spot_img
Wednesday, February 11, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ် စစ်တောင်းတံတားအဝင်တွင် ကိုဗစ်စစ်ဆေးဂိတ်ဖွင့်လှစ်ထား၊ ရခိုင်မှလာသူများ Quarantine ၂၁ ရက်ဝင်ရမည်

    မွန်ပြည်နယ် စစ်တောင်းတံတားအဝင်တွင် ကိုဗစ်စစ်ဆေးဂိတ်ဖွင့်လှစ်ထား၊ ရခိုင်မှလာသူများ Quarantine ၂၁ ရက်ဝင်ရမည်

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁)

    မွန်ပြည်နယ် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်ရေးအတွက် စစ်တောင်းတံတားအဝင် မော်တော်ကားလမ်းသစ်နှင့် လမ်းဟောင်း ၂ နေရာတွင် ကိုဗစ်စစ်ဆေးဂိတ်ဖွင့်လှစ်ထားရှိ၍ စစ်ဆေးလျှက်ရှိပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မှ လာရောက်သူများ Quarantine ၂၁ ရက် ဝင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါဝင်ရောက်လာသူများအား အပူချိန်တိုင်းတာခြင်း၊ ခရီးသွားတစ်ဦးချင်းစီ၏ ခရီးသွားရာဇဝင်အချက်အလက်များ ကောက်ယူခြင်းများ ပြုလုပ်လျှက်ရှိပြီး သိမ်ဇရပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများနှင့် ဒေသခံလူမှုအဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့စုံမှ အလှည့်ကျတာဝန်ခွဲဝေ ဆောင်ရွက်လျှက်ရှိသည်။  

    သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်သို့ ခရီးထွက်ခွာခဲ့သူ မော်လမြိုင်မြို့မှ Covid 19 လူနာအမှတ် 482 တစ်ဦး တွေ့ရှိခဲ့ပြီးနောက် မွန်ပြည်နယ်အတွင်း ရောဂါကာကွယ်တားဆီးရေးနှင့် စစ်ဆေးမှုများကို အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်လာကြောင်း တွေ့ရှိရသည်။

    ထို့အတူ Covid 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် အစိုးရ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ညာစာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ (၃၀) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်မှုအပေါ် သိရှိလိုက်နာဆောင်ရွက်သွားရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

    အလားတူ ကရင်ပြည်နယ်သို့ လာရောက်သည့် ခရီးသွားများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ကျန်းမာရေးရောဂါကင်းစင်ကြောင်း အထောက်အထား နှင့် ခရီးသွားရာဇဝင်များပေးအပ်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    ယမန်နေ့ (သြဂုတ် ၃၁) တွင် သံသယလူနာ (၂,၁၅၂) ဦးကို စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၀၀) ဦး တစ်ရက်တည်းမှာပင် စံချိန်တင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတဝန်း စုစုပေါင်း အတည်ပြုလူနာ ၈၈၇ ဦးအထိ ဖြစ်လာသည်။ 

    ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်မတိုင်မီက မြန်မာနိုင်ငံတဝန်း စုစုပေါင်း အတည်ပြုလူနာ ၃၇၄ ဦးသာ ရှိခဲ့ရာမှ လဝက်အတွင်း လူနာသစ် ၅၀၀ ကျော်တိုးလာသည့်အထဲတွင် ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

    ပြည်သူများ လုံးဝ(လုံးဝ) မပေါ့ဆကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့တွက် ဆက်လက် သတိပေးခဲ့ပြီး တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်။ (လိုအပ်၍) အပြင်ထွက်ပါက လူစုလူဝေးရှိသည့်နေရာများသို့သွားပါက သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။ လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန် တိုက်တွန်းမှာကြားထားသည်။

    Photo- မွန်ပြည်နယ်အစိုးရအဖွဲ့ ကြေညာချက် (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks