spot_img
Saturday, May 18, 2024
More
    spot_img
    Homeသတင်းမုပ္ပလင်ကျေးရွာအုပ်စုရှိ ဧက ၁၀၀ ကျောက်မိုင်းဖောက်ခွဲမှုများကြောင့် ထိခိုက်ပျက်စီမှုများကို ကူညီဆောင်ရွက်ပေးရန်တောင်းဆို

    မုပ္ပလင်ကျေးရွာအုပ်စုရှိ ဧက ၁၀၀ ကျောက်မိုင်းဖောက်ခွဲမှုများကြောင့် ထိခိုက်ပျက်စီမှုများကို ကူညီဆောင်ရွက်ပေးရန်တောင်းဆို

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊ ဩဂုတ် ၁၂)

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာအုပ်စု ပျဉ်ကတိုးကုန်းအနီး ဧက ၁၀၀ ကျောက်မိုင်းမှ စည်းကမ်းမဲ့ကျောက်မိုင်းခွဲမှုများကြောင့် ဒေသခံများ၏ ခြံများ၊ သံပုရာခြံကျောင်းတိုက်ရှိ သာသနိကအဆောက်အဦးများ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

    ဧက ၁၀၀ ကျောက်မိုင်းနှင့် သံပုရာခြံကျောင်းတိုက်မှာ ကိုက် ၁၅၀ အကွာသာရှိပြီး ကျောက်မိုင်းခွဲခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်ခြင်း၊ ဘုရားစေတီကွဲအက်ပျက်စီးခြင်း၊ သိမ်ကျောင်းနံရံကွဲအက် ပျက်စီးခြင်း နှင် ကျောက်မှုံများကြောင့် အသက်ရှူကြပ်ခြင်း စသည့်ကျန်မာရေးထိခိုက်မှုများ ရှိနေကြောင်းဒေသခံများက ဆိုသည်။

    “ဦးဇင်းကျောင်းနဲ့ဆို တစ်ခြံပဲကျော်တယ်ပေါ့ သုံးနှစ်ပြည့်ပြီး သူတို့လုပ်ခါစကတော့ ဒူရင်းတွေနဲ့ဥယာဉ်ခြံပဲ သူတို့ဟာကနေပြီး မိုင်းခွဲလိုက်တာပဲ ဘာလို့ဆိုဦးဇင်းဆွမ်းခံသွားနေတာ သိတာပေါ့အဲ့က ကျောင်းဝင်းထဲမှာကတော့နေ့ညမပျက်အမှုံတွေလာ နောက်ဆုံးတော့ ကျန်းမာရေးပါ ထိခိုက်လာတာပေါ့ အဲ့တော့သူတို့ကို ပြောမနေတော့ဘူး တိုင်စရာရှိတိုင်တာပေါ့”ဟု သံပုရာခြံကျောင်းတိုက် ဆရာတော် ဦးသောမက မိန့်ကြားခဲ့သည်။

    သို့ရာတွင် အဆိုပါစည်းကမ်းမဲ့ကျောင်းမိုင်းခွဲခြင်းအား ဒေသခံများနှင့် သံပုရာခြံကျောင်းတိုက်ဆရာတော်တို့မှ မွန်ပြည်နယ် အစိုးရအဖွဲ့ကို မတ်လ ၂၀ ရက် ပတ်ဝန်ကျင်ညစ်ညမ်းပျက်စီးခြင်းတို့ကို ကူညီဆောင်ရွက်ပေးရန်အတွက် တိုင်ကြားခဲ့ပြီးဖြစ်သော်လည်း အကြောင်းမထူးခဲ့ပေ။

    မုပ္ပလင်ကျေးရွာအုပ်စု ခလွန်ကျေးရွာတွင်နေထိုင်သည့် ဒေါ်အေးသိန်းမှ “ဘာတွေခံစားရလဲဆိုတော့ အိမ်မှာလဲ အုတ်ခုံတွေအက်ကွဲ အိမ်အပေါ်မှာလဲအမှုံတွေဟာရစရာကိုမရှိဘူး ခုရော်ဘာစိုက်ထားတာ တစ်ထောင်ကျော်ဟာ ၁၆ ပြားထွက်ကနေပြီးတော့ မနှစ်ကဆို ၄ ပြားပဲထွက်လို့ မိုင်းခွဲလို့ တုန်ခါမှုတွေကြောင့်မထွက်တော့တာ ပြီးတော့သံပုရာပင်ကလဲ သီးတဲ့ဟာတွေက အမှုံတွေကပ်ပြီး မိုးရွာရင်ကြွေကြပြီးနွမ်းပြီး အပင်တွေပါသေကုန်တယ်”ဟု ပြောသည်။

    ဧက ၁၀၀ ကျောက်မိုင်းမှ တစ်ရက်ခြားတစ်ခါမိုင်းဖောက်ခွဲမှုရှိပြီး တစ်ရက်လျှင် ၃ ခါမိုင်းခွဲမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

    ယခုနှစ်အတွက် ကျောက်မိုင်းလိုင်စင်သက်တမ်းတိုးဖို့ဆောင်ရွက်နေဆဲဖြစ်ပြီး ကျောက်မိုင်းလည်ပတ်နေသဖြင့် တစ်ပတ်လျှင် ၄ ကြိမ်သာမိုင်းဖောက်ခွဲကြောင်း ဧက ၁၀၀ ကျောက်မိုင်းပြင်ပဆက်ဆံရေးတာဝန်ရှိသူ ဦးကျော်ဦးမှ ဆိုသည်။

    “ကျောက်မိုင်းကတော့ ၂၀၁၇ ကနေစပြီးတော့စတင်လည်ပတ်တယ် နှုန်းထားကတော့အရင်နှုန်းထားတွေတော့မသိဘူး လက်ရှိတော့ ၂၀၁၉ ၊ ၂၀၂၀ အတွက်ကို ကျင်း ၃ သောင်း အစိုးရကိုအခွန်ဆောင်ပြီးတော့မှ ဒီနှစ်သက်တမ်းတိုးဆောင်ရွက်ဆဲပါ။ တာဝန်ယူမှုကတော့ ပျဉ်ကတိုးကုန်းရွာနဲ့နီကပ်တော့ ပျဉ်ကတိုးကုန်းစာသင်ကျောင်း အက်တာလေးတွေအနည်းအကျဉ်း ပြန်လည်ပြုပြင်ပေးတာရှိတယ်”ဟု ၎င်းက ပြောသည်။

    ကျောင်းမိုင်းအကျယ်ဧက ၁၀၀ ခန့်ရှိသောလည်း လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ဧရိယာ ၁၀ ဧက ခန့်သာရှိကြောင်း ၎င်းက ဆက်ပြောသည်။

    ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးက “ဖြစ်တာကတော့သူတို့အချင်းချင်း အောက်ခြေမှာ သူတို့ဟာသူတို့ရှိနေကြမှာပေါ့ အခုတိုင်စာတက်မှ ဒီအဖွဲ့တွေကနေသိရတာ ဘုန်ကြီးတို့လဲဒီကျောက်မိုင်းနဲ့ထိခိုက်မှုကို အောက်မှာ ပြောတာညှိနှိုင်းတာတွေရှိမှာပေါ့ အခုတော့ကျောင်းထိုင်ဘုန်းကြီးကနေပြီး တင်ပြတာဖြစ်တဲ့အတွက် အဖွဲ့ဖွဲပြီး ဆောင်ရွက်ပြီး အထက်အဆင့်ဆင့်ကိုတင်ပြထားတယ်”ဟု ဆိုသည်။

    ထို့အတူ ဧက ၁၀၀ ကျောက်မိုင်းကြောင့် သံပုရာခြံကျောင်းတိုက်ထိခိုက်ပျက်စီးမှု စိစစ်တွေ့ရှိချက်များကို ဩဂုတ်လ ၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးက မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားကြောင်းသိရသည်။

    ယခင်က မွန်ပြည်နယ် လမ်းခင်းကျောင်းထုတ်လုပ်ရေးမိုင်း ၈၈ ခုအနက် ကျိုက်ထိုမြို့နယ် ၄၄ ခုရှိပြီး ၂၀၁၉ ခုနှစ် လမ်းခင်းကျောက်မိုင်းအသစ် ၄၀ ထပ်မံလျှောက်ထားရာတွင် ကျိုက်ထိုမြို့နယ်၌ ၂၆ ခုပါဝင်ကြောင်း သိရသည်။ 

    Photo-ဧက ၁၀၀ ကျောက်မိုင်းအရောင်းဌာန (MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,700SubscribersSubscribe
    spot_img

    Latest posts