မွန်သတင်းအေဂျင်စီ (ဇူလိုင် ၂၄)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကိုယ်စားလှယ် ၂၃၀ ဦးဖြင့် လာမည့်သြဂုတ် ၁၃ ရက်နေ့တွင် နေပြည်တော်၌ စတင်ကျင်းပသွားရန်လျာထားကြောင်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင် နိုင်အောင်မငေးက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။
“ညီလာခံကို သြဂုတ် ၁၃-၁၄-၁၅ (၃) ရက်ကျင်းပဖို့ လျာထားတယ်၊ EAO တစ်ဖွဲ့ ၅ ဦးနှုန်း၊ EAO ၁၀ ဖွဲ့ ၅၀ ဦး၊ တပ်မတော် ၅၀ ဦး၊ နိုင်ငံရေးပါတီ ၂၄ ပါတီကလည်း ၅၀ ဦး ပါဝင်ထိုက်ပါဝင်သင့်သူတွေ အဖွဲ့အစည်းတွေအားလုံး စုစုပေါင်းကိုယ်စားလှယ် ၂၃၀ ဦးရှိပါမယ်” ဟု နိုင်အောင်မငေးက ဆိုသည်။
ညီလာခံရလဒ်အဖြစ် ပြည်ထောင်စုသဘောတူညီချက် Union Accord-3 အစိတ်အပိုင်း(၃) တွင် ထည့်သွင်းချုပ်ဆိုကြမည့်အချက်အလက်များနှင့်ပတ်သက်ပြီး ကျန်ရှိနေသေးသည့်အကြောင်းအရာအချို့ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ မနက်ဖြန်မှစတင်၍ ၃ ရက်ကြာဆွေးနွေးကြမည်ဟု ဆိုသည်။
နိုင်အောင်မငေးက “ Union Accord-3 မှာ အခန်း ၃ ခန်းပါမယ်၊ အခန်း ၁-NCA အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်မှာ ၁၂ ချက်သဘောတူညီချက်ရပြီးပြီ၊ ကျနော်တို့ အချက် ၂၀ လောက်တင်ထားတယ်၊ မနက်ဖန်ကစပြီးဆွေးနွေးတဲ့အခါ နောက်ထပ် ၄ ချက်ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်၊ အခန်း ၂-၂၀၂၀ အလွန် အဆင့်လိုက် အပိုင်းလိုက်အကောင်အထည်ဖော်မှုများမှာ ခေါင်းစဉ် ၈ ခုဆိုတာက ပြီးခဲ့တဲ့ညီလာခံတွေမှာ ဆွေးနွေးခဲ့တဲ့ကဏ္ဍကြီး ၅ ရပ်လည်းပါဝင်ပြီးသားပါ၊ အခန်း ၃ မှာတော့ ဖက်ဒရယ်လမ်းညွှန်အခြေခံမူတွေပါမယ်” ဟု ပြောသည်။
အဆိုပါ အခန်း ၃ ဖက်ဒရယ်လမ်းညွှန်အခြေခံမူများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက် ခွဲဝေမှုများ၊ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ကိုယ်ပိုင်ဥပဒေများ၊ ပြည်နယ်များ၏ အာဏာများကို ခွဲဝေကျင့်သုံးသည့်အခါ ပြည်သူလူထုကို မျက်နှာမူရမည်ဟူသော အချက် ၅ ချက်ကို အစိုးရအနေဖြင့် လက်ခံထားပြီး တိုင်းရင်းသားလက်နက်ကိုင်များက အချက် ၃ ချက်တင်ပြထားရာ စုစုပေါင်း ၈ ချက်ပါဝင်မည်ဟု ၎င်းကဆိုသည်။
ထို့အတူ ယမန်နေ့က ကျင်းပသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးမှုအဖွဲ့ မျက်နှာစုံညီအစည်းအဝေးတွင် NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက “လာမယ့် (၂၅၊ ၂၆၊ ၂၇) ရက်နေ့တွေမှာ အစိုးရညှိနှိုင်းရေးအဖွဲ့တွေနဲ့ NCA-S EAO ညှိနှိုင်းရေးအဖွဲ့တို့ ထပ်မံဆွေးနွေးညှိနှိုင်းကြဖို့အတွက် မိမိတို့ဖက်က ဆွေးနွေးညှိနှိုင်းမယ့်အကြောင်းအရာ သေချာပြင်ဆင်ထားပြီးဖြစ်သလို အချိန်လုံလောက်စွာ ယူထားပြီးလည်းဖြစ်လို့ တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ ရလဒ်ကောင်းတွေ ထွက်ရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
NCA လက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့က NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးမှုအဖွဲ့ မျက်နှာစုံညီအစည်းအဝေးကို ရန်ကုန်မြို့၌ ဇူလိုင် ၂၃-၂၄ ရက်နေ့များတွင် မျက်နှာစုံညီ ကျင်းပနေခြင်းဖြစ်သည်။
ထိုနောက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်သော အစိုးရကိုယ်စားလှယ်အစုအဖွဲ့နှင့် နောက်ရက်များတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အတွက်ပြင်ဆင်ခြင်း ညှိနှိုင်းအစည်းအဝေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးများကို ငြိမ်းချမ်းရေးညီလာခံမတိုင်မီအထိ ဆက်တိုက်ကျင်းပသွားမည်ဟု သိရသည်။
လွန်ခဲ့သည့် ၂ နှစ်ကျော်က နောက်ဆုံးကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် ကိုယ်စားလှယ် (၇၀၀) ဦး၊ အထူးဖိတ်ကြားထားသူ (၂၉)ဦး၊ လေ့လာသူ (၂၀၄)ဦး၊ အကျိုးဆောင် (၂၇)ဦးနှင့် အထောက်အကူပြု (၁၅၂)ဦး စုစုပေါင်း (၁၁၁၂)ဦးတက်ရောက်ခဲ့ပြီး ၆ ရက်ကြာမြင့်ခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများမှ ရရှိပြီးသည့် ပြည်ထောင်စုသဘောတူညီချက် ၅၁ ချက်ကိုလည်းကောင်း၊ ယခုညီလာခံမှထွက်ပေါ်လာမည့် ပြည်ထောင်စုသဘောတူညီချက်များကိုလည်းကောင်း မည်သည့်အချိန်ကာလတွင် မည်ကဲ့သို့အကောင်အထည်ဖော်ကြမည်ကို ဆွေးနွေးပြောဆိုမှုများ မတွေ့ရသေးပေ။
