spot_img
Monday, April 15, 2024
More
    spot_img
    Homeဆောင်းပါးအစိုးရကျောင်းတက်နေတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားကလေးငယ်တွေ ပညာရည်တိုးတက်ဖို့ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေသေးလဲ (အပိုင်း ၂)

    အစိုးရကျောင်းတက်နေတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားကလေးငယ်တွေ ပညာရည်တိုးတက်ဖို့ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေသေးလဲ (အပိုင်း ၂)

    -

    ဓရ်အံင်ဇျှာန်/ထောအောင်ချန်း (၁၈ သြဂုတ် ၂၀၂၀) 

    ဆောင်းပါးအပိုင်း ၁ မှာ အောက်ပါအချက်တွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။https://burmese.monnews.org/2020/07/23/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%97/

    • မြန်မာနိုင်ငံမှာ အတိုင်းအတာတစ်ခုအထိ နိုင်ငံရေးစနစ်တွေ ပြောင်းလဲလာမှုနဲ့အတူ အစိုးရ ပညာရေးဝန်ကြီးဌာန (Ministry of Education – MOE) အနေနဲ့လည်း ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပါတယ်။
    • အသစ်ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေက (ဗမာမဟုတ်တဲ့) တိုင်းရင်းသား ဘာသာစကား သင်ကြားရေး၊ စာသင်ခန်းအတွင်း တိုင်းရင်းသားဘာသာစကား အသုံးပြုရေးတို့ကို ခွင့်ပြုခဲ့ပေမဲ့ ပညာရေးစနစ်သစ်နဲ့အတူ ပေါ်ထွက်လာတဲ့ သင်ရိုးညွှန်းတမ်းအသစ်မှာ အားနည်းချက် အကြီးကြီး တစ်ခု ရှိပါတယ်။
    • အဲဒါကတော့ သင်္ချာ၊ လူမှုရေး၊ သိပ္ပံစတဲ့ သင်ရိုးညွှန်းတမ်းဝင် ဘာသာရပ် အများစုအတွက် ပြဋ္ဌာန်း ဘာသာစကား ရွေးချယ်မှု / အချိန် ခွဲဝေထားမှုဆိုင်ရာ မူဝါဒဟာ မြန်မာစာနဲ့ အင်္ဂလိပ်စာတွေကိုပဲ အထူး အလေးပေးထားပြီး တိုင်းရင်းသား ဘာသာစကား (ဥပမာ ကရင်၊ ပအိုဝ်း၊ မွန် စသဖြင့်) အသုံးပြုမှုဟာ အခြေခံပညာ သင်ရိုးညွှန်းတမ်း တစ်ခုလုံးရဲ့ ၁၀ % ထက် မဆိုစလောက်လေး ပိုတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

    အပိုင်း ၁ မှာ ဖော်ပြခဲ့တဲ့အတိုင်း ဒီဆောင်းပါးအဆက်တွေ ရေးရတဲ့ အဓိက ရည်ရွယ်ချက်က “လာမဲ့ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် မွန်ညီညွတ်ရေးပါတီ အပါအဝင် တိုင်းရင်းသားလူမျိုးအခြေပြု နိုင်ငံရေးပါတီတွေအတွက် ပညာရေးဆိုင်ရာ မူဝါဒ၊ နည်းဗျူဟာ စဉ်းစားစရာတွေ ပိုရလာ” ဖို့ ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးကြမဲ့ မွန်ပြည်နယ်သူ/သားတွေအတွက် “ကိုယ်စားလှယ်လောင်းတွေ (နဲ့ သူတို့ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ) ရဲ့ ပညာရေးမူဝါဒလမ်းစဉ်တွေဟာ “မြန်မာနိုင်ငံသား အားလုံး” အပေါ် ဘယ်လိုသက်ရောက်မှု ရှိနေတယ်/ရှိနိုင်မလဲဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ်စဉ်းစားတဲ့အခါ အထောက်အကူ ဖြစ်” ဖို့လည်း ရည်ရွယ်ပါတယ်။ ဒီတော့… အစိုးရကျောင်းတက်နေတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားကလေးငယ်တွေ ပညာရည်တိုးတက်ဖို့ သင်ရိုးညွှန်းတမ်းဆိုင်ရာ ဘာသာစကား၊ အချိန် ခွဲဝေထားမှု မူဝါဒအပြင် တခြား ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေသေးလဲ? အပိုင်း ၂ မှာတော့ ကျောင်းတွေ၊ စာသင်ခန်းတွေအတွင်း ကျောင်းသူ/သားတွေနဲ့ တိုက်ရိုက်ဆက်ဆံ၊ ပညာသင်ကြားမှု ပြုကြရတဲ့ ဆရာ/မတွေရဲ့ အခန်းကဏ္ဍ နဲ့ ဆက်စပ်အကြောင်းအရာတွေကို အောက်ပါအတိုင်း ဆွေးနွေးထားပါတယ်။

            တိုင်းရင်းသားဘာသာ တတ်ကျွမ်းတဲ့ ဆရာ/မ အင်အား အစိုးရကျောင်းတွေမှာ နည်းနေသေးတယ်

    တိုင်းရင်းသားလူမျိုးစုတွေ အများစုနေထိုင်တဲ့ ဒေသတွေမှာ တာဝန်ကျနေတဲ့ ဆရာ/မ အားလုံးရဲ့ ၇၀ % လောက်က သက်ဆိုင်ရာ တိုင်းရင်းဘာသာစကားကို တတ်မြောက်ထားခြင်း မရှိဘူးလို့ ယူနီဆက် က ခန့်မှန်းထားတယ်ဆိုပြီး ၂၀၁၆ ခုနှစ်မှာ ထုတ်တဲ့ အာရှဖောင်ဒေးရှင်းအဖွဲ့ရဲ့ အစီရင်ခံစာ တစ်ခုမှာ ဆိုထားပါတယ်။ ဒီကိန်းဂဏန်းသာ အမှန်ဆိုလျှင် ပညာရေးဥပဒေ ပုဒ်မ ၄၃၊ ပုဒ်မခွဲ ခ ပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့

    အခြေခံပညာ အဆင့်တွင် လိုအပ်ချက်ရှိလျှင် တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ သင်ကြားမှု ဘာသာစကားအဖြစ် တွဲဖက်အသုံးပြုနိုင်သည်

    ဆိုတာကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ခဲယဉ်းမယ်လို့ တချို့ပညာရှင်တွေ (ဥပမာ Marie LallNicolas Salem-Gervais နဲ့ Mael Raynaud) က မှတ်ချက်ပေးကြပါတယ်။ (ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမှာ ဒီအပိုဒ်ကို ပုဒ်မ ၂၂ နဲ့ အစားထိုးလိုက်တယ် ဆိုပေမဲ့ “လိုအပ်ချက်ရှိလျှင်” ဆိုတာကို ဖယ်ထုတ်လိုက်ပြီး “သင်ကြားမှု ဘာသာစကား” (Language of Instruction) နေရာမှာ “စာသင်ခန်းသုံး ဘာသာစကား” (Classroom Language) နဲ့ အစားထိုးလိုက်တာက လွဲလို့ ကျန်တာက အတူတူပဲ ဖြစ်ပါတယ်။)

            ဆရာဦးရေနည်းတဲ့ ကိစ္စကို ဖြေရှင်းဖို့ ကြိုးစားတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ကြိုးပမ်းအားထုတ်မှုတချို့

    အထက်ပါ ဥပဒေပြဋ္ဌာန်းချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ဆိုလျှင် မြန်မာစကားအပြင် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို အသုံးပြုနိုင်တဲ့ ဆရာ/မ အရေအတွက် များလာဖို့ လိုတယ်ဆိုတာ ငြင်းမရတဲ့ အချက်ပါပဲ။ ဒါ့ကြောင့်လည်း NLD အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန နဲ့ ပူးပေါင်းပြီး MOE က ဘာသာစကားသင် ဆရာ/မ (Language Teacher) နဲ့ နေ့စားလပေး သင်ကြားရေး အထောက်အကူပြု (Teaching Assistant) ဆိုပြီး ရာထူးအသစ် အနည်းဆုံး ၂ မျိုးလောက်ကို ဖန်တီးပြီးတော့ တိုင်းရင်းသား ဘာသာစကားသင်ကြားရေးကို တိုးမြှင့် အကောင်အထည်ဖော်လာခဲ့တယ်လို့ ဆိုပါတယ်။ MOE ရဲ့ ကိန်းဂဏန်းတွေ အရ ၂၀၂၀ နှစ်ဆန်းပိုင်းလောက်အထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းရင်းဘာသာစကားသင် Language Teacher (LT) ဦးရေ ၂ သောင်း ကျော် ရှိပြီးတော့၊ Teaching Assistant (TA) က တော့ အယောက်ပေါင်း ၁၁၇၀၀ ရှိပါတယ်။ တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနဲ့ ဆက်စပ်တဲ့ ဆရာ/မ အရေအတွက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၃၁၇၀၀ ကျော် ရှိရာမှာ အဲဒါရဲ့ ၄.၅ % (LT ၇၈၄ ဦး နဲ့ TA ၆၄၂ ဦး ပေါင်း ၁၄၂၉ ဦး) က မွန်ပြည်နယ်က အစိုးရကျောင်းတွေမှာ ရှိတာ ဖြစ်ပါတယ်။

    မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အသီးသီးက အခုနှစ်ပိုင်း (၂၀၁၉ စက်တင်ဘာ ကနေ ၂၀၂၀ ဇန်နဝါရီလ) တွေ အတွင်း စုစည်းတင်ပြထားတဲ့ စာရင်းတွေအရ ခွဲကျောင်းတွေ အပါအဝင် အခြေခံပညာ (အစိုးရ) ကျောင်းပေါင်း ၁၄၈၁ ကျောင်းမှာ စုစုပေါင်း ဆရာ/မ အင်အား ၁၅၈၀၀ ကျော် ရှိပါတယ်။ ဒီပမာဏထဲမှာ LT နဲ့ TA ဆရာတွေရဲ့ အရေအတွက်ကိုလည်း ထည့်သွင်း ရေတွက်ထားသေးလား ဆိုတာကိုတော့ မသိရပါဘူး။ တကယ်လို့ ထည့်သွင်းရေတွက်ထားခဲ့တယ် ဆိုလျှင် တိုင်းရင်းဘာသာစကား သင်ကြားရေးနဲ့ ဆက်စပ်တဲ့ ဝန်ထမ်း အရေအတွက်ဟာ မွန်ပြည်နယ် ဆရာ/မစုစုပေါင်းဦးရေရဲ့ ၉ % စွန်းစွန်းပဲ ရှိတာကို တွေ့ရပါတယ် (ပုံ ၁ ကိုလည်း ကြည့်နိုင်ပါတယ်)။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုလျှင်လည်း ၈ % နီးပါးလောက် (စုစုပေါင်းအား ၄၁၀၂၀၀ နီးပါးမှာမှ ၃၁၇၀၀ ကျော်) ပဲ ရှိပါတယ် (အောက်ကပုံကိုလည်း ကြည့်နိုင်ပါတယ်)။

    ဒီ့အပြင် အထူးသဖြင့် တစ်ရက်ကို တစ်ချိန် စာသင်ဖို့အတွက် (ယာယီသဘောမျိုး) ပဲ ခန့်အပ်ထားနိုင်သေးတဲ့ LT ဆရာ/မတွေရဲ့ နည်းပါးလွန်းနေသေးတဲ့ လစာကိစ္စ ကိုလည်း ဘယ်လို ဖြေရှင်းမယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ MOE က “ဘွဲ့ရရှိပြီးသည့် Teaching Assistants [TA/s] အဖြစ် ခန့်ထားခံရသူများအား ပညာရေးကောလိပ်တွင် မူလတန်းပြ စာပေးစာယူသင်တန်း တက်ရောက်ပြီး အောင်မြင်ပါက မူလတန်းပြ ဆရာဆရာမ (PTA) များအဖြစ် ခန့်ထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်” ပေးနေတာမျိုး ရှိတယ်လို့တော့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီလိုကိစ္စမျိုးတွေက တိုင်းရင်းသားစာ သင်ကြားရေး ကိစ္စ စိတ်ဝင်စားသူများအကြား လူပြောသူပြော များပါတယ်။ လူသိပ်မပြောကြပေမဲ့ တခြားအရေးကြီးတဲ့ ဆက်စပ်အကြောင်းအရာတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ဘွဲ့မရသေးပေမဲ့ တခြားပညာအရည်အချင်းအဆင့် ရှိကြတဲ့ LT နဲ့ TA တွေ (၄ တန်းအောင် (LT) ၂၀၀၀၀ ကျော်၊ ၉ တန်းအောင် (TA) ၁၁၇၀၀ ကျော်) အတွက် ဘယ်လို အစီအစဉ် ရှိတယ် ဆိုတာမျိုးကို MOE က တိတိကျကျ ဖော်ထုတ်ပြောဆိုတာ မကြားရသေးပါဘူး။ အောက်မှာ နောက်ထပ်ဖော်ပြထားတဲ့ ကိစ္စမျိုးတွေဆိုလျှင်လည်း ပြောဆိုဆွေးနွေးသံ သိပ်မကြားရသေးပါဘူး။

            အခန်းထဲက ဆင်ကြီးအကြောင်း ဘယ်သူ ဘာမှ မပြောကြတော့ဘူးလား

    အစိုးရကျောင်းတွေမှာ လက်ရှိသင်ကြားနေတဲ့ တိုင်းရင်းသားစာ ၆၃ မျိုးထဲက အများစုကို သင်ဖို့ လောလောဆယ် မူလတန်းအောက်ဆင့် (တတိယတန်း) လောက်ထိပဲ ပြဋ္ဌာန်းစာအုပ်တွေ အဆင်သင့် ဖြစ်သေးတဲ့အတွက် (LT/TA) ဆရာ/မ အင်အား နည်းနေသေးတယ်လို့ ယူဆလို့ ရပါတယ်။ ဒါပေမဲ့ “အစိုးရကျောင်းတက်နေတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားကလေးငယ်တွေ ပညာရည်တိုးတက်ဖို့” ဆိုရာမှာ တိုင်းရင်းသားစာ သင်ကြာရေး တစ်ခုတည်း၊ တိုင်းရင်းသားစာနဲ့ ဆက်စပ် ဘာသာရပ်တွေကို သင်ကြားတဲ့ ဆရာ/မ တွေ (မွန်မှာ ၉ %၊ ပြည်ထောင်စုအဆင့် ၈ %) လောက်ကိုပဲ ကွက်ပြီး ကြည့်လို့ မရပါဘူး။ တိုင်းရင်းသားကလေးငယ်တွေနဲ့ ထိတွေ့ ဆက်ဆံ၊ စာသင်ကြားနေကြရတဲ့ ဆရာ/မ တိုင်း ရဲ့ အနေအထားကိုလည်း အသေးစိတ် (ပြန်) သုံးသပ်ဖို့ လိုပါတယ်။ ဒီအထဲမှာ တိုင်းရင်းသားလူမျိုးတွေ အဓိက နေထိုင်ရာဒေသမှာ တာဝန်ထမ်းဆောင်နေကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေကို တတ်မြောက်ထားခြင်း မရှိတဲ့ (ယူနီဆက်ရဲ့ ကိန်းဂဏန်းအရ ၇၀ % လောက်တောင် ရှိနေနိုင်တဲ့) ဆရာ/မတွေ  ရဲ့ အခန်းကဏ္ဍကို အထူးသဖြင့် အလေးပေး ဆန်းစစ်ဖို့ လိုပါတယ်။ ဆရာ/မတွေထဲမှာ “ကျောင်းသူ/သားတွေအနေနဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာအပြင် သူတို့ရဲ့ တိုင်းရင်းမိခင်စာပေတွေကိုလည်း သင်ကြားတတ်မြောက်ခွင့်ရှိကြောင်း၊ မိခင်ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုဟာ နောက်ထပ်ဘာသာစကားတွေ လေ့လာမှုမှာ အထောက်အကူပြုကြောင်း” စသဖြင့်တွေကို လက်မခံနိုင်သေးသူတွေလည်း အတိုင်းအတာတစ်ခုအထိ ပါနေနိုင်တာကို အောက်က ဥပမာတွေ ကြည့်လျှင် သိနိုင်ပါတယ်။

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း မွန်ဘာသာပြဆရာ (Mon LT) တွေကို အစိုးရပညာရေးဝန်ထမ်းတချို့က ခွဲခြားဆက်ဆံတာမျိုး ရှိတယ်လို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ (၂၀၁၉ အောက်တိုဘာလ) သတင်းတစ်ခုအရ သိရပါတယ်။ မွန်မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံပညာရေး (Mon MTB-MLE) ကို အကောင်အထည် ဖော်လျက်ရှိတဲ့ MNEC / မွန်အမျိုးသားကျောင်းက ဆရာ/မတွေလည်း “သူတို့ သင်တန်းအတူတက်ရတဲ့ အစိုးရကျောင်းက ဆရာ/မ တချို့ သူတို့အပေါ် အထင်အမြင်သေးတဲ့ အပြုအမူတွေ လုပ်တယ်” လို့လည်း တိုင်းရင်းသားပညာရေးဆိုင်ရာ သုတေသနစာပေတွေ အများအပြား ရေးသားနေတဲ့ ပရော်ဖက်ဆာ Marie Lall ၂၀၁၆ ခုနှစ်ထုတ် Diversity in education in Myanmar အစီရင်ခံစာမှာ တင်ပြထားပါတယ်။ MNEC ပညာရေးစနစ်နဲ့ ဆရာ/မတွေကို အစိုးရက တရားဝင် အသိအမှတ်ပြုထားတာ မရှိသေးပေမဲ့ တိုင်းရင်းသားစာပေသင်ကြားရေးအပေါ် MOE ပညာရေးဝန်ထမ်းတချို့ရဲ့ အပြုသဘော သိပ်မဆောင်တဲ့ သဘောထားကို ဒီလို ဖြစ်ရပ်မျိုးတွေက ထင်ထင်ရှားရှား မီးမောင်းထိုးပြနေပါတယ်။

    ဒါကြောင့် အမျိုးသားပညာရေး ဥပဒေတွေမှာ ပါတဲ့ တိုင်းရင်းသား ဘာသာစကားတွေကို မြန်မာစကားနဲ့အတူ စာသင်ခန်းသုံး ဘာသာစကား အဖြစ် အသုံးပြုနိုင်ရေး ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်တဲ့အခါ LT နဲ့ TA တွေ၊ ဒေသသင်ရိုးတွေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေနဲ့တင် မလုံလောက်ပါဘူး။ တခြားဘာသာရပ်ပိုင်းဆိုင်ရာ ဆရာ/မတွေ၊ အခြေခံပညာ သင်ရိုးတစ်ခုလုံးကို လွှမ်းခြုံတဲ့ မူဝါဒတွေ၊ ပြည်ထောင်စုအဆင့် MOE (လိုအပ်လျှင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန) စသဖြင့်တွေရဲ့ အခန်းကဏ္ဍကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း ဖော်ထုတ်သတ်မှတ်ဖို့ လိုပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပညာရေးကဏ္ဍဟာ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းအဆင့်တွေကို တိတိကျကျ မူဝါဒပြုခွင့် ခွဲဝေပေးထားတာမျိုး မဟုတ်ဘဲ ပြည်ထောင်စု အဆင့်ကပဲ ဥပဒေတွေ ချမှတ်အတည်ပြု၊ လုပ်ငန်းစီမံကိန်းတွေ ဦးဆောင်လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေးကို ဗဟိုက ဦးစည်းပြီး မူဝါဒတွေ အကောင်အထည်တဲ့ ချဉ်းကပ်နည်းကို အများကြီး ပြောင်းလဲသွားအောင် အယင် USDP အစိုးရရော၊ အခု NLD အစိုးရကပါ မလုပ်နိုင်သေးပါဘူး။ လက်ရှိအနေအထားအရ တိုင်းရင်းသားဘာသာစကားတွေကို စာသင်ခန်းအတွင်း အသုံးပြုနိုင်ရေးဟာ ဗဟိုအဆင့်က လုပ်မှ ပီပီပြင်ပြင်နဲ့ ရုပ်လုံးပေါ်လာမဲ့ လုပ်ငန်းတွေ အများကြီး ကျန်နေပါသေးတယ်။

    မြင်သာထင်ရှားလွန်းပြီး အရေးတယူ ဖြေရှင်းသင့်ပေမဲ့လည်း ဖြစ်လာမဲ့ အကျိုးဆက်ကို ရင်မဆိုင်ချင်လို့ ကျွန်တော်တို့ လက်ရှောင်နေကြတဲ့ ကိစ္စရပ်တွေအကြောင်း ပြောတဲ့အခါ the elephant in the room (အခန်းထဲက ဆင်ကြီး) ဆိုတဲ့ အသုံးကို သုံးလေ့ရှိပါတယ်။ တိုင်းရင်းသားစကားတွေကို သင်ကြားသင်ယူမှု ဘာသာစကားအနေနဲ့ အသုံးပြုနိုင်ရေးမှာ ကျောင်းသင် ဘာသာရပ်အမျိုးမျိုးပြ ဆရာ/မတွေရဲ့ အခန်းကဏ္ဍ၊ သူတို့တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် လက်ရှိမှာ လုပ်ပိုင်ခွင့်နဲ့ တာဝန် အများစု ယူထားတဲ့ MOE ရဲ့ အခန်းကဏ္ဍဟာ အချေအတင် ဆွေးနွေးဖို့ လိုနေသေးတဲ့ the elephant in the room ကိစ္စပဲ ဖြစ်ပါတယ်။ အနည်းဆုံး အောက်ပါကိစ္စတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။

            အသစ်ထွက်လာတဲ့ ဆရာလမ်းညွှန်တွေထဲမှာ အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၃၊ ပုဒ်မခွဲ ခ  အကောင်အထည်ဖော်မှုကို အထောက်အကူဖြစ်စေမဲ့ တိကျတဲ့ လမ်းညွှန်ချက်တွေ မပါလာသေး

    ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ထွက်လာတဲ့ သူငယ်တန်း (Kindergarten/KG) ဆရာလမ်းညွှန် စာအုပ်မှာ တိုင်းရင်းသားဘာသာစကား အသုံးပြုမှုနဲ့ ပတ်သက်လို့ စာမျက်နှာ ၃ မှာ “တိုင်းရင်းသားအများစုရှိသော ဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို သင်ကြားရေးဘာသာစကားအဖြစ် အသုံးပြုသင်ကြားနိုင်ပါသည်” ဆိုတာပဲ ပါပါတယ်။ ဘယ်လို အသုံးပြုသင်ကြားနိုင်တယ် ဆိုတာမျိုး အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။ ဆရာလက်စွဲနဲ့ တွဲပြီး ထုတ်တဲ့ KG ဘာသာစကား မှီငြမ်းပြုလမ်းညွှန်စာအုပ်မှာ ဆိုလျှင်လည်း မြန်မာစာ၊ မြန်မာစကားအကြောင်းကိုပဲ အဓိက ဖော်ပြထားတာကို တွေ့ရပါတယ်။

    နောက်ပိုင်းနှစ်တွေမှာ မူလတန်းအဆင့် (သင်ရိုးညွှန်းတမ်းအသစ်) ပုံနှိပ်စာအုပ်အသစ်တွေနဲ့အတူ တစ်ပြိုင်တည်း ထွက်လာတဲ့ ဆရာလမ်းညွှန်စာအုပ်တွေမှာလည်း

    • ကျောင်းသုံးစာအုပ်၏ ဖွဲ့စည်းပုံနှင့် အသုံးပြုပုံ
    • ဆရာလမ်းညွှန်စာအုပ် ဖွဲ့စည်းပုံနှင့် အသုံးပြုပုံ
    • (သက်ဆိုင်ရာ ဘာသာရပ်အလိုက်) သင်ကြားချိန်ခွဲဝေဇယား
    • (သက်ဆိုင်ရာ ဘာသာရပ် အတွက်) စစ်ဆေးအကဲဖြတ်ခြင်း
    • (သက်ဆိုင်ရာ ဘာသာရပ်အလိုက်) သင်ပြနည်း
    • ကျောင်းသုံးစာအုပ်ရှိ အခန်းလိုက် လမ်းညွှန်ချက်များ

    စသဖြင့် သင်ရိုးဆိုင်ရာ၊ သင်ကြားသင်ကြားသင်ယူမှုဆိုင်ရာ၊ စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ မူဝါဒနဲ့ လမ်းညွှန်ချက်တွေ ဖော်ပြပါရှိပေမဲ့ ဘာသာစကားနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကတော့ အောက်ပါအတိုင်း မဆိုစလောက်ပဲ ပါတာကို တွေ့ရပါတယ်။

    ပထမတန်းသို့ တက်ရောက်သော ကလေးများသည် စာဖတ်ရှုရန်နှင့် အဓိပ္ပာယ်နားလည်ရန် အဆင်သင့်မဖြစ်​သေးသဖြင့် ဆရာများက သတိပြုကြရပါမည်။ သို့ဖြစ်၍ ကလေးများ နားလည် သဘောပေါက်စေရန် ဆရာက မေးခွန်းများကို ရှင်းပြသင့်သည်။ (၂၀၁၇−၁၈ ခုနှစ်အတွက် ပြဋ္ဌာန်းတဲ့ ပထမတန်း (သစ်) သင်္ချာ ဆရာလမ်းညွှန် အမှာစာမှ ကောက်နှုတ်ချက်)

    အထက်ပါ ဖော်ပြချက်မှာ (ဗမာမဟုတ်တဲ့) တိုင်းရင်းသားဘာသာစကား အသုံးပြုမှုကလည်း အကျုံးဝင်တယ်/မဝင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မရေးထားပါဘူး။ အထူးသဖြင့် ဆရာဖြစ်သူအနေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို တတ်မြောက်မထားတဲ့ အခြေအနေမှာ ကျောင်းသား/သူ တစ်ဦးချင်းအရ ဖြစ်စေ၊ အချင်းချင်းကြားဖြစ်စေ သူတို့ရဲ့ သက်ဆိုင်ရာ မိခင်ဘာသာစကားကို သုံးစွဲနိုင်တယ်၊ အသုံးပြုဖို့ ဆရာ/မ က အားပေးသင့်တယ် ဆိုတဲ့ ဖော်ပြချက်မျိုး ဆရာလမ်းညွှန်စာအုပ်တွေထဲမှာ မပါပါဘူး။

    ပြီးခဲ့တဲ့ ၂၀၁၉−၂၀၂၀ ပညာသင်နှစ်အတွင်း ထွက်ရှိလာတဲ့ ဆဋ္ဌမတန်း (အလယ်အတန်းအဆင့်) ဆရာလက်စွဲ စာအုပ်တွေထဲမှာ ဆိုလျှင်လည်း

    • ကျောင်းသားဗဟိုပြုသင်ကြားနည်းပညာကို ခြုံငုံတင်ပြခြင်း
    • ထိရောက်သောသင်ကြားသင်ယူမှုအတွက် အခြေခံစည်းမျဉ်းများ
    • ဘလွန်းမ်၏ သင်ယူမှု အဆင့်ခွဲခြင်း (Bloom’s Taxonomy)
    • သင်ခန်းစာသင်ကြားခြင်းအဆင့်ဆင့်တွင် မေးမြန်းနိုင်သော မေးခွန်းများ
    • စာသင်ခန်း အဆင့်တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းကို ခြုံငုံတင်ပြခြင်း
    • ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills) နှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills)
    • အလယ်တန်းနှင့် အထက်တန်းအဆင့် စာသင်ခန်းများအတွင်း လူမှုရေးရှုထောင့်များကို ခြုံငုံတင်ပြခြင်း
    • သင်ရိုးမာတိကာ (Syllabus) နှင့် စာသင်နှစ် တစ်နှစ်စာ သင်ခန်းစာ အစီအစဉ် (Year Plan)

    တို့လို ခေါင်းစဉ်မျိုးတွေ ပါပေမဲ့ ထုံးစံအတိုင်း အမျိုးသားပညာရေး ဥပဒေ ပုဒ်မ ၄၃၊ ပုဒ်မခွဲ ခ၊ ပြင်ဆင်တဲ့ဥပဒေ ပုဒ်မ ၂၂ ပီပြင်ထင်ရှားစွာ ရုပ်လုံးပေါ်လာမှုကို အထောက်အကူဖြစ်စေမဲ့ စာသင်ချိန်အတွင်း ဘာသာစကား အသုံးပြုမှုဆိုင်ရာ တိကျတဲ့ လမ်းညွှန်ချက်တွေကတော့ ပါမလာပါဘူး။ “စာသင်ခန်းများအတွင်း လူမှုရေးရှုထောင့်များကို ခြုံငုံတင်ပြခြင်း” ဆိုတဲ့ အပိုင်းမှာတော့ “ကျား−မ၊ လူမျိုးစု၊ လူမှုရေး အဆင့်အတန်းနှင့် မသန်စွမ်းမှု” တွေအပေါ် အခြေခံပြီး ခွဲခြားမှုတွေ မရှိစေဘဲ ကျောင်းသူ၊ ကျောင်းသားအားလုံး ပါဝင်လွှမ်းခြုံနိုင်တဲ့ သင်ယူမှုဝန်းကျင် တစ်ရပ်ဖြစ်ဖို့ အောက်ဖော်ပြပါ တန်ဖိုးထားမှုတွေကို အားပေးမြှင့်တင်ရမယ် ဆိုပြီး ယေဘုယျဆန်ဆန် ပါပေမဲ့ စာသင်ခန်းသုံး ဘာသာစကားနဲ့ ပတ်သက်ပြီး တိတိပပ အကြံပြုထားတာ မရှိပါဘူး။ 

    • မတူကွဲပြားခြားနားခြင်း (diversity)
    • တန်းတူညီမျှမှု (equality)
    • ဒီမိုကရေစီအလေ့အကျင့်နှင့် လူ့အခွင့်အရေး (human rights)
    • အားလုံးအကျုံးဝင်မှု (inclusiveness)
    • အားလုံးအကျုံးဝင်… သာတူညီမျှမှု (equity)

            သင်ရိုးသစ်မိတ်ဆက်သင်တန်းမော်ဂျူးစာအုပ်၊ စာရွက်စာတမ်းတွေမှာလည်း အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၃၊ ပုဒ်မခွဲ ခ အကောင်အထည်ဖော်မှုကို အထောက်အကူဖြစ်စေမဲ့ တိကျတဲ့ လမ်းညွှန်ချက်တွေ မပါသေး

    စာသင်ခန်းအတွင်း သင်ကြားသင်ယူမှု လုပ်ငန်းတွေ၊ တတ်မြောက်မှု စစ်ဆေးခြင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဘယ်ဘာသာစကားကို ဘယ်လို ထိထိရောက်ရောက် အသုံးပြုနိုင်တယ် ဆိုတဲ့ အကြံပြုညွှန်ကြားချက်မျိုး သိပ်မပါတာ ဆရာလမ်းညွှန် တစ်ခုတည်းမှာတင် မဟုတ်ပါဘူး။ သင်ရိုးသစ်တွေအကြောင်း သက်ဆိုင်ရာ ဆရာ/မတွေကို မိတ်ဆက်သင်ကြားပေးတဲ့ ကာလတို သင်တန်းတွေမှာ အသုံးပြုတဲ့ စာအုပ်တွေ (စာရွက်စာတမ်းတွေ) မှာလည်း ဒီကိစ္စကို အလေးပေး ထည့်သွင်း ရေးသားထားတာ မတွေ့ရသေးပါဘူး။

    သင်ရိုးသစ်မိတ်ဆက်သင်တန်းတွေက နွေရာသီကျောင်းပိတ်ရက်တွေအတွင်း လုပ်လေ့ရှိတာမို့ အချိန်အခက်အခဲကြောင့်ဆိုပြီး အကြောင်းပြလို့ရပေမဲ့ တခြားဆက်စပ်ခေါင်းစဉ်တွေ ပါလာအောင် ထည့်သွင်းနိုင်ခဲ့တယ် ဆိုလျှင် ဗမာမဟုတ်တဲ့ တိုင်းရင်းသားကလေးငယ်တွေ ပညာရည်တိုးတက်မှုနဲ့ တိုက်ရိုက်အချိုးကျတဲ့ စာသင်ခန်းအတွင်း ဘာသာစကား အသုံးပြုမှုအကြောင်းကိုလည်း ထပ်ထည့်ဖို့ ခက်ခဲလွန်းနေတယ်လို့ မယူဆနိုင်ပါဘူး။ အထူးသဖြင့် အချိန် အသေအချာယူပြီးမှ ပြုစုရေးသားခဲ့တယ်လို့ ယုံကြည်ရတဲ့ အတန်းစုံ၊ ဘာသာစုံ ဆရာလမ်းညွှန်စာအုပ်တွေမှာ ဒီအပိုင်းကို ဘာ့ကြောင့် မထည့်ထားသလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

            ပညာရေးကောလိပ်သင်ရိုးသစ် စာအုပ်တွေက နှာတဖျား သာနေ

    MOE က ဦးဆောင် ပြုစုရေးသားတာချင်းအတူတူ ပညာရေးကောလိပ် ၄ နှစ် သင်ရိုးသစ်အတွက် ထုတ်တဲ့ ပြဋ္ဌာန်းစာအုပ်တွေမှာတော့ ဘာသာစကားနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ကလေးငယ်တွေအတွက် စဉ်းစားထားချက်တွေ ပါလာတာကို တွေ့ရပါတယ်။ ဥပမာ ပညာရေးကောလိပ် ပထမနှစ်၊ ပထမနှစ်ဝက် သင်ရိုးညွှန်းတမ်း နှင့် သင်ပြနည်းဆိုင်ရာ လေ့လာမှုများ − မြန်မာစာ (EDU1104) ဆိုတဲ့ဘာသာရပ်အတွက် ကျောင်းသားကိုင်စာအုပ်ရဲ့ စာမျက်နှာ ၆၁ မှာ အောက်ပါအတိုင်း ရေးထားပါတယ်။

    သတိပြုရမည့်အချက်တစ်ချက်မှာ အထက်ဖော်ပြပါအဆင့်များနှင့် မှတ်တိုင်များသည် မြန်မာစကားကို မိခင်ဘာသာစကားအဖြစ် သင်ယူရသူများအတွက် မှန်ကန်နိုင်သော်လည်း အိမ်တွင် မြန်မာစကားမပြောဘဲ ကျောင်းသို့ရောက်လာသည့် ကလေးများ၏ မြန်မာစာ၊ မြန်မာစကားသင်ယူသည့် အနေအထားနှင့်ကြည့်လျှင် မှန်ကန်မည် မဟုတ်ပါ။ ထိုကဲ့သို့သောကလေးများ မြန်မာစကား သင်ယူတတ်မြောက်ရေး အတွက်ကိုမူ မတူသည့်ချဉ်းကပ်နည်းများဖြင့် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

    ဒီစာအုပ်ထဲမှာပဲ “ဒုတိယဘာသာစကား တတ်မြောက်မှု” (စာ ၆၃−၈၀) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အနည်းဆုံး ဘာသာစကား ၂ မျိုးလောက်ကို ဟန်ချက်ညီညီ သင်ပေးနိုင်မဲ့ နည်းလမ်းတချို့ကိုလည်း ဖော်ပြထားပါတယ်။ အထူးသဖြင့် စာမျက်နှာ ၆၆−၆၇ မှာ



    (၁) ဘာသာရပ်သတ်မှတ်အသုံးပြုခြင်း။     ။ ကျောင်းသားများအား ရှင်းပြရန် လွယ်ကူသည့် ဘာသာရပ်များဖြစ်သည့် သင်္ချာနှင့် သိပ္ပံအတွက် မြန်မာစကားကို အဓိကထားသုံးပြီး၊ ခက်ခဲနက်နဲသည့် အကြောင်းအရာများ ပါဝင်သော လူမှုရေးဘာသာရပ်များအတွက် မိခင်ဘာသာစကားကို အဓိကထား အသုံးပြုခြင်း။
    (၂) ဆရာကိုသတ်မှတ်အသုံးပြုခြင်း။     ။ ဆရာနှစ်ဦးထပ်ပိုသော ကျောင်းများတွင် ဆရာ
    တစ်ဦးဦးကို မြန်မာစာ မြန်မာစကား အသုံးပြုသင်ကြားသူအဖြစ် သတ်သတ်မှတ်မှတ် တာဝန်ပေးခြင်း။
    (၃) ကျောင်းချိန်အလိုက် သတ်မှတ် အသုံးပြုခြင်း။     ။ နံနက်ပိုင်းတွင် မြန်မာစကား၊ နေ့ခင်းပိုင်းတွင် မိခင်ဘာသာစကားကို အဓိကထား၍ အသုံးပြုသင်ကြားပေးခြင်း။

    ဆိုပြီး ဖော်ပြထားတဲ့အတွက် အယင်က အစိုးရ ဆရာအတတ်သင်ကျောင်းတွေမှာ မြင်တွေ့ရဖို့ အလွန်ခဲယဉ်းမယ်လို့ ယူဆရတဲ့ အရေးအသားနဲ့ ဖော်ပြချက်မျိုးတွေကို စတင်မြင်တွေ့လာရပြီလို့ ပြောလို့ရပါတယ်။

            ပညာရေးကောလိပ်သင်ရိုးသစ် စာအုပ်တွေက နှာတဖျား သာနေတယ်။ ဒါပေမဲ့…

    MOE ရဲ့ တခြားသင်ရိုးညွှန်းတမ်းဆိုင်ရာစာအုပ်စာတမ်းတွေနဲ့ ယှဉ်လျှင် ရှေ့တန်းပိုရောက်တယ်လို့ ပြောနိုင်ပေမဲ့ အထက်ဖော်ပြပါ ပညာရေးကောလိပ် ပြဋ္ဌာန်းစာအုပ် အသစ်ကလည်း ကျောင်းသူ/သားတွေ မြန်မာစာကို ကျွမ်းကျင်စွာ တတ်မြောက်ရေး အထိုင်ကနေပဲ အဓိက ချဉ်းကပ် ထားတာကို တွေ့ရပါတယ်။ တိုင်းရင်းသားကလေးငယ်တွေကိုလည်း “အိမ်တွင် မြန်မာစကား မပြောသော ကလေးများ” လို့ ထပ်ခါထပ်ခါ ရည်ညွှန်းထားပြီး၊ သူတို့တွေ မြန်မာစကားနဲ့ စာတတ် ဖို့အရေးကြီးကြောင်းကိုပဲ အလေးပေးပြောဆိုတာ ပိုတွေ့ရပါတယ်။ ကျောင်းသူ/သားတွေ သူတို့ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစာပေတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းဖို့ လိုကြောင်းကိုတော့ အသေးစိတ် ဖော်ပြတာ မတွေ့ရပါဘူး။

    အလားတူ တိုင်းရင်းသားကလေးငယ်တွေရဲ့ ဘာသာစကားဆိုင်ရာ လိုအပ်ချက်တွေ အကြောင်းကို Year 1 Semester 1 Curriculum and Pedagogy Studies: English (EDU1105) (အင်္ဂလိပ်စာ သင်ပြနည်း) စာအုပ်မှာလည်း အနည်းငယ် ထပ်ပါပေမဲ့ မြန်မာစာ/စကားကို အဓိက ဗဟိုပြုစဉ်းစားတဲ့ ရှုထောင့်ကနေပဲ ချဉ်းကပ်ထားတာ တွေ့ရပြန်ပါတယ်။ ဥပမာ စာမျက်နှာ ၇၁ မှာ အင်္ဂလိပ်စာလုံး engineer ထဲမှာ ပါတဲ့ ‘eer’ ဆိုတဲ့အသံ၊ hair ထဲမှာ ပါတဲ့ ‘air’ ၊ poor ထဲမှာ ပါတဲ့ ‘oor’ ၊ boy ထဲမှာ ပါတဲ့ ‘oy’ တို့လို အသံတွေဟာ မြန်မာစကားသံစနစ်မှာ မပါတဲ့အတွက် မူလတန်းကလေးတွေ အသံထွက်ရ ခက်နိုင်တယ်လို့ ဆိုထားပါတယ်။

    ဒါပေမဲ့ မူလတန်းကျောင်းသား/သူတချို့ဟာ မြန်မာစကားအပြင် တခြား တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကိုလည်း ပြောတတ်သူတွေ ဖြစ်နေနိုင်ပြီး အဲဒီစကားတွေထဲမှာလည်း တချို့အင်္ဂလိပ်အသံတွေနဲ့ ဆင်တူတဲ့ အသံတွေ ရှိတာမျိုး ဖြစ်နေနိုင်ပါတယ်။ အထူးသဖြင့် မွန်မှာဆိုလျှင် eer နဲ့ အသံထွက်ချင်း ဆင်တဲ့ ‘အေဲ’ /ia/ ၊ air နဲ့ ဆင်တဲ့ ‘ဒဴ’ /dea/ ၊ oor နဲ့ ဆင်တဲ့ ‘လောဲ’ /lua/ ၊ oy နဲ့ ဆင်တဲ့ ‘ဗုၚ်’ /boin/ အစရှိတဲ့ စကားလုံးမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဥပမာအနေနဲ့ မွန်စကားပြောတတ်တဲ့ ကလေးတွေကို အင်္ဂလိပ်စာ သင်တဲ့ ဆရာ/မတွေဟာ ဒီအချက်ကို နားလည်သဘောပေါက်ပြီး ချိတ်ဆက်သင်ကြားပြသပေးနိုင်မယ်ဆိုလျှင် ကျောင်းသား/သူတွေအတွက် ပိုပြီး အကျိုးရှိပါလိမ့်မယ်။

    အလားတူအကြောင်းအရာမျိုးကို ပထမနှစ်၊ ပထမနှစ်ဝက် ဘာသာစကား (မြန်မာစာ၊ အင်္ဂလိပ်စာ) သင်ပြနည်းစာအုပ်တွေကလွဲလို့ တခြားဘာသာရပ်/တခြားအဆင့် စာအုပ်တွေမှာ ထပ်ပြောတာ သိပ်မတွေ့ရတော့ပါဘူး။ အဲ့ဒီအစား တိုင်းရင်းသားကလေးငယ်တွေရဲ့ ပညာရည် တိုးတက်ရေးအတွက် အထောက်အပံ့ သိပ်မဖြစ်တဲ့ မြန်မာစာအခြေပြု မူလတန်းပညာရေးကို အမွှမ်းတင်တဲ့ အောက်ပါ အရေးအသားမျိုးတွေ ထပ်ပါလာတာကိုတော့ သတိထားမိပါတယ်။

    လူသားတိုင်းအတွက် အသက်သွေးကြောဖြစ်သည့် ဇာတိမာန်နှင့် တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်တို့ကို ရင့်သန်ကြီးထွားပွားများစေရန်၊ မိမိတို့ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်သည့် စိတ်ဓာတ်များ သန္ဓေတည်ပေးလိုသော ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ပထမအရွယ်၏ အစဦးဆုံးနှစ်/ကာလဖြစ်သည့် အခြေခံပညာ မူလတန်း စာသင်ခန်းများတွင် မြန်မာစာပေကို အသုံးပြု၍ သင်ကြားရခြင်း ဖြစ်ပါသည်။ (ပထမနှစ်၊ ဒုတိယနှစ်ဝက် သင်ရိုးညွှန်းတမ်း နှင့် သင်ပြနည်းဆိုင်ရာ လေ့လာမှုများ − မြန်မာစာ (EDU1204) ကျောင်းသားကိုင်စာအုပ်၊ စာ ၁၆၉−၁၇၀)

            နိဂုံးနဲ့ နောက်ထပ် အကြံပြုချက်တချို့

    မွန်အပါအဝင် တိုင်းရင်းသား အင်အားစုတွေဘက်က အစဉ်တစိုက် တောင်းဆိုလာခဲ့တဲ့ “ပြည်နယ်များတွင် ပြည်နယ်သူ/သားများကို ကိုယ်စားပြုသည့် ပညာရေးဘုတ်အဖွဲ့အစည်းက ၎င်းပြည်နယ်၏ ပညာရေးကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပညာရေးစံနှုန်းများနှင့်အညီ လွတ်လပ်စွာ ပြဋ္ဌာန်းခွင့် အကောင်အထည်ဖော်ခွင့်” က အလှမ်းဝေးကွာနေဆဲ ဖြစ်ပါတယ်။ ဗဟိုဦးစည်းတဲ့ ပညာရေးစနစ်က အားကောင်းနေဆဲ ဖြစ်ပြီး အခြေခံပညာအဆင့် အစိုးရ စာသင်ကျောင်းတွေမှာ အသုံးပြုတဲ့ ပုံနှိပ်စာအုပ်အားလုံးနီးပါးကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဗဟိုအဆင့် သင်ရိုးအဖွဲ့တွေက ရေးသားပြုစုရဆဲ ဖြစ်ပါတယ်။။ ကျောင်းသားကိုင် ပြဋ္ဌာန်းစာအုပ်တွေနဲ့အတူ ဆရာလက်စွဲတွေကိုလည်း ဒီသင်ရိုးအဖွဲ့တွေကပဲ ပြုစုရေးသားကြရမယ်လို့လည်း ယုံကြည်ရပါတယ်။ သင်ရိုးသစ်နဲ့ ပတ်သက်သမျှ စာအုပ်စာတမ်းတွေကို ဗဟိုအဆင့် သင်ရိုးအဖွဲ့တွေက ရေးသားပြုစုကြပြီး၊ ဗဟိုအဆင့်ပဲ ဖြစ်တဲ့ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီက အတည်ပြုပေးရပါတယ်။ (တိုင်းရင်းသားစာ ဘာသာရပ်တွေ ပါဝင်တဲ့) ဒေသသင်ရိုးကို တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင် ပြုစုရေးသားရတယ် ဆိုပေမဲ့လည်း အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီရဲ့ အတည်ပြုချက် လိုပါတယ်။ ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၁၉ မှာ အတည်ပြု လိုက်တဲ့ အခြေခံပညာဥပဒေ ပုဒ်မ ၁၁ (င)၊ ၁၄ နဲ့ ၁၅ (က)၊ (ခ) မှာ ဒီအတိုင်း အသေးစိတ် ပြဋ္ဌာန်းထားပါတယ်။ သင်ရိုးအသစ်ကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းခွင်ထဲ ရှိပြီးသား ဆရာတွေကို မိတ်ဆက်သင်တန်းပေးတာ၊ လုပ်ငန်းခွင်အကြို ဆရာအတတ်သင် ပညာရေးကောလိပ်သင်ရိုးသစ် ရေးသားပြုစုတာ၊ သင်ကြားရေး လုပ်ငန်းတွေ ဆောင်ရွက်တာ စသဖြင့်တွေကလည်း ဗဟိုအဆင့်ကနေပဲ အဓိက ဆုံးဖြတ်ချက်ချလုပ်ဆောင်နေတာ ဖြစ်ပါတယ်*။ ဒါကြောင့် ပညာရေးဥပဒေ ပုဒ်မ ၄၃ (ခ) ပါ ပညာသင်ကြားရေးမှာ တိုင်းရင်းသားဘာသာစကားကို အသုံးပြုနိုင်ရေး ဆက်စပ်ကိစ္စရပ်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ပြည်ထောင်စုအဆင့် MOE နဲ့ ဆက်စပ်ဌာနတွေအသီးသီးက လုပ်ဆောင်သင့်တဲ့ လုပ်ငန်းတာဝန်တွေကို ဖော်ထုတ်သတ်မှတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ထည့်သွင်းစဉ်းစားသင့်တဲ့ အောက်ပါအကြံပြုချက်တွေနဲ့ပဲ ဆောင်းပါး အပိုင်း ၂ ကို နိဂုံးချုပ်ချင်ပါတယ်။

    • မြန်မာစကား + တခြားတိုင်းရင်းဘာသာစကား တစ်မျိုးမျိုးတတ်သူ ဆရာ/မ အရေအတွက် တိုးမြင့်လာအောင် လုပ်ဆောင်ခြင်း။

    တိုင်းရင်းသားဘာသာစကား၊ စာပေ တတ်ကျွမ်းသူတွေကို LT နဲ့ TA အဖြစ် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ခန့်ထားသလို ပညာရေးကောလိပ်တို့လို ဆရာအတတ်သင်ကျောင်းတွေမှာလည်း တိုင်းရင်းဘာသာစကားတတ်သူ ဆရာအလောင်းအလျာ (ကျောင်းသူ/သား) တွေ များလာအောင် ပြုလုပ်သင့်ပါတယ်။ အထူးသဖြင့် “ဆရာအတတ်ပညာကို စိတ်ဝင်စားတာချင်းတူလျှင် မြန်မာစကားအပြင် အနည်းဆုံး တိုင်းရင်းသားဘာသာစကား တစ်မျိုးမျိုး ပိုတတ်သူတွေကို ဦးစားပေး ရွေးချယ်သွားမယ်ဆိုတဲ့” (positive discrimination) မူဝါဒမျိုး အခုနေ ရှိဖို့လိုပါတယ်။

    • LT နဲ့ TA ဆရာ/မတွေရဲ့ လူ့အခွင့်အရေးကို လေးစားကြောင်း ပြသခြင်း။

    ၄ တန်း ဒါမှမဟုတ် ၈ တန်းကို အောင်မြင် ထားပြီးသား LT ၊ TA တွေကို အစိုးရကျောင်းတွေမှာ (နေ့စားလပေး) သင်ကြားရေးဝန်ထမ်းတွေအဖြစ် ခန့်ထားတဲ့အခါ ဒီအလုပ်ဟာ ရေတို ဒါမှမဟုတ် ရေရှည် ဖြစ်ကြောင်း  ကြိုတင်ပြောပြထားဖို့ လိုပါတယ်။ ရေရှည် အလုပ်ခန့်ထားမှုကို ဦးတည်တယ် ဆိုလျှင် LT နဲ့ TA တွေရဲ့ ရာထူးနဲ့ လစာကို တိုးမြှင့်နိုင်မဲ့ နည်းလမ်း (career pathway) တွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြီး သက်ဆိုင်ရာ ဆရာ/မတွေကို အသိပေးထားဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာ သူတို့ရဲ့ ပညာရေးအဆင့်နဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်တွေကို မြှင့်တင်ပေးမဲ့ အစီအစဉ်တွေလည်း ဖန်တီးပေးဖို့ လိုပါတယ်။

    • (ပညာရေးကောလိပ် EDU1104 ဘာသာရပ် ကျောင်းသားကိုင်စာအုပ်မှာ ပါသလိုမျိုး) အခြေခံပညာအဆင့် ကျောင်းသင် ဘာသာရပ်အစုံ ဆရာလမ်းညွှန် စာအုပ်တွေထဲမှာလည်း သင်ကြားမှု ဘာသာစကား (Language of Instruction) ဒါမှမဟုတ် စာသင်ခန်းသုံး ဘာသာစကား (Classroom Language) အဖြစ် တိုင်းရင်းသားဘာသာစကားတွေကို ဘယ်ပုံဘယ်နည်း သုံးနိုင်တယ် ဆိုတဲ့ လမ်းညွှန်ချက်မျိုး အမြန်ဆုံး ထည့်သွင်းခြင်း။

    သင်ရိုးသစ်မိတ်ဆက်ဆရာကိုင်စာအုပ်တွေထဲမှာလည်း အလားတူ လမ်းညွှန်ချက်တွေ ထည့်သွင်းသင့်ပါတယ်။ ပညာရေးကောလိပ် ပထမနှစ်၊ ပထမနှစ်ဝက် EDU1104 ဘာသာရပ် (မြန်မာစာသင်ပြနည်း) စာအုပ်မှာ ပါသလိုမျိုး ဘာသာရပ်အစုံမှာရော၊ လိုအပ်သလို တခြားအတန်းအဆင့်တွေမှာပါ (မပါသေးလျှင် ပညာရေးတက္ကသိုလ် ပြဋ္ဌာန်းစာအုပ်တွေမှာပါ) အလားတူ လမ်းညွှန်ချက်မျိုးတွေ ထည့်သွင်းဖို့ လိုပါမယ်။

    • အလားတူ တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူခွင့်၊ (ဗမာမဟုတ်တဲ့) တိုင်းရင်းသားကလေးငယ်တွေ သူတို့ နားလည်တတ်ကျွမ်းမှု အရှိဆုံး ဘာသာစကားတွေနဲ့ ပညာသင်ယူခွင့်ဟာ (တခြားသူတွေ၊ တခြားအဖွဲ့အစည်းတွေက ပိတ်ပင်တားစီးလို့ မရတဲ့) လူ့ရပိုင်ခွင့် ဖြစ်ကြောင်းဆိုင်ရာ အချက်တွေကိုလည်း ထည့်သွင်းခြင်း။

    အထူးသဖြင့် MOE အနေနဲ့ အထက်ဖော်ပြပါ အခွင့်အရေးကို သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးက လေးစားလိုက်နာ၊ အကောင်အထည်ဖော်သင့်ကြောင်း၊ အားပေးထောက်ခံသင့်ကြောင်း၊ ပိတ်ပင်တားစီးမှုတွေကိုလည်း (လုံးဝ) သည်းခံမှာ မဟုတ်ကြောင်း (zero-tolerance မူဝါဒရှိကြောင်း) စသဖြင့် လမ်းညွှန်စာအုပ်တွေ၊ သင်တန်းလက်စွဲစာအုပ်တွေမှာ ထည့်သွင်းထားသင့်ပါတယ်။

    • သင်ရိုးညွှန်းတမ်း၊ သင်ရိုးဆိုင်ရာ စာအုပ်စာတမ်း (ဆရာ/သင်တန်းလက်စွဲ) တွေမှာ မြန်မာ/ဗမာ (စာ၊ စကား၊ ယဉ်ကျေးမှုနဲ့ စဉ်းစားတွေးခေါ်ပုံ/worldview) ဗဟိုပြုလွန်းတာကို လျှော့ချခြင်း။

    ပြည်ထောင်စုအဆင့် သင်ရိုးအဖွဲ့၊ သင်ရိုးအတည်ပြုကော်မတီတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အလုပ်လုပ်ရတာ ဖြစ်လို့ မျှတမှုကို အထူး အလေးထားတဲ့ စုဖွဲ့မှုတွေ ဖြစ်သင့်ပါတယ်။ တစ်ဖက်ဖက်ကို ဘက်လိုက်ပြီး ဆုံးဖြတ်ချက်ချတာ၊ လုပ်ငန်းဆောင်ရွက်တာမျိုး မလုပ်သင့်ပါဘူး။ တိုင်းရင်းသားလူမျိုးတွေ အနေနဲ့လည်း မိမိတို့ တိုင်းရင်းသားဘာသာစကားတွေကို မပြောတတ်တဲ့ မြန်မာလူမျိုးတွေနဲ့ ဆက်ဆံတဲ့နေရာမှာရော၊ စကားမတူကြတဲ့ တိုင်းရင်းသားအချင်းချင်းကြား ဆက်ဆံတဲ့နေရာမှာပါ မြန်မာစကားကို သုံးဖို့လိုတယ် ဆိုတာမျိုးကို သဘောပေါက်ပြီးသား ဖြစ်ကြပါတယ်။ ဒါပေမဲ့ ပညာရေးဆိုင်ရာ သာတူညီမျှဖြစ်မှု (equality/equity) ကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေလောက်တဲ့အထိ သင်ရိုးထဲမှာ မြန်မာစာ/စကားရဲ့ အခန်းကဏ္ဍဟာ မတန်တဆ ကြီးမားနေတာမျိုးကတော့ လုံးဝ မဖြစ်သင့်ပါဘူး။ ဒါကို လျှော့ချ (de-Burmanise) ဖို့ လိုပါတယ်။

    • သုတေသန ပြုလုပ်ခြင်း။

    တချို့အစိုးရကျောင်းတွေမှာ၊ တိုင်းရင်းသားပညာရေးအဖွဲ့တွေ စီမံခန့်ခွဲတဲ့ကျောင်း (ဥပမာ မွန်အမျိုးသားပညာရေးကျောင်း) တွေမှာ သင်ကြားရေးမှာ တိုင်းရင်းသားဘာသာစကားတွေကို တွင်တွင်ကျယ်ကျယ် သုံးနေတာမျိုး ရှိပါတယ်။ ဒီအခြေအနေကို ဂဃနဏ နားလည်သဘောပေါက်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုပြုသင့်ပါတယ်။

    • ဦးဆောင်အကောင်အထည်ဖော်သူတွေရဲ့ အခန်းကဏ္ဍ နဲ့ တာဝန်ဝတ္တရားတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်သတ်မှတ်ခြင်း။

    ပုဒ်မ ၄၃ (ခ) ကို ပံ့ပိုးပေးနိုင်မဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်တဲ့အခါ ပြည်ထောင်စုအဆင့် နဲ့ တိုင်း/ပြည်နယ် အဆင့် အစိုးရပညာရေးဆိုင်ရာ ဌာန၊ ရုံး၊ သက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍ၊ တာဝန်နဲ့ ဝတ္တရားတွေကို တိတိကျကျ သတ်မှတ်ထားဖို့ လိုပါတယ်။ အထူးသဖြင့် အပေါ်မှာ ပြောထားခဲ့သလိုပဲ စာသင်ခန်းသုံး ဘာသာစကား (Classroom Language) အဖြစ် တိုင်းရင်းသားဘာသာစကားတွေကို ပညာသင်ကြားသင်ယူမှု လုပ်ငန်းစဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးဟာ လက်ရှိနိုင်ငံရေး / ပညာရေး အဆောက်အအုံတွေ ဖွဲ့စည်းထားပုံအရ ဗဟို ကပဲ အဓိက လုပ်ပိုင်ခွင့် ရှိနေသေးတာမို့  ဒီကိစ္စနဲ့ ပတ်သက်ပြီး MOE နဲ့ တခြားဆက်စပ် ဝန်ကြီးဌာန၊ အဖွဲ့၊ ကော်မတီတွေ ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေကို သတ်မှတ် ဖော်ထုတ်ဖို့ လိုပါတယ်။

    (*စာကြွင်း။     ။ တက္ကသိုလ်အဆင့် ဆရာအတတ်သင်ကျောင်းတွေ ဖြစ်တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်စစ်ကိုင်းပညာရေးတက္ကသိုလ် နဲ့ တခြားဆက်စပ်တက္ကသိုလ်တွေအကြောင်း ဒီဆောင်းပါးထဲမှာ ထည့်မရေးထားပါဘူး။ ပညာရေး ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ကို ပညာရေးတက္ကသိုလ်တွေက ကောလိပ်တွေထက် စောပြီး ရလာနိုင်တာမို့ အော်တိုနော်မီ (autonomy) ဟာ မျှတမှု (equity) ကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားမှု ဆီကိုလည်း ဦးတည်တာမျိုး ရှိမရှိ မကြာခင် ထင်ထင်ရှားရှား တွေ့ရဖို့ မျှော်လင့်ပါတယ်။)

    ဓရ်အံၚ်ၛာန် (ထောအောင်ချန်း) သည် Master of Modern Languages Education မဟာဘွဲ့အတန်းကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ပညာရေး အထူးသဖြင့် ဘာသာစကား သင်ကြားသင်ယူမှုဆိုင်ရာ မူဝါဒများ၊ လက်တွေ့အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ စာပေရေးသားခြင်းများကို ပြုလုပ်လျက် ရှိသည်။ ဆက်သွယ်ရန် https://www.linkedin.com/in/dhoongjhaan

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,200SubscribersSubscribe
    spot_img

    Latest posts