချေးငွေ ထပ်မံချေးယူ ခွင့် ရရှိပြီး နိုင်ငံခြားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှပ်နှံခွင့် ရရှိပါသည်။

    မြန်မာနိုင်ငံအတွက် နောက်ထပ်ပြည်ပချေးငွေ လိုအပ်ပါသလား။

    မြန်မာနိုင်ငံသည် သယံဇာတကြွယ်ဝသော နိုင်ငံဖြစ်ပြီး သယံဇာတကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပါက နိုင်ငံသား တိုင်း၏ကြွယ်ဝချမ်းသာမှုကို  ဖော်ဆောင်နိုင်မည်ဖြစ်ပြီး နောက်ထပ်ပြည်ပချေးငွေများ လိုအပ်မည်မဟုတ်ဟု လူ့ထုအခြေပြုအဖွဲ့အစည်းများက ထောက်ပြပါသည်။

    သဘာဝသယံဇာတစီမံခန့်ခွဲအဖွဲ့ Natural Resource Governance Institute ၂၀၁၇ စာရင်းအရ မြန်မာနိုင်ငံ သည် ကမ္ဘာ့ပေါ်တွင် သဘာဝသယံဇာတစီမံခန့်ခွဲမှု ၇ နိုင်ငံမြောက် အဆိုးဆုံးနိုင်ငံဖြစ်ပြီး ဤသည် “လူ့အဖွဲ့ အစည်းအား သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ခြင်းမှ အကျိုးကျေးဇူးရရှိစေရေး အာမခံချက်ပေးရန် စီမံခန့် ခွဲမှု မူဘောင်ကင်းမဲ့သောနိုင်ငံဖြစ်ကြောင်း ဖော်ပြနေသည်။၂၀၁၄ ခု တစ်နှစ်ထဲမှာပင် ကျောက်စိမ်းကုန်သွယ် မှုမှ ရရှိသော အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံခန့်သည် ဒေသခံပြည်သူများနှင့်အစိုးရများ အကျိုးခံစားခွင့် မရှိစေပဲ မြန်မာစစ်တပ် အရာရှိများနှင့်၎င်းတို့၏ခရိုနီများထံ ရောက်ရှိသွားသည်ဟု Global Witness က ခန့် မှန်းခဲ့ကြသည်။

    CERP စီမံချက်တွင် ပုဂ္ဂလိကဘဏ်များ၏အခန်းကဏ္ဍသည် ကြီးမားနေပြီး မြန်မာနိုင်ငံပုဂ္ဂလိကဘဏ်များတွင်  “စွမ်းဆောင်ရည်မဲ့အကြွေး Non-Performing Loan-NPL” ပြဿနာ ကြီးမားစွာ ရှိနေပေသည်။ စွမ်း ဆောင်ရည်မဲ့အကြွေး NPL ဆိုသည်မှာ ချေးယူသူက ပြန်မဆပ်နိုင်တော့သည့် အကြွေးများ ဖြစ်သည်။ ၂၀၁၉ ခု ထိုင်းနိုင်ငံ ခရောင်စီဘဏ်၏သူ့တေသနအရ မြန်မာ့ပုဂ္ဂလိကဘဏ်များတွင် ထို NPL အကြွေးပမာဏမှာ အမေရိ ကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိသည်ဟု ခန့်မှန်းထားပြီး  မြန်မာ့ပုဂ္ဂလိကဘဏ်များ၏အရံငွေသားမှာ အာဆီယံ နိုင်ငံများအားလုံးတွင် အနည်းဆုံးပမာဏတွင် ရှိနေပေသည်။ IMF ကလည်း  မြန်မာနိုင်ငံ၏NPL အကြွေး  ပြဿနာများကို ဖြေရှင်းရန် ဂျူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းထားပါသည်။

    မြန်မာနိုင်ငံပုဂ္ဂလိက ဘဏ်စနစ်များ၏ စီမံခန့်ခွဲရေးသည်လည်း များစွာ ပြသနာရှိနေပေသည်။ ၂၀၂၀ ခုနှစ်တွင် အီးယူနှင့်ဘဏ္ဍာရေးအထူးလုပ်ငန်းအဖွဲ့ (FATF) နှစ်ခုစလုံးက မြန်မာနိုင်ငံကို ၎င်းတို့၏ငွေကြေးခဝါချမှုအမည် ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။ စီမံခန့်ခွဲမှုနှင့်ကြီးကြပ်မှု အားနည်းခြင်းက မြန်မာ့ဘဏ္ဍာရေးစနစ်အတွင်းသို့ တရားမဝင် ကျောက်စိမ်း၊ပယင်းနှင့်မူးယစ်ဆေးဝါးကုန်သွယ်မှုကဲ့သိုသော ရာဇဝတ်လုပ်ငန်းများမှ အကျိုး အမြတ်များ ခဝါချ ဝင်ရောက်နိုင်နေခြင်းကြောင့် ဖြစ်သည်။

    ဤအခြေအနေမျိုးတွင် CERP စီမံချက်အရ အစိုးရက ပုဂ္ဂလိကဘဏ်များအပေါ် ထိန်းချုပ်ခြင်းများကို လျှော့ချ လိုက်ပြီး ဘဏ်များ၏ပေးရန်အကြွေးများကို အချိန်ထပ်တိုးပေးသည့်အပြင် နောက်ထပ်ချေးငွေများ ထပ်ဖြည့် လိုက်ပါသည်။

    မြန်မာနိုင်ငံ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေထုတ်ပေးသည့်ပုံစံသည် တိုင်းပြည်၏လက်ရှိစီးပွားရေး အခြေအနေကို ထင်ဟပ်စေပါသည်။ မြန်မာဗဟိုဘဏ်၏စာရင်းအရ ပုဂ္ဂလိကဘဏ်များ၏ချေးငွေ ၈၉ ရာခိုင်နှုန်းသည် စီပွား ရေးလုပ်ငန်းရှင်များဖြစ်ပြီး ထိုအထဲမှ ၉၂ ရာခိုင်နှုန်းသည်  ရန်ကုန်နှင့်မန္တလေးအခြေစိုက် စီးပွားရေး လုပ်ငန်း ရှင်များ ဖြစ်ပေသည်။ လူအနည်းစုနှင့်နယ်မြေဒေသကျဉ်းကျဉ်းလေးတွင်သာ ချေးငွေထုတ်ပေးခြင်း သည် မြန် မာ့ပုဂ္ဂလိက ဘဏ်များကို ပိုမိုထိခိုက်လွယ်စေပါသည်။

    ဤသို့ ပွင့်လင်းမြင်သာမှုနှင့်စီမံခန့်ခွဲမှုအားနည်းမှုနှင့် အမည်ပျက်စာရင်းထည့်သွင်းခြင်းခံရသည့် ဘဏ်များနှင့် သံယံဇာတစီမံခန့်ခွဲမှုအားနည်းချက်များကို အလျှင်ဖြေရှင်းခြင်းမရှိဘဲ ပြည်ပချေးငွေ ၂ ဘီလီယံ ထပ်ချေးယူခြင်း သည် ပြည်သူလူထုတစ်ရပ်လုံးအထက် လူနည်းစုအကျိုးကိုသာ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့အတွက်ကြောင့်  အန္တယ်များပြီး တာဝန်မဲ့သည့်အစီအစဉ်ဟု လူထုအခြေပြုအဖွဲ့အစည်းများက ထောက်ပြကြပါသည်။

    ပဋိပက္ခလောင်စာဆီ

    မြန်မာအစိုးရ၏ CERP ထဲတွင် ဧရာမအခြေခံအဆောက်အဦးနှင့်စွမ်းအင်စီမံကိန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဆိုသည့်အချက်သည် လူထုအခြေပြုအဖွဲ့အစည်းများ၏အဓိက စိုးရိမ်ချက်တစ်ချက် ဖြစ်ပေ သည်။ CERP ၏ ၂.၃ တွင် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းကြီး ၅ ခုကို  ၂၀၂၀ ခုနှစ်မကုန်ခင် Procurement process  စတင်ဆောင်ရွက်ပြီးဖြစ်ရန်ဟူ၍ ပါရှိပေသည်။

    စီမံကိန်းကို “အရှိန်အဟုန်မြှင့်ခြင်း”သည် စီမံကိန်းတစ်ခုတွင် ပုံမှန်လုပ်ဆောင်နေကျ EIA သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊SIA လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်းကဲ့သို့ လူထုနှင့်ဆွေးနွေးတိုင်ပင်မှုများကို ရပ် ဆိုင်းပြီး  အလျင်အမြန်လုပ်ဆောင်သည်ဟု နားလည်ရပါသည်။ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းကြီး ၅ ခုတွင် ပြန်လည် ဖြည့်ဖြိုးစွမ်းအင်စီမံကိန်းဖြစ်သည့် ဧရာဝတီမြစ်ဆုံနှင့်သံလွတ်ဟတ်ကြီးရေကာတာစီမံကိန်းမျိုး ပါဝင်နိုင်သည်ဟု   သုံးသပ်နေကြပါသည်။

    သဘာဝပတ်ဝန်းကျင်အပေါ် အကြီးအကျယ်ပျက်စီးစေခြင်း၊ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဒေသခံပြည်သူလူထုနှင့် ဆွေးနွေးတိုင်ပင်မှုမရှိခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားများ၊ပညာရှင်များ၊ တက် ကြွလှုပ်ရှားသူများနှင့်ဒေသခံများ၏ကန့်ကွက်မှုကြောင့် ၂၀၀၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်သည့် ဧ ရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခု စက်တင်ဘာလတွင် သမ္မတဦးသိန်းစိန်က ရပ်နားလိုက်ပါသည်။

    သြဂုတ်လ ၂၃ ရက်နေ့တွင် NLD ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ဧရာဝတီမြစ်ဆုံစီမံကိန်း ကို ̏ပညာရှင်များ၏သုံးသပ်ချက်တွေနဲ့ အညီ ˝ဆောင်ရွက်ရမည်ဆိုသည့်ပြောဆိုချက်ကို ကြည့်ခြင်းဖြင့်  ဧရာ ဝတီမြစ်ဆုံစီမံကိန်းကို ပြည်လည်အကောင်အထည်ဖော်လာနိုင်ဖွယ် ရှိပေသည်။ အကယ်၍ အစိုးရအနေဖြင့် ဒေသခံပြည်သူများ သဘောတူခြင်းမရှိဘဲ  စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ပါက တစ်နိုင်ငံ လုံးအတိုင်းအတာဆန့်ကျင်မှုများနှင့် ရင်ဆိုင်လာရပေမည်။ ဤသည် တိုင်းရင်းသားဒေသတစ်ခုတည်းမဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခ မရှိသည့်နေရာများတွင်ပင်  ပဋိပက္ခများ  တရှိန်ထိုး တိုးပွားစေသည်မှာ မလွဲပေ။

    အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူလက်မှတ်ထိုးထားသည့်(NCA)တစ်နိုင်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်အပိုဒ်(၂၅-ခ)တွင် ဒေသခံပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုကြီးမားသော စီမံကိန်းများကို လုပ်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအဖွဲ့(EITI) ၏ လုပ်ထုံးလုပ်နည်းအတိုင်း ဒေသခံပြည်သူလူထု၊သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိင်းဆောင် ရွက်သွားရန် ပါရှိသည့်အတွက် CERP ၏စီမံကိန်းကို “အရှိန်အဟုန်မြှင့်” ဆောင်ရွက်ခြင်းသည်  လက်ရှိအစိုးရ အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ အကျိုးသက်ရောက်စေနိုင်ပါသည်။

    ကမ္ဘာ့ဘဏ်၊နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့၊အာရှဖွံ့ဖြိုးဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းစစ်၏ပဋိပက္ခ အရင်းအမြစ်ကို နားလည်ပါက ပြည်တွင်းစစ်ပဋိပက္ခဖြစ်စေသည့်အကြောင်းအရင်းနှင့် နာမည်ပျက်စာရင်းသွင်း ခံရပြီး ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းနှင့် တည်ငြိမ်မှုမရှိသည့်ဘဏ္ဍာရေးစနစ်ကို အလျှင်မဖြေရှင်းခြင်းမဘဲ  ကြီး မားသော နှစ်ရှည်ချေးငွေများ ထုတ်ပေးခြင်းသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဖွံ့ဖြိုးတိုးတက်မှုအထက် မြန်မာနိုင်ငံ၏ပဋိပက္ခများကို ပိုမိုတောက်လောင်စေသည့်လောင်စာဆီသာ ဖြစ်သွားသည်ကို သတိချပ်သင့်ပေ သည်။

     အရပ်ဖက်လူ့အဖွဲ့အစည်းများ ထောက်ပြထားသည့်အတိုင်း မြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ် လာမှသာလျှင် မြန်မာနိုင်ငံကို ပေးအပ်သည့်ချေငွေများသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို  ဖြစ်စေလာနိုင်မည် ဖြစ် သည်။

    (ဆောင်းပါးရှင် နိုင်ဗညားမွန်သည် ဖက်ဒရယ်ရေးရာနှင့်ပေါ်လစီစင်တာ၏ ပရိုဂရာမ်ဒါရိုက်တာ ဖြစ်သည်)

    *ညွှန်း

     -https://www.moi.gov.mm/moi:eng/?q=news/28/04/2020/id-21511

    – https://www.rfa.org/burmese/program_2/china-loan-crisis-06092020064610.html?fbclid=IwAR2xmVAsaPhaXNNyl4uUvNJQ5au0LC5dKEMnQrVHClp2ukiYaDWSKtKdErg#.XuAkZn0HD_A.facebook 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,500SubscribersSubscribe
    spot_img

    Latest posts