Sunday, March 15, 2026
More
    spot_img
    HomeCovid 19ကျန်းမာရေးကိစ္စရပ်များမှအပ NGO အရပ်ဖက်လူမှုအဖွဲ့အစည်းများ မွန်ပြည်သစ်ပါတီဧရိယာသို့ ဝင်ရောက်ခွင့်မပြု

    ကျန်းမာရေးကိစ္စရပ်များမှအပ NGO အရပ်ဖက်လူမှုအဖွဲ့အစည်းများ မွန်ပြည်သစ်ပါတီဧရိယာသို့ ဝင်ရောက်ခွင့်မပြု

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၄)

    လတ်တလော ပြည်တွင်း၌ ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုမြန်ဆန်လာသဖြင့် ကျန်းမာရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်သည့်လုပ်ငန်းကိစ္စမှအပ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် CBO, CSO, NGO, INGO များ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) က ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်လိုက်သည်။

    “ကျနော်တို့ နယ်မြေမှာ CBO, CSO, NGO အရပ်ဖက်အဖွဲ့အစည်းတော်တော်များက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လာရောက်ဆောင်ရွက်နေကြတာရှိပါတယ်၊ အခုလို ကိုဗစ်ကူးစက်မှုနှုန်းမြန်ဆန်နေတဲ့ကာလမှာ လူစုတာတို့ သင်တန်းလာပေးတာတို့ ခွင့်မပြုတော့ပါဘူး” ဟု မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ နိုင်ဗညားလယ်က ပြောသည်။

    သို့ရာတွင် Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့်ပတ်သက်သည့် ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုကိစ္စရပ်များကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “နောက်ပြီး ကျနော်တို့ထိန်းချုပ်နယ်မြေမှာက ကျနော်ဆီက လူတွေပဲ သပ်သပ်ရှိနေကြတာမဟုတ်ပါဘူး၊ တခြားမြို့ရွာတွေက ပြည်သူတွေ၊ သူတို့ဥယာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းတွေကလည်း ကျနော်တို့ဆီမှာ လုပ်ကိုင်ဆောင်ရွက်နေကြတာ တော်တော်များများရှိနေပါတယ်၊ သူတို့အနေနဲ့ Stay at Home နေရာ ရောဂါပြန့်နှံ့နေတဲ့ဒေသက လာတာမဟုတ်ဘူးဆိုတဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံချက်တွေပါရှိရင် သူတို့လုပ်ငန်းရှိတဲ့ ခြံနေရာသွားဖို့ မော်တော်ကားလမ်းပေါ်တလျှောက် ဖြတ်သန်းသွားလာခွင့်ပြုတယ်” ဟု နိုင်ဗညားလယ်က ဆက်ပြောသည်။

    သို့သော် ပြင်ပဒေသမှ လာရောက်သူဖြစ်ကြသည့်အတွက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက်တည်းခိုခွင့်မပြုကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့အပြင် မွန်ပြည်သစ်ပါတီ နယ်မြေအတွင်းရှိ မော်တော်ယာဉ်လိုင်းများ၊ ကိုယ်ပိုင်ကားများ ကုန်ပစ္စည်းနှင့် လူများတင်ဆောင်ရာတွင် လူ ၅ ဦးထက်မပိုရ၊ မော်တော်ဆိုင်ကယ်တစ်စီး လူ ၂ ဦးသာ စီးနင်းခွင့်ရှိသည်ဟု သိရသည်။

    အထူးသဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် ဆက်စပ်နယ်မြေများဖြစ်သည့် ရေးမြို့အရှေ့ဖက်ခြမ်း ရေးချောင်းဖျားဒေသဖြစ်သော ရေးမြို့-ဘုရားသုံးဆူမြို့ မော်တော်ကားလမ်းအတိုင်း ကျုံလောင်းကျေးရွာမှ ဝယ်ဇင်၊ ဖလမ်း၊ ဂနီ၊ ချဲတိုက်၊ ထိုင်းနယ်စပ်အထိ၊  တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်း ရေး-ထားဝယ်မော်တော်ကာလမ်းအရှေ့ဖက်ခြမ်း ထားဝယ်ခရိုင်တပ်တည်စခန်းရှိရာ အနီးပတ်ဝန်းကျင်တဝိုက်တွင် ဒေသအသီးသီးမှ ပြည်သူလူထုများ၏ ဥယျာဉ်ခြံလုပ်ငန်းများ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြောင်း တွေ့ရသည်။

    ထို့အပြင် မွန်ပြည်သစ်ပါတီတပ်တည်စခန်းများဖြစ်သည့် ကရင်ပြည်နယ် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်း၊ ဗလဲဒွန်ဖိုက်၊ တားဒိန်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ် အင်းခွကျေးရွာအနီးရှိ မော်လမြိုင်ခရိုင်ဌာနချုပ်ဒေသ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်း-မင်းရွာအနီးရှိ သထုံခရိုင်ဌာနချုပ်ဒေသတို့တွင်လည်း မွန်ပြည်သစ်ပါတီ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း ဒေသခံများမှ သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks