မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၈)
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာလ ၈ ရက်နေ့နံနက်ပိုင်းတွင် စတင်ဆောင်ရွက်နိုင်ကြောင်း ၂ ရက်သာခြား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရက်ကပ်ပြီးကြေငြာသဖြင့် အစိုးရပါတီဖြစ်သည့် NLD မှလွဲ၍ ကျန်ရှိသောနိုင်ငံရေးပါတီများ အခက်တွေ့ရကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ယင်းသို့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်း များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ထုတ်ပြန်မည့် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန် (Standard Operating Procedure – SOP)၊ သက်ဆိုင်ရာက အချိန်ကာလ/ နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အထူးအလေးထားပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း UEC က ထုတ်ပြန်ထားသည်။
မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက “ကျနော်တို့ပါတီအနေနဲ့ မြို့နယ်အားလုံးမှာ စည်းရုံးရေးလုပ်ငန်းတွေကို ဒီနေ့မစနိုင်သေးဘူး၊ မဲဆွယ်စည်းရုံးရေးစတင်မယ့်ရက်နဲ့ ကော်မရှင်ကြေငြာတဲ့ရက်က တော်တော်လေးကပ်နေတယ် ၆ ရက်နေ့မှာကြေငြာတယ် ၈ ရက်နေ့မှာ စလို့ရပြီဆိုတော့ ကော်မရှင်ထုတ်ပြန်တဲ့လမ်းညွှန်ချက်အပေါ် ကျနော်တို့က ဒီနေ့မှပဲ လုပ်ငန်းစဉ်ကို ရေးဆွဲရတာဖြစ်တဲ့အတွက် တစ်ပတ်ကျော်ကျော်လောက် ကျနော်တို့ အချိန်ယူရဦးမယ်၊ မဲဆွယ်တဲ့ရက် သက်သက်အချိန်ကုန်သွားတာပေါ့” ဟု ဆိုသည်။
ထို့အတူ ၂ ရက်အကွာတွင် ကပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာလိုက်သည့်အတွက် လက်ရှိအာဏာရ NLD ပါတီမှလွဲပြီး ပါတီတော်တော်များများ စည်းရုံးရေးစတင်နိုင်ဖို့ ပြန်လည်ပြင်ဆင်နေရသည်ဟု မွန်ညီညွတ်ရေးပါတီမှ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်ရဲဇော်က ပြောသည်။
“ဘယ်လိုစည်းကမ်းသတ်မှတ်ချက်တွေရှိနေလဲ သိမနေတဲ့အခါကျတော့ ဒီဟာကိုတွက်ဆလို့မရတဲ့အတွက်ကြောင့် ကျနော်တို့ Plan တွေကို အရမ်းကြီးဆွဲထားလို့မရပါဘူး၊ ခုမှသိတဲ့အခါကျတော့ ဒီအပေါ်မူတည်ပြီးတော့ ကျနော်တို့ဆွဲနေရတာပဲရှိတယ် NLD ပါတီအနေနဲ့ သူတို့ကကြိုသိထားပြီးတော့ လက်ဦးမှုရတဲ့ပုံစံမျိုးတော့ သူတို့မှာအားသာချက်ရှိတာပေါ့၊ ကျနော်တို့ကတော့ ဘာတွေထုတ်ပြန်မယ် ဘာတွေညွှန်ကြားမလဲဆိုတာ စောင့်နေရတော့ နည်းနည်းလေးတော့ နောက်ကျတဲ့ပုံစံမျိုးတော့ ရှိတာပေါ့လေ”ဟု နိုင်ရဲဇော်က ဆိုသည်။
လူစုလူဝေးပြုလုပ်သည့်အခါ လူ ၅၀ ထက်မပိုရသည့် ကိုဗစ်ကာလစည်းကမ်းသတ်မှတ်ချက်များနှင့် အချို့ကျေးရွာများတွင် လမ်းပိတ်ထားတာမျိုး စိတ်အနှောက်အယှက်တွေကြုံတွေ့ခဲ့ရကြောင်း ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်သည့် ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ၏ ပထမနေ့မဲဆွယ်စည်းရုံးရေးအခြေအနေကို ဒုဥက္ကဌ မန်းအောင်ပြည်စိုးက ဆိုသည်။
မန်းအောင်ပြည်စိုးက “ကိုဗစ်နဲ့ သို့လောသို့လောနဲ့ဟာ ရင်တမမနဲ့ ဒီဟာကိုစောင့်နေရတာပေါ့ အခုထုတ်ပြန်လိုက်တဲ့အခါကျတော့ လူ ၅၀ ကို ၆ ပေအကွာဘာညာဆိုတော့ လူ ၅၀၀ လောက်တွေ့ချင်တယ်ဆိုလို့ရှိရင် ကျနော်တို့ ၁၀ ခါလောက် လိုက်ကျင်းပရမလိုဖြစ်နေတာပေါ့ နောက်ပြီး သွားတဲ့လာတဲ့အခါမှာ ကျေးရွာတွေကလည်း လမ်းတွေပိတ်ထားတာကို နည်းနည်းပါးပါး တွေ့ရတာပေါ့ဗျာ အဲဒါကိုနားလည်အောင် ရှင်းပြရတဲ့အပိုင်းကို ကျနော်တို့အတွက် စိတ်အနှောက်အယှက်ဖြစ်ရတာပေါ့” က မွန်သတင်းအေဂျင်စီသို့ ပြောသည်။
ယနေ့မဲဆွယ်စည်းရေးပထမရက်တွင် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ် ၁၀ မြို့နယ်စလုံး၌ NLD ပါတီအနေဖြင့် စည်းရုံးရေးစတင်ပြုလုပ်ခဲ့ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ USDP က အစိမ်းရောင်ဝတ်စုံများဖြင့် အဖွဲ့ငယ်များသာ လှုပ်ရှားနိုင်ကြောင်း၊ မွန်ညီညွတ်ရေးပါတီအနေဖြင့် ချောင်းဆုံမြို့နယ်တွင် ယနေ့ စတင်လှုပ်ရှားခဲ့ကြောင်း သိရသည်။
“ဒီနေ့အတွက်တော့ ကျနော်တို့ မုဒွန်း၊ ဒေါင်းဥ၊ကမာမိုး ရွာလွတ်၊ ကွမ်းရိုက် စတဲ့ ပါတီ လိုဂို စတစ်ကာနှင့်နှာခေါင်းစည်းတို့ကို့ ဖြန့်ဝေးခဲ့တယ်” ဟု ကိုယ်စားလှယ်လောင်း ဦးသန်းနိုင် (နာဲသိုက်ရတ်)က ပြောသည်။
ယနေ့နံနက် ၈ နာရီအချိန်မှ ညနေ ၃ နာရီအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ဝန်ရံအင်အား ၅၀ ဦးတို့ဖြင့် မော်တော်ကားနှင့် ဆိုင်ကယ်များတွင် MUP စတစ်ကာကပ်ခြင်း အလံများထောင်ခြင်းနှင့် Mask များဝေငှခဲ့ကြောင်း သိရသည်။
သို့ရာတွင် ကျိုက်မရော၊ ပေါင်နှင့် ရေးမြို့နယ်နေရာအချို့တွင် မွန်ညီညွတ်ရေးပါတီမှ အစုလိုက်အဖွဲ့လိုက် ဆိုင်းဘုတ်တင်ခြင်းနှင့် လှုပ်ရှားမှုအနည်းငယ်စတင်ခဲ့သည်ကို လူမှုကွန်ယက်များ၌ တွေ့ရှိရကြောင်း မော်လမြိုင်မြို့ခံ ကိုမင်းမင်းက ပြောသည်။
“NLD ပါတီကလွဲရင် ကျန်တဲ့ပါတီအားလုံးလိုလို အခုဟာက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးစတင်ဖို့အတွက်က ပါတီရဲ့ကိုယ်စားလှယ်တွေရော လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်တွေရော ရွေးကောက်ပွဲကော်မရှင်ဆီမှာ သွားရောက်ညှိနှိုင်းနေကြတယ် ခရီးစဉ်အခြေအနေ ပစ္စည်းပစ္စယသုံးစွဲမှု စည်းကမ်းသတ်မှတ်ချက်၊ လုပ်ဆောင်ချက်တွေ အဲဒီဟာ အခုမှစပြီးတော့ ကမန်းကတမ်းနဲ့ ပါတီအတော်များများက သွားရောက်ညှိနှိုင်းနေတဲ့အနေအထားမျိုးမှာရှိနေတယ် လောလောဆယ် မဲဆွယ်စည်းရုံးရေးစနေတာကို ကျနော်မြင်ရတာက NLD ပါတီတစ်ခုပဲ မော်လမြိုင်မှာ ဒီနေ့စတာရှိတယ်” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် စက်တင်ဘာလ ၈ ရက်မှ ရွေးကောက်ပွဲမကျင်းပခင် တစ်ရက်အလို နိုဝင်ဘာလ ၆ ရက်နေ့ ညသန်းခေါင်အထိ မဲဆွယ်စည်းရုံးခွင့်ရရှိမည် ဖြစ်ပြီး ကပ်ဘေးကာလအတွင်း လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးသည့်အခါ လူ ၅၀ ထက်မပိုစေဘဲ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီခွာပြီး နေရာချထားရန်၊ လေဝင်လေထွက်ကောင်းသောနေရာများတွင် ဆောင်ရွက်ရန်နှင့် အစိုးရထုတ်ပြန်ထားသည့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို လိုက်နာရန် စက်တင်ဘာလ ၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။