Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းရွေးကောက်ပွဲတွင် ညွှန့်ပေါင်းအစိုးရ ဖြစ်ပေါ်လာနိုင်ဟု မွန်နိုင်ငံရေးလေ့လာသူအချို့ သုံးသပ်

ရွေးကောက်ပွဲတွင် ညွှန့်ပေါင်းအစိုးရ ဖြစ်ပေါ်လာနိုင်ဟု မွန်နိုင်ငံရေးလေ့လာသူအချို့ သုံးသပ်

-

ရန်လင်းအောင် (မော်လမြိုင်၊ စက်တင်ဘာလ ၈)

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အင်အားကြီး ပါတီများအနေဖြင့် မဲအပြတ်အသတ်အနိုင်ရရှိမည့် အလားအလာမတွေ့မိသဖြင့် ညွှန့်ပေါင်း အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်သည်ဟု မွန်နိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်ဗညားဂဂျော့က ပြောသည်။

“NLD ပါတီလည်း သောင်ပြိုကမ်းပြို မဖြစ်နိုင်တော့ဘူး။ ပြည်ခိုင်ဖြိုးပါတီကိုရော၊ တိုင်းရင်းသားပါတီတွေကိုပါ သတိထားနေရတဲ့ အနေအထားပါ၊  ဒီအတိုင်းပါပဲ ပြည်ခိုင်ဖြိုးပါတီကလည်း အစိုးရဖွဲ့နိုင်လောက်တဲ့အနေအထား မမြင်မိဘူး၊ ဒါကြောင့် တိုင်းရင်းသားပါတီတွေပါဝင်တဲ့ ညွန့်ပေါင်း အစိုးရတစ်ရပ်ပေါ်ပေါက်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ရလာဒ်ကောင်းများ ပေါ်ထွက်နိုင်ခြင်းမရှိသည့်အတွက် NLD အပေါ် တိုင်းရင်းသားများ ယုံကြည်မှုကျဆင်းလာကြောင်း နိုင်ဗညားဂဂျော့ က ဆိုသည်။

အလားတူ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် အင်အားကြီးပါတီများကသာ အစိုးရ ဖွဲ့နိုင်ခဲ့သော်လည်း တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကို အပေါ်ယံဟန်ပြလောက်သာ ဖော်ဆောင်ပြသနိုင်ခဲ့ပြီး  ယုံကြည်မှုကို မတည်ဆောက်နိုင်ခဲ့ဟု မွန်စာရေးဆရာအသင်းဥက္ကဋ္ဌ နိုင်အောင်ဇနက ဆိုသည်။

“ငြိမ်းချမ်းတဲ့ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြောနေပေမယ့်လည်း မရနိုင်ပါဘူး။ လက်ရှိအာဏာရပါတီကို ဗမာအချင်းချင်းတောင် လက်မခံနိုင်ဘူးဆိုရင် တိုင်းရင်းသားလူမျိုးတွေ အချင်းချင်းပူးပေါင်းသွားဖို့လိုတယ်” ဟု နိုင်အောင်ဇနက ဆိုသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ညွှန်ပေါင်းအစိုးရအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စဉ်းစားထားခြင်း မရှိကြောင်း ပြောဆိုထားသည်။

နိုင်အောင်ဇနက “တိုင်းရင်းသားတွေအနေနဲ့ မိမိလူမျိုးထဲက ကိုယ်စားလှယ်လောင်းတွေကိုပဲ မဲပေးမယ်ဆိုရင် အဲဒီပြည်နယ်မှာ လွှတ်တော်အမတ် များများရမယ်ဆိုရင် အဲဒီအမတ်တွေက သူ့ပြည်နယ်အတွက် အကျိုးပြုလုပ်ငန်းတွေကို ဦးစားပေးပြီးတော့ ပိုလုပ်လို့ရတယ်။ သူ့ပြည်နယ်နဲ့သူ တိုးတက်ဖို့ ရှိလာမယ်” ဟု သုံးသပ်သည်။

မွန်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ညီညွှတ်ရေး ပါတီက (၃၅) နေရာ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွှတ်သော ဒီမိုကရေတစ်ပါတီ တို့က (၄၅) နေရာ နေရာပြည့် အပါအဝင် ပါတီ ၁၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလောင်း ၃၀၂ ဦးတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်အရွေးခံကြမည်ဖြစ်သည်။

Photo- ချောင်းဆုံမြို့နယ် မွန်ညီညွတ်ရေးပါတီ မဲဆွယ်စည်းရုံးရေး(MUP)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts