ဝံသမွန်
လက်ရှိအချိန်အထိ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ပြည်ပကနေ ပြန်လာတဲ့ သူတွေ ရှိနေဆဲပါ။ အဲလိုပြန်လည်ရောက်ရှိလာသူတွေဟာ ၂၁ ရက် ကွာရန်တင်းနေထိုင်ရမှာဖြစ်ပြီး အဲဒီလိုနေထိုင်ဖို့အတွက် အစိုးရရဲ့ ပြင်ဆင်မှုအပိုင်းတွေမှာ လစ်ဟင်းမှုတွေရှိနေသလို၊ ကွာရန်တင်းမှာနေထိုင်ရတဲ့လူတွေ အတွက်လည်း စိန်ခေါ်မှုတွေရှိနေပါတယ်။
အဲဒီလိုစိန်ခေါ်မှုရှိနေတဲ့အထဲမှာ မွန်ပြည်နယ် ပညာရေးကောလိပ်မှာ ဖွင့်လှစ်ထားတဲ့ (CBFQ) လည်းအပါအဝင်ဖြစ်ပါတယ်။
မွန်ပြည်နယ် ပညာရေးကောလိပ်မှာဖွင့်ထားတဲ့ CBFQ မှာ နေထိုင်ရတဲ့ ကလေးငယ်တဲ့ အမျိုးသမီးတွေအတွက် သူတွေအတွက် ကလေးအသုံးအဆောင်ပစ္စည်းတွေ၊ အခက်အခဲတွေရှိနေပါတယ်။
CBFQ အတွင်းမှာရှိတဲ့သူတွေရဲ့ ပိုက်ဆံကို အပြင်ထုတ်သုံးလို့မရတဲ့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူဖို့အဆင်မပြေသလို၊ အလှူရှင်တွေလည်း မရှိတဲ့အတွက်ကြောင့် အထဲမှာ နေထိုင်တဲ့သူုတွေအနေနဲ့ ကယ်ဆယ်ရေးအအဖွဲ့က ထောက်ပံ့တဲ့ အသုံးအဆောင်တွေကိုပဲအားထားနေရတဲ့ အနေအထားမှာမို့ အခက်အခဲရှိပါတယ်။
“မော်လမြိုင်ကွာရန်တင်းမှာနေတုန်းကဆို ကလေးတွေနဲ့ပတ်သက်တဲ့ ပစ္စည်းတွေဆိုမဝေဘူးလေ ဆိုတော့ အစ်မတို့လို၊ ကလေးငယ်တဲ့ လူတွေအတွက် အခက်အခဲဖြစ်တယ်ပေါ့နော် ကွာရန်တင်းမှာနေတာက အခက်အခဲဘာဖြစ်လဲဆိုတော့ ကလေးငယ်တော့လေ သူများတွေလို အဆင်မပြေဘူးပေါ့နော်၊ ကလေးအသုံးအဆောင်ပစ္စည်းတွေ၊ သေးခံဘောင်းဘီလေးတွေဝယ်ဖို့က အခက်အခဲဖြစ်တယ်၊ ကိုယ့်မှာရှိတဲ့ပိုက်ဆံနဲ့ ဝယ်လို့မရဘူးဆိုတော့ အိမ်နဲ့နီးတဲ့လူတွေအတွက် မှာလို့အဆင်ပြေတယ်၊ လာပို့ဖို့အဆင်ပြေတယ်လေ၊ အိမ်နဲ့ဝေးတဲ့သူတွေအတွက်ကအခက်အခဲဖြစ်တယ်” ဒါကတော့ ထိုင်းနိုင်ငံကနေ ပြန်လာပြီး မော်လမြိုင်ပညာရေးကောလိပ်မှာ ကွာရန်တင်း ဝင်ခဲ့တဲ့ မဝေဝေအောင်က ပြောပြတာပါ။
သူမဟာ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့သူတစ်ဦးပါ။
လက်ရှိ ကိုရိုနာရောဂါကြောင့် သူမတို့လုပ်နေတဲ့လုပ်ငန်းပိတ်လိုက်တဲ့အတွက် အခုလို ပြန်လာပြီး သူမရဲ့ ခင်ပွန်း၊၄ လ သားလေးနဲ့အတူ ကွာရန်တင်းဝင်ခဲ့တာဖြစ်ပါတယ်။
ကွာရန်တင်းမှာနေတဲ့သူတွေအနေနဲ့ တခြားလူတွေရဲ့လုံခြုံရေးအတွက် အထဲမှာရှိတဲ့လူတွေကိုင်တဲ့ ပိုက်ဆံ အပြင်ထုတ်မရတဲ့ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် အမျိုးသမီးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကလေးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်တဲ့အခါမှာ အခက်အခဲရှိပေမယ့် စည်းကမ်းချက်ကိုတော့ လိုက်နာရမယ်လို့ မဝေဝေအောင်က ထောက်ပြခဲ့ပါတယ်။
ကွာရန်တင်းစင်တာမှာ နေထိုင်ရတဲ့ သူတွေက တချို့အမျိုးသမီးတွေက ကလေးငယ်တဲ့အတွက် ကလေးအသုံးအဆောင်ပစ္စည်းကအစ အခက်အခဲ ဖြစ်သလို၊ကွာရန်တင်းမှာ ပြည်ပကနေ ပြန်ရောက်လာတဲ့လူတွေ များပြီး အလှူရှင်တွေန ည်းနေတဲ့ အတွက်ကြောင့် လက်ရှိအချိန်မှာ သောက်သုံးရေအခက်အခဲ ဖြစ်နေတယ်လို့ ကွာရန်တင်းမှာ နေနေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တဲ့ မနီနီထွေး ပြောပါတယ်။
“နေတာကအဆင်ပြေသလားလို့မေးရင် ကျောင်းသားတွေနေတဲ့အဆောင်ဆိုတော့လေ အခန်းကလည်းကျဉ်းတယ်၊ ၂ ယောက်တစ်ခန်းဆိုတော့ လေဝင်လေထွက်ကလည်းမကောင်းဘူး၊ လေပန်ကာလည်းမပေးသုံးဘူးဆိုတော့နေရတာမကောင်းဘူးပေါ့၊ ရေကတော့ မနက်ပိုင်းပဲရတယ် ညနေပိုင်းမရှိတော့ဘူး၊ ရေလာမှချိုးရတဲ့အနေအထားမှာရှိတယ်ပေါ့နော်”လို့ သူမက ဆိုပါတယ်။
အလှူရှင်တွေမလာသလို အစိုးရကလည်း မထောက်ပံ့နိုင်ဘူးဆိုတော့ ကွာရန်တင်းမှာ နေရတဲ့သူတွေအတွက် ကအခက်ရှိသလို၊ အမျိုးသမီးတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေပါပါလာတဲ့အတွက်ကြောင့် နေထိုင်စားသောက်ဖို့အခက်အခဲဖြစ်တယ်လို့ သူမကပြောပါတယ်။
ပြည်ပမှပြန်ရောက်လာတဲ့ပြည်သူတွေကို ထားရှိဖို့ ကွာရန်တင်းစင်တာ ဖွင့်ထားတဲ့ပညာရေးကောလိပ်မှာ လက်ရှိအချိန်အထိ လူဦးရေ ၅၀၀ ကျော်ခန့်ရှိတဲ့အတွက် စားရေးသောက်ရေးနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်ခဲ့ရပါတယ်။
အထူးသဖြင့် အလှူရှင်တွေမလာတဲ့အတွက် ကွာရန်တင်းစင်တာမှာနေတဲ့ လူတွေအတွက် သောက်သုံးရေတွေ၊ ပြတ်လပ်လာတယ်လို့ ကျိုက်ဖနဲ၁၆ နယ်မြေ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းရွှေရဲ့ပြောပြချက်အရသိရပါတယ်။
“သောက်ရေကတော့ တကယ်လည်းအစိုးရအဖွဲ့က မချပေးဘူး၊ အလှူရှင်ရှိမှသာ ကျနော်တို့ သူတို့ကိုပေးရတယ်၊ အဲလိုဆိုတော့ အထဲကလူတွေအတွက်လည်း အခက် အခဲဖြစ်တယ်၊ သူတို့တောင်းလာရင်ကျနော်တို့မပေးနိုင်တဲ့အခက်အခဲ၊ ဒါလေးတွေနဲ့ရင်ဆိုင်နေရတယ်” ဟု သူကပြောပါတယ်။
မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့တဲ့ Covid-19 အတည်ပြုလူနာအမှတ် ၂၇၅ ဟာ ရောဂါပျောက်ကင်းလို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဆေးရုံကဆင်းခွင့်ပြုလိုက်ပါတယ်။ မွန်ပြည်နယ်မှာ ပိုးတွေ့ လူနာ (၆) ဦး ရှိခဲ့ပြီး လက်ရှိအချိန်မှာ၊ စစ်ဆေးပြီးတဲ့အခါ ရောဂါပိုးမရှိ အဖြေထွက်ထားတဲ့လူနာတွေဖြစ်တဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရပြီးလို့သိရပါတယ်။
အခုချိန်မှာ covid-19 ရောဂါ နည်းနည်း ပါး သွားပြီးဆိုပြီး ပြည်သူတွေက ပုံမှန်ခရီးသွားနေတာကိုလည်း တွေ့မြင်ရပါတယ်။
လက်ရှိအချိန်မှာလည်း ရောဂါထိန်းချုပ်ဖို့အတွက် ဇူလိုင်လ ၃၁ ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်းကြီးဌာနက ထပ်တိုးထုတ်ပြန်ထားတာကိုတွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ မွန်ပြည်နယ်တွင်းကို ပြည်ပကနေ ပြန်ရောက်လာမယ့် နယ်စုံက ပြန်လာတဲ့သူ တစ်သောင်းကျော်ရှိပြီး၊ ဝင်လာတဲ့လူတွေအားလုံးကို၊ အစိုးရက စီစဉ်ထားတဲ့ community based facility quarantine နေထိုင်ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ သွားလာပို့ဆောင်ရေးလုပ်နေတဲ့လုပ်တဲ့အခါမှာ ကုန်ကျစရိတ်အနေနဲ့ ပျမ်းမျှအားဖြင့် တစ်နေ့က ၃ သောင်းခန့်ကုန်နေတယ်လို့ ကျိုက်ဖနဲကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းရွှေကပြောပါတယ်။
သူက “ကျနော်တို့က အခက်အခဲရှိတယ်ဆိုတာက ငွေကြေးအခက်အခဲပေါ့နော်၊ ဥပမာ – ဓါတ်ဆီပေါ့ဗျာ၊ ကျနော်တို့ကျိုက်ထိုကိုပို့ရတာ ၂ ခါ ၃ ခါလောက်ရှိတယ်၊ ဘယ်မှာမှ ပိုက်ဆံတောင်းလို့မရဘူး၊ ဓါတ်ဆီဖိုးကတော့ အနည်းဆုံး ၃ သောင်းလောက်တော့ကုန်တယ်၊ တကယ်လို့ သောက်ရေလေးတော့ အစိုးရအနေနဲ့ အလှူခံရင်တော့ ရကောင်းရနိုင်မယ်ပေါ့နော်၊ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေက မတောင်းဘူး၊ လှူမယ်ဆိုရင်တော့ ကျနော်တို့အလှူခံတယ်” လို့ ဆိုပါတယ်။
ကွာရန်တင်းဝင်နေတဲ့ပြည်သူတွေအတွက် အစိုးရက ဒိုင်ခံကျွေးမွေးနေတဲ့အတွက် လောလောဆယ်မှာတော့ ပြည်နယ်အအရေးပေါ်ရန်ပုံငွေကို ထုတ်သုံးနေရခြင်းကြောင့် လုံလောက်မှု မရှိဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။
“ကျနော်တို့ရဲ့ အရေးပေါ်ရန်ပုံငွေ၊ ပြည်နယ်အရေးပေါ်ရန်ပုံငွေ အဲဒီကနေလောလောဆယ် ဆောင်ရွက်နေရတယ်ပေါ့နော်၊ လုံလောက်တယ်လို့တော့ပြောလို့မရဘူး၊ ဒါပေမယ့်ကျွေးမွေးနေဆဲပေါ့၊ ဒီထက်များလာရင်တော့ ပြည်ထောင်စုကိုတင်ပြမယ်၊ အခုလောလောဆယ်ဆယ်တော့ ပြည်နယ်ထဲမှာ သုံးစွဲပိုင်ခွင့်ရှိတဲ့ ငွေဗမာနအတွင်းမှာပဲ အခုချိန်ထိ ဆောင်ရွက်နေဆဲပေါ့”လို့ သူက ပြောခဲ့တာပါ။
ကွာရန်တင်းစင်တာတွေမှာ အခက်ခဲတွေရှိနေပေမယ့်လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့အခက်ခဲကို မဝေေ၀အောင်က နားလည်ပါတယ်။ တခြားလူတွေရဲ့လုံခြုံရေးအတွက် အထဲမှာရှိတဲ့လူတွေကိုင်တဲ့ ပိုက်ဆံ အပြင်ထုတ်မရတဲ့ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် အမျိုးသမီးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကလေးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်တဲ့အခါမှာ အခက်အခဲရှိပေမယ့် စည်းကမ်းချက်ကိုတော့ လိုက်နာရမယ်လို့ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေနဲ့ ကလေးတွေကြုံတေ့ွနေရတဲ့ အခက်ခဲတွေကို ပြည်သူတွေက ဝိုင်းဝန်းကူညီလှုဒါန်းပေးကြရင် အဆင်ပြေလိမ့်မယ်လို့ ထင်မိပါတယ်ရှင်။
