Homeငြိမ်းချမ်းရေးပြည်ထောင်စုစာချုပ်တွင် ချုပ်ဆိုကြမည့် ဖက်ဒရယ်တည်ထောက်ရေးအခြေခံလမ်းညွှန်မူ ၈ ချက်အနက် ကျန် ၅ ချက်ကို သဘောတူညီမှုမရသေး

ပြည်ထောင်စုစာချုပ်တွင် ချုပ်ဆိုကြမည့် ဖက်ဒရယ်တည်ထောက်ရေးအခြေခံလမ်းညွှန်မူ ၈ ချက်အနက် ကျန် ၅ ချက်ကို သဘောတူညီမှုမရသေး

-

မွန်သတင်းအေဂျင်စီ(သြဂုတ် ၁၀)

မကြာမီကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌ ပြည်ထောင်စုစာချုပ်အစိတ်အပိုင်း (၃)တွင် ထည့်သွင်းချုပ်ဆိုကြမည့် ဖက်ဒရယ်တည်ထောက်ရေးအခြေခံလမ်းညွှန်မူ ၈ ချက်လျာထားသည့်အနက် ကျန် ၅ ချက်ကို သဘောတူညီမှုမရသေးကြောင်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO မှ သတင်းရရှိသည်။

NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ပြောခွင့်ရ နိုင်အောင်မငေးက “ ပြည်ထောင်စုစာချုပ်အစိတ်အပိုင်း (၃) ရဲ့ အခန်း ၃ မှာ ဖက်ဒရယ်ပြည်ထောင်စုလမ်းညွှန်အခြေခံမူ အားလုံး ၈ ချက်ရှိပါတယ် ကျန်တဲ့ ၅ ချက်က PPST အကြံပြုချက်နဲ့အတူ အစိုးရအဖွဲ့နဲ့ ဆက်လက်ဆွေးနွေးသွားနိုင်ဖို့ ရှိပါတယ်၊ PPST အစည်းအဝေးက ဒီကနေ့ပြတ်သွားတာမဟုတ်ဘဲနဲ့ JICM အကြိုညှိနှိုင်းအစည်းအဝေးမှာ ဆက်လက်ဆွေးနွေးပြီးတော့ ရလာတဲ့အဖြေရလဒ်တွေကို ၁၂ ရက်နေ့မှာ PPST ခေါင်းဆောင်တွေကို ပြန်လည်တင်ပြမယ်” ဟု NCA-S EAO Facebook စာမျက်နှာမှတဆင့် ဗီဒီယိုဖြင့် ယမန်နေ့က ရှင်းလင်းပြောကြားခဲ့သည်။ 

အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ စတင်ကျင်းပလျက်ရှိသည်။

NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက “ဒီနေ့အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလွန်အရေးပါသလို ပြည်ထောင်စုသား ပြည်သူလူ ထုတစ်ရပ်လုံးအတွက်လည်း အရေးကြီးတဲ့ အစည်းအဝေးဖြစ်လို့ JICM အစည်းအဝေး ကျင်းပနိုင်ရေး ကောင်း မွန်တဲ့ ပြင်ဆင်မှုတွေ၊ အစီအစဉ်တွေကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပါတယ်” ဟု အစည်းအဝေး နှုတ်ခွန်းဆက် အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့ကျင်းပသည့် JICM အကြိုညှိနှိုင်းအစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေက ညှိနှိုင်း၍ မပြီးပြတ်သေးသည့် အကြောင်း အရာများကို ဆက်လက်ညှိနှိုင်းသွားမှာဖြစ်သလို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဆိုင်ရာ ကိစ္စရပ်များနှင့် (၉)ကြိမ်မြောက် JICM အစည်းအဝေးအတွက် ပြင်ဆင်မှုများကို  မနက်ဖြန်အထိ ဆက်လက်ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင် ပါဝင်သောအဖွဲ့နှင့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ကြောင်း သတင်းရရှိသည်။ 

လာမည့် သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ၃ ရက်ကြာ ကျင်းပမည့် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်စုစုပေါင်း ၂၃၀ ဦးတက်ရောက်ကြမည်ဖြစ်ပြီး ပြည်ထောင်စုသဘောတူညီချက်စာချုပ်အစိတ်အပိုင်း(၃) ကို ဆက်လက်ချုပ်ဆိုကြမည် ဖြစ်သည်။

အဆိုပါစာချုပ်တွင် အခန်း (၁) NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် ၁၄ ချက်။ အခန်း(၂) ၂၀၂၀ အလွန်လုပ်ငန်းစဉ်နှင် အဆင့်လိုက်အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စ ဇယား(၁) ၌ ဖက်ဒရယ်တည်ဆောက်ရေး၊ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး၊ မြေယာသယံဇာတ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ၊ လူမှုသဟဇာတဖြစ်ခြင်း၊ ဒီမိုကရေစီတည်ဆောက်ရေးနှင့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း စသည့်အချက် (၈) ချက်။  အခန်း(၃) ဖက်ဒရယ်ပြည်ထောင်စုလမ်းညွှန်အခြေခံမူ အချက် ၃ ချက်ခန့် သဘောတူညီမှုရရှိထားပြီဟု နိုင်အောင်မငေးပြောကြားချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts