spot_img
Wednesday, February 11, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းရေးချောင်းဖျားနေပြည်သူလူထုများ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်ရှိသော်လည်း ရွာအလိုက်မဲစာရင်းထည့်သွင်းပေးခြင်းမရှိသည့်လူဦးရေ ထောင်နှင့်ချီဖြစ်နေ

    ရေးချောင်းဖျားနေပြည်သူလူထုများ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်ရှိသော်လည်း ရွာအလိုက်မဲစာရင်းထည့်သွင်းပေးခြင်းမရှိသည့်လူဦးရေ ထောင်နှင့်ချီဖြစ်နေ

    -

    မွန်သတင်းအေဂျင်စီ (သြဂုတ် ၁၀)

    မွန်ပြည်နယ် ရေးမြို့နယ်အရှေ့ခြမ်းရှိ ရေးချောင်းဖျားဒေသတွင် ရေးမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန-လဝကမှပြုလုပ်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) ရှိကြသော်လည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွာအလိုက်မဲစာရင်းထည့်သွင်းပေးခြင်းမရှိသည့် လူဦးရေ ထောင်ဂဏန်းချီဖြစ်နေကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    ရေးမြို့မှ မိုင် ၃၀ ခန့်ဝေးကွာသော ရေးချောင်းဖျားဒေသ ပနန်းပုံကျေးရွာအုပ်စု၌ ၂၀၀၈ ခုနှစ်တွင် မဲရုံဖွင့်လှစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲ ဆန္ဒမဲပေးခဲ့ကြသလို ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ကျေးရွာအတွင်း မဲရုံဖွင့်လှစ်ခြင်းမရှိသဖြင့် ရွာသားများအားလုံး ကျောင်းရွာကျေးရွာအုပ်စုသို့ သွားရောက်၍ ဆန္ဒမဲထည့်ခဲ့ရကြောင်း ပနန်းပုံ ကျေးရွာဥက္ကဌက မွန်သတင်းအေဂျင်စီကို ပြောသည်။ 

    ပနန်းပုံ ကျေးရွာဥက္ကဌ နိုင်ထပွေးက “၂၀၁၅ ရွေးကောက်ပွဲမှာက ကျောင်းရွာကျေးရွာအုပ်စုထဲမှာ မဲစာရင်းရှိပါတယ်၊ ဒါပေမယ့် ရွာအလိုက်စုပြီး မဲသွားမထည့်ဖြစ်ခဲ့ဘူး၊ အချို့လူတွေ သွားထည့်ကြတယ်၊ ဒါပေမယ့် အခု ၂၀၂၀ မှာတော့ ကျောင်းရွာကျေးရွာအုပ်စု မဲစာရင်းမှာ ကျနော်တို့ဆီက ရွာသားတစ်ယောက်မှ နာမည်ပါမလာတော့ဘူး၊ ကော်မရှင်ကို သွားပြောတယ် ဒါပေမယ့်  နာမည်စာရင်းပြန်မထည့်ပေးဘူး” ဟု ဆိုသည်။

    ယင်းကဲ့သို့ မဲစာရင်းတွင် ဖော်ပြခြင်းမရှိသည့်အတွက် မဲပေးခွင့်လည်းမရှိသည့် ပနန်းပုံကျေးရွာအုပ်စုအနီးတဝိုက်တွင် သုံဝဏ္ဏဘုံ၊ သဗြုချောင်၊ ရင်းရဲ၊ ကျောက်သင်္ဘော၊ ဂနီ၊ ဖလမ်း စသည့် ရွာပေါင်း ၁၀ ရွာခန့်ရှိပြီး လက်ရှိတွင် မှတ်ပုံတင်မရိုက်ရသေးသူ အများအပြားရှိနေကြောင်း ၎င်းက ပြောသည်။

    ပနန်းပုံရွာသူ မိတနိုင်းက “ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ သိပါတယ် ပါတီတော်တော်များများပြိုင်ကြမှာကိုလည်း ကြားပါတယ် မွန်ပါတီက ဘယ်သူတွေရွေးကောက်ပွဲဝင်မှာကိုလည်း သိပါတယ်၊ မဲထည့်ချင်တာပေါ့ ဒါပေမယ့် ကျမတို့ရွာမှာက ဥက္ကဌသဘောပဲ မဲသွားထည့်ကြပါလို့ပြောလာရင် ကျမတို့သွားထည့်ကြမှာပေါ့” ဟု ပြောသည်။

    ၎င်းတို့မိသားစုအနေဖြင့် ပနန်းပုံကျေးရွာ၌ ၂၀၀၈ ခုနှစ်တွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရရှိသဖြင့် ၂၀၀၈ အခြေခံဥပဒေထောက်ခံပွဲ ဆန္ဒမဲထည့်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲတွင် ကျောင်းရွာသို့ ဆန္ဒမဲသွားရောက်ထည့်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် မဲစာရင်းနာမည်ပါရှိသော်လည်း မဲမထည့်ဖြစ်ခဲ့ကြောင်း ဆက်ပြောသည်။

    ထို့အပြင် လာမည့်နိုဝင်ဘာလရွေးကောက်ပွဲအတွက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာအတွင်း နိုင်ငံရေးပါတီများကို လွတ်လပ်စွာစည်းရုံးခွင့် အပြည့်အဝ ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က မီဒီယာများကို ပြောကြားခဲ့ပြီး ဖြစ်သည်။

    ပနန်းပုံကျေးရွာအပါအဝင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာဒေသမှ ပြည်သူလူထုများ မဲစာရင်းတွင်ထည့်သွင်းဖော်ပြခြင်းမပြုသည့်ကိစ္စနှင့်ပတ်သက်၍ မွန်သတင်းအေဂျင်စီက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်အား မေးမြန်းခဲ့ရာတွင် ယင်းကိစ္စကို “မွန်ပြည်နယ်အစိုးရသို့ သွားရောက်မေးမြန်းပါရန်” ပြန်လည်ဖြေကြားခဲ့သည်။

    ထို့အတူ ရေးမြို့နယ်အတွင်း မှတ်ပုံတင်မရှိသေးသည့် မဲပေးနိုင်သူ ဦးရေ (၅)သောင်းကျော်ကို ရွေးကောက်ပွဲအမှီ မဲဆန္ဒရှင်စာရင်း ထည့်သွင်းပေးနိုင်ရန် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရေးမြို့နယ်လဝကဌာန မြို့နယ်ဦးစီးမှူးပြောကြားခဲ့သော်လည်း အဆိုပါ မွန်ပြည်သစ်ပါတီဧရိယာရှိပြည်သူများအား ရည်ညွှန်းခြင်းမဟုတ်ပေ။

    သို့ရာတွင် ရေးမြို့နယ်သို့ ရက်ပေါင်း ၉၀ ကြာခန့် အသစ်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများ ဆန္ဒမဲထည့်နိုင်ရေးအတွက် မြို့နယ်လဝကရုံးတွင် မှတ်ပုံတင်အမြန်ဆုံးပြုလုပ်နိုင်ရန် NLD နှင့် ပြည်ခိုင်ဖြိုး USDP ပါတီဝင်များ လှုပ်ရှားလျက်ရှိကြောင်း ရေးမြို့ပေါ် မွန်လူငယ်များထံမှ သိရသည်။

    လက်ရှိ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စာရင်းအရ ရေးမြို့နယ်တွင် မဲဆန္ဒရှင် နှစ်သိန်းသုံးထောင်ကျော်ရှိပြီး မဲရုံပေါင်း ၁၃၀ နီးပါး ဖွင့်လှစ်သွားရန် ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။   

    Photo-ပနန်းပုံရွာနှင့် မဲရုံတည်ရှိရာ ကျောင်းရွာ (Google Map)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks