HomeCovid 19ကရင်ပြည်နယ်က ကိုဗစ်အတည်ပြုလူနာနံပါတ် ၁၃၁၃ မှာ အမျိုးသားမဟုတ်ဘဲ ထိုင်းပြန်အမျိုးသမီးတစ်ဦးဖြစ်

ကရင်ပြည်နယ်က ကိုဗစ်အတည်ပြုလူနာနံပါတ် ၁၃၁၃ မှာ အမျိုးသားမဟုတ်ဘဲ ထိုင်းပြန်အမျိုးသမီးတစ်ဦးဖြစ်

-

စသောင်းနန် (စက်တင်ဘာ ၆၊ ၂၀၂၀)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စက်တင်ဘာလ (၆) ရက်နေ့ နံနက် (၈) နာရီခွဲအချိန် ထုတ်ပြန် ချက်တွင်ပါရှိသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ အသက် ၃၄ နှစ် ဓာတ်ခွဲခန်းအတည်ပြုလူနာနံပါတ် ၁၃၁၃ သည် အမျိုးသားမဟုတ်ဘဲ မကြာခင်ရက်ပိုင်းတွင် ထိုင်းနိုင်ငံမှပြန်လာသည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် လူနာအမှတ် ၁၃၁၃၊ အသက် ၃၄ နှစ်၊ “ကျား”၊  ကော့ကရိတ်မြို့နယ် ကရင်ပြည်နယ်၊ Covid 19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိ၊ ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဟု ဖော်ပြထားသည်။

ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းက “MoHS ထုတ်ပြန်ချက်က လွဲမှားနေတယ်၊ ကျနော်လည်း သက်ဆိုင်ရာကို အခုပြန်ရှင်းပြနေရတယ်၊ “မ” နေရာမှာ “ကျား”ဖြစ်နေတယ်၊ ပြည်ပသို့ခရီးသွားရာဇဝင်မရှိလို့ ဖော်ပြတာလည်းမှားနေတယ်၊ မကြာခင်ကပဲ ထိုင်းကပြန်ရောက်လာတာဖြစ်လို့ သူ့နေအိမ်မှာ  ကွာရန်တင်းထားရင်း ကျန်းမာရေးဌာနက လာစစ်တော့ ရောဂါပိုးတွေ့တယ်လို့ သိရတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။ 

ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာအုပ်စု လိမ္မော်ကုန်းကျေးရွာရှိ သူမနေအိမ်သို့ စက်တင်ဘာလ (၁)ရက်နေ့ ည (၁၀) နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံမှပြန်ရောက်လာသည်ကို သိရသဖြင့် Home Quarantine ထားရှိခဲ့ပြီး ကျုံဒိုးကျန်းမာရေးဌာနမှ ရောဂါပိုးရှိမရှိလာရောက်စမ်းသပ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ ထိုင်းကနေရောက်လာကတည်းက သူနေအိမ်မှာပဲ ပေးနေခိုင်းထာတယ်၊ အပြင်တို့ဘာတို့ မထွက်ရဘူး၊၊ သူ့အဖေပဲ သူ့ဆီနေ့တိုင်းထမင်းလာပို့ပေးနေတယ်၊ ပြီးတော့ သူ့မှာ သားတစ်ယောက်ရှိပါတယ်၊ သူ့သားမှာတော့ ရောဂါပိုးမတွေ့ပါဘူး” ဟု ကော့ဘိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

အဆိုပါ ပိုးတွေ့လူနာအား ယနေ့နံနက်ပိုင်းတွင် ကော့ဘိန်းကယ်ဆယ်ရေးအသင်းမော်တော်ယာဉ်၊ ကော့ကရိတ်ကယ်ဆယ်ရေးမော်တော်ယာဉ်၊ ကော့ဘိန်းတိုက်နယ်ဆေးရုံမော်တော်ယာဉ်တို့ဖြင့် ဖားအံဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ကော့ဘိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အလားတူ မကြာခင်က ထိုင်းနိုင်ငံမှပြန်ရောက်လာသူ မွန်ပြည်နယ် မုဒုံမြို့နယ်မှ ကိုဗစ်ရောဂါပိုးအတည်ပြုလူနာနံပါတ် ၁၁၁၁ သည်လည်း ၎င်းနှင့်ထိတွေ့ခဲ့ကြသည့် ဝက်တဲကျေးရွာမှ မိသားစုဝင် ၁၁ ဦးတို့အား မုဒုံလူမှုကယ်ဆယ်ရေးကွန်ယက် အဖွဲ့များက စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် မော်လမြိုင် (၁၀)မြို့နယ်ဆောင် Quarantine Center သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန စက်တင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့နံနက် ၈ နာရီခွဲ ကြေညာချက်အရ COVID-19 ကူးစက်သူ ၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း၊ ယခုအသစ်တွေ့ရှိသည့် လူနာများတွင် ရန်ကုန်တိုင်းက လူနာ ၆၀ ဦးနှင့်အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၃ ဦး၊ ဧရာဝတီတိုင်းက ၂ ဦးနှင့် ကရင်ပြည်နယ်က ၁ ဦးရှိကြောင်း၊ မြန်မာနိုင်တဝန်း ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁,၃၁၉ ဦး၊ သေဆုံးသူ စုစုပေါင်း ၈ ဦးရှိကြောင်း သိရသည်။

လတ်တလော ထိုင်းမြန်မာနယ်စပ်တလျှောက် ထိုင်းစစ်တပ်က လုံခြုံရေးအထူးတင်းကြပ်ထားသည်ဟု ဆိုသော်လည်း ခိုးဝင်လမ်းကြောင်းအချို့မှ ပွဲစားများအစီအစဉ်ဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများရှိနေကြောင်း သိရသည်။

Photo- လိမ္မော်ကုန်းကျေးရွာသို့ ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိလာစဉ် (MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts