HomeCovid 19မော်လမြိုင်မြို့တွင် ဖက်တန်းနှင့် ရွှေတောင်ရပ်ကွက်နေပြည်သူများ Stay at Home နေထိုင်ရန် အမိန့်ထုတ်

မော်လမြိုင်မြို့တွင် ဖက်တန်းနှင့် ရွှေတောင်ရပ်ကွက်နေပြည်သူများ Stay at Home နေထိုင်ရန် အမိန့်ထုတ်

-

မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၉)

Covid-19 ပြည်တွင်းကူးစက်သည့် ဓါတ်ခွဲလူနာများပြားလာပြီး ထိတွေ့သူများပြားလာသဖြင့် မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်ရှိ ဖက်တန်းနှင့် ရွှေတောင်ရပ်ကွက်နေပြည်သူများ စက်တင်ဘာ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် Stay at Home အစီအစဉ် စတင်အသက်ဝင်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၀ ထုတ်ပြန်လိုက်သည်။

ယခင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၀ အရ မုပွန်၊ စစ်ကဲကုန်းအပါအဝင် ဖက်တန်းနှင့် ရွှေတောင် စသည့်စုစုပေါင်း ၄ ရပ်ကွက်တို့သည် Stay at Home အစီအစဉ်တွင် အကျုံးဝင်ပြီး သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း သိရသည်။

Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူ များအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ရန် (တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)၊ မဖြစ်မနေဈေးဝယ်ထွက်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရန်ရှိလျှင် တစ်အိမ်လျှင် နှစ်ဦးသာသွားရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်၊ နှာခေါင်းစည်းတပ်ရန်၊ တာဝန် ထမ်းဆောင်မည့်ယာဉ်နှင့် ဖြတ်သန်းခွင့်ပြုယာဉ်သာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင်တစ်ဦး၊ ကျန်းမာရေးအတွက် ယာဉ်မောင်းအပြင် နှစ်ဦးသာသွားရောက်ရန် စည်းကမ်းများကို လိုက်နာကြရမည်ဖြစ်သည်။

မော်လမြိုင်မြို့ရွှေတောင်ရပ်ကွက်နေ အသက် ၆၅ နှစ်ရှိ ဆီးချို၊ သွေးတို့ရောဂါအခံရှိသူ ပိုးတွေ့လူနာတစ်ဦး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက်ပျက်စီးခြင်းရောဂါဖြင့် စက်တင်ဘာ ၇ ရက်နေ့လယ်ပိုင်းက မော်လမြိုင် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပြီး ၎င်း၏လူနာစောင့်သည်လည်း Covid-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၈ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၉၉ ဦးတွင် ရန်ကုန် ၇၅ ဦး၊ မန္တလေး ၁၆ ဦး၊ ရခိုင် ၅ ဦး၊ ကချင် ၁ ဦးနှင့် မွန် ၂ ဦးဖြစ်ပြီး  မြန်မာနိုင်တဝန်း ပိုးတွေ့လူနာစုစုပေါင်း ၁၇၀၉ ဦး ရှိလာကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၉ ရက်နေ့ နံနက် ၈ နာရီထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၉၈ ဦးအနက် သင်္ကန်းကျွန်းမြို့နယ် ၇၃ ဦးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့လူနာသစ် ၉၃ ဦး မြန်မာနိုင်တဝန်း ပိုးတွေ့လူနာစုစုပေါင်း ၁၈၀၇ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၄၆၀ ဦးနှင့် သေဆုံးလူနာ ၁၂ ဦးရှိပြီဖြစ်သည်။

Photo-မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၀ (Copy)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts