spot_img
Wednesday, November 6, 2024
More
    spot_img
    Homeဆောင်းပါးအစိုးရကျောင်းတက်နေတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားကလေးငယ်တွေ ပညာရည်တိုးတက်ဖို့ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေသေးလဲ (အပိုင်း ၁)

    အစိုးရကျောင်းတက်နေတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားကလေးငယ်တွေ ပညာရည်တိုးတက်ဖို့ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေသေးလဲ (အပိုင်း ၁)

    -

    ဓရ်အံင်ဇျှာန်/ထောအောင်ချန်း (၂၃ ဇူလိုင်)

    ဓရ်အံၚ်ၛာန် (ထောအောင်ချန်း) သည် Master of Modern Languages Education မဟာဘွဲ့အတန်းကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ပညာရေး အထူးသဖြင့် ဘာသာစကားသင်ကြားသင်ယူမှုဆိုင်ရာ မူဝါဒများ၊ လက်တွေ့အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ စာပေရေးသားခြင်းများကို ပြုလုပ်လျက် ရှိသည်။ ဆက်သွယ်ရန် https://www.linkedin.com/in/dhoongjhaan

            နိဒါန်း

    ရှေ့လာမဲ့ လွှတ်တော်သက်တမ်း ၅ နှစ်အတွက် အထွေထွေရွေးကောက်ပွဲတွေကို အခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ လုပ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့က ကြေငြာလိုက်ပြီးချိန်ကစလို့ ရွေးကောက်ပွဲအကြောင်း ပြောကြဆိုကြတာ ပိုများလာပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနဲ့ ပြည်နယ်အလိုက် လွှတ်တော်တွေ၊ အစိုးရအဖွဲ့တွေ သီးခြား ဖွဲ့စည်းနိုင်ပေမဲ့ ကဏ္ဍတော်တော်များများအတွက် ပြည်ထောင်စုအဆင့်ကပဲ ဥပဒေပြုနိုင်တာ၊ ဆုံးဖြတ်ချက်ချနိုင်တာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းတွေရဲ့ တရားဝင် လုပ်ပိုင်ခွင့်က အကန့်အသတ်နဲ့ပဲ ရှိပါတယ်။ အဲဒီထဲမှာ ပညာရေး လည်းပါပါတယ်။ မြန်မာနိုင်ငံ ပညာရေးဟာ တခြားတခြားသော ကဏ္ဍတွေလိုပဲ ရာစုနှစ် တစ်ဝက်ကျော်စာ ကြမ်းတမ်းခက်ခဲတဲ့ ခရီးလမ်းကို ဖြတ်ကျော်လာခဲ့ရတဲ့အတွက် အဖက်ဖက်က ပြုပြင်ဖို့လိုနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

    ဗမာစကား အဓိကပြောတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ကလေးတွေအတွက် စာပေတတ်မြောက်ရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုအနေနဲ့ ရှိလာခဲ့တယ်ဆိုလျှင် ဗမာနဲ့မတူတဲ့ ဘာသာစကားတစ်ခုခုကို အဓိက ပြောဆိုတဲ့ နေရာဒေသက တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူတွေက အဲဒါရဲ့ ၂ ဆ၊ ၃ ဆ ထက်ပိုကြီးတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ လာခဲ့ရတာပါ။ မြန်မာနိုင်ငံမှာ အခုအခါ နိုင်ငံရေးစနစ် ပြောင်းလဲမှုတချို့နဲ့အတူ ပညာရေးကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနေခဲ့ပေမဲ့ တိုင်းရင်းသားကလေးငယ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို လျှော့ချဖို့ အနည်းငယ် လောက်ကိုပဲ လုပ်နိုင်သေးတာပါ။

    ပညာရေးဆိုင်ရာမူဝါဒတွေ ကြီးကြီးမားမား ပြောင်းလဲဖို့ လိုသလို အဲသလိုကြီးမားတဲ့ ပေါ်လစီပြောင်းလဲမှုတွေဆီ မရောက်ခင် အကောင်အထည်ဖော်သင့်တဲ့ လုပ်ငန်းတွေလည်း အများကြီး ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ မြန်မာနိုင်ငံ သင်ရိုးညွှန်းတမ်းဝင် ဘာသာရပ်တွေအတွက် ဘာသာစကား ရွေးချယ်မှု/အချိန်ခွဲဝေထားမှုဆိုင်ရာ မူဝါဒတွေ အကြောင်းကို ဦးတည်ဆွေးနွေးသွားပါမယ်။ လာမဲ့ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ ဝင်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် မွန်ညီညွတ်ရေးပါတီ အပါအဝင် တိုင်းရင်းသားလူမျိုးအခြေပြု နိုင်ငံရေးပါတီတွေအတွက် ပညာရေးဆိုင်ရာ မူဝါဒ၊ နည်းဗျူဟာ စဉ်းစားစရာတွေ ပိုရလာမယ်လို့ မျှော်လင့်ပါတယ်။ မွန်ပြည်နယ်က မဲဆန္ဒရှင် ပြည်သူတွေအတွက်လည်း ကိုယ်စားလှယ်လောင်းတွေ (နဲ့ သူတို့ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ) ရဲ့ ပညာရေးမူဝါဒလမ်းစဉ်တွေဟာ “မြန်မာနိုင်ငံသား အားလုံး” အပေါ် ဘယ်လိုသက်ရောက်မှု ရှိနေတယ်/ရှိနိုင်မလဲဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ်စဉ်းစားတဲ့အခါ အထောက်အကူ ဖြစ်မယ်လို့ ယူဆပါတယ်။

             အမျိုးသားပညာရေးဥပဒေအရ အစိုးရကျောင်းတွေမှာ တိုင်းရင်းသားစာတွေ တရားဝင် သင်လို့ရပြီ၊ တိုင်းရင်းသားစကားတွေ ကျောင်းမှာ တရားဝင် သုံးလို့ရပြီ

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမဦးဆုံး ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်မှာ အမျိုးသားပညာရေးဥပဒေ ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ပြဋ္ဌာန်းပြီး များမကြာမီမှာပဲ ဥပဒေကို ကျောင်းသူကျောင်းသားတွေ အဓိကဦးဆောင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ပြင်ဆင်တဲ့ ဥပဒေ တစ်ရပ်ကို ၂၀၁၅ မှာ ထပ်တိုး ပြဋ္ဌာန်းခဲ့ပါတယ်။ တချို့အငြင်းပွားစရာ အချက်တွေကို သက်ဆိုင်သူတွေကြား ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေမဲ့ အမျိုးသားပညာရေးဥပဒေဟာ ၂၀၁၄−၁၅ မှာ ပြဋ္ဌာန်းခဲ့တဲ့အတိုင်း အခုအချိန်အထိ အသုံးပြုနေတဲ့ ပညာရေးဆိုင်ရာ ပင်မဥပဒေ ၁ ခု ဖြစ်ပါတယ်။ ၂၀၁၄−၁၅ အမျိုးသားပညာရေး ဥပဒေ မပြဋ္ဌာန်းခင် အချိန်အထိ ဗမာမဟုတ်တဲ့ တိုင်းရင်းသားဘာသာစာပေတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သင်ကြားသင်ယူရေး ကိစ္စကို မြန်မာနိုင်ငံ အစိုးရအဆက်ဆက်က လျစ်လျူရှုထားခဲ့တာ၊ တာဝန်ယူဖို့ ပျက်ကွက်တာ၊ ဒေသအာဏာပိုင်တွေက ဖိနှိပ်တာ၊ တားဆီးပိတ်ပင်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။

    တိုင်းရင်းသားစာတွေကို အစိုးရကျောင်းတွေမှာ သင်ဖို့ အစိုးရက ခွင့်ပြုပြီးနောက်ပိုင်း သင်ကြားသင်ယူခွင့် ရလာတဲ့ တိုင်းရင်းသားဘာသာစကား အရေအတွက်အရရော၊ သင်ခွင့်ရတဲ့ ကျောင်း၊ ပြည်နယ်တိုင်းဒေသ၊ ကျောင်းသူ/သား အရေအတွက်အရပါ တစ်နှစ်ပြီးတစ်နှစ် တိုးလာပါတယ်။ ဒါပေမဲ့ အခုချိန်အထိတော့ မူလတန်းအဆင့် အထိလောက်ကိုပဲ ဦးတည်လုပ်ဆောင်နိုင်သေးတာပါ။ အစိုးရရဲ့ ကိန်းဂဏန်းတွေအရ အခု ၂၀၂၀ ပြည့်နှစ်ရောက်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်းသားစာပေ ၆၃ မျိုးကို ကျောင်းပေါင်း ၁၃,၁၀၀ မှာ ကျောင်းသူ/သားပေါင်း ၈၄၈,၅၀၀ လောက်က သင်ယူခွင့် ရနေပြီလို့ ဆိုပါတယ်။ ဒီကျောင်းသားအရေအတွက်ဟာ မြန်မာတစ်နိုင်ငံလုံး မူလတန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း အရေအတွက် (၅.၇၁ သန်း) ရဲ့ ၁၆.၃၈ % ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူဦးရေအချိုးအစားဟာ အနည်းဆုံး တစ်နိုင်ငံလုံးလူဦးရေစုစုပေါင်းရဲ့ ၂၅ % လောက်ထိ ရှိနိုင်တာမို့ တိုင်းရင်းသားကလေးငယ်တိုင်း မိမိတို့ရဲ့ တိုင်းရင်းသားစာပေ သင်ယူခွင့် မရရှိသေးဘူးလို့ ယူဆရပါတယ်။ မွန်ပြည်နယ်အတွက် စာရင်းကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ဖြစ်ပါတယ်။

    ၂၀၂၀ နှစ်ဆန်းပိုင်းအထိ တိုင်းရင်းသားစာပေ လေ့လာရန် စာရင်းပေးသွင်းခဲ့သည့် မွန်ပြည်နယ်မှ ကျောင်း နှင့် ကျောင်းသား/သူ အရေအတွက်၊ ဆရာ/မအင်အား

    ကျောင်းပေါင်း၆၄၂
    ကျောင်းသား/သူ၅၅၈၅၇ ဦး
    ဆရာ/မ အင်အား၁၄၂၉ ဦး (သင်ကြားရေးအထောက်အကူပြု (Teaching Assistant/TA) ၆၄၂ ဦး + တိုင်းရင်းသားစာပြ (Language Teacher/LT) ၇၈၄ ဦး)

    (ကျောင်းသူကျောင်းသားပေါင်း ၅ သောင်း၊ ၆ ထောင်နီးပါး ဟာ မွန်ပြည်နယ်မူလတန်းကျောင်းသား/သူ စုစုပေါင်းရဲ့ ဘယ်နှရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းရ ခက်ပါတယ်။ မြို့နယ်အလိုက် ကျောင်းအဆင့်တစ်ခုချင်းစီ (ဥပမာ မူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်း၊ စသဖြင့်) ရဲ့ ကျောင်းသူ/ကျောင်းသား အားလုံးပေါင်းအရေအတွက် ကိုပဲ အလွယ်တကူ ရနိုင်တာမို့  မြို့နယ်တစ်ခုလုံး/ပြည်နယ်တစ်ခုလုံးစာ မူလတန်းကျောင်းသား စုစုပေါင်းအရေအတွက်ကို အတိအကျ သိနိုင်ဖို့ ခဲယဉ်းပါတယ်။)

    ဒေသသင်ရိုးလို့ခေါ်တဲ့ အစိတ်အပိုင်းတစ်ခု ပထမဦးဆုံးအကြိမ်အနေနဲ့ အခြေခံပညာရေးသင်ရိုးညွှန်းတမ်းထဲမှာ ပါဝင်လာပြီးတော့ တိုင်းရင်းသားဘာသာစကားသင်ကြားရေးကို ပညာရေးဝန်ကြီးဌာန (MOE) က ဒေသသင်ရိုးထဲ ထည့်သွင်းလိုက်ပါတယ်။  ပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်းလည်း (ဒေသ) သင်ရိုးညွှန်းတမ်းပြုစုတာ၊ အကောင်အထည်ဖော်တာ၊ ကြီးကြပ်ကွပ်ကဲတာကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရတွေကို (ပြည်ထောင်စုအဆင့်) MOE က လုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။ ဒါ့အပြင် စာသင်တဲ့အခါ အယင်က မြန်မာစကားကိုပဲ (အလေးပေး) သုံးဖို့ ပေါ်ပေါ်တင်တင် တိုက်တွန်းလာရာကနေ အထူးသဖြင့် ၂၀၁၅ ခုနှစ်တွေမှာ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပညာရေးဥပဒေအရ အခြေခံပညာ (ကောလိပ်/တက္ကသိုလ်မတိုင်ခင်) အဆင့် စာသင်ခန်းတွေမှာ တိုင်းရင်းသားဘာသာစကားတွေကို မြန်မာစကားနဲ့အတူ တွဲသုံးနိုင်တယ် ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ ဆယ်စုနှစ် ၅ ခုစာလောက် လျစ်လျူရှု၊ ဖိနှိပ်၊ တားဆီးပိတ်ပင် ခံထားရရာကနေ ဥပဒေအကာအကွယ်နဲ့တကွ လက်တွေ့အကောင်အထည်ဖော်ဖို့ တာဝန်နဲ့ ဘတ်ဂျက်တချို့ ရလာပြီဖြစ်လို့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားကလေးငယ်တွေရဲ့ ပညာရေး၊ တိုင်းရင်းသားဘာသာစာပေ ဖွံ့ဖြိုးရေးတွေအတွက် အခုအခါ ပိုကောင်းတဲ့ အခြေအနေတစ်ခုဆီကို ဦးတည်သွားနေတယ်လို့ ပြောလို့ရပါတယ်။

    (အခုဆောင်းပါးမှာ အစိုးရပညာရေးဝန်ကြီးဌာန (MOE) ကျောင်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်တာတွေကိုပဲ အထူးအလေးပေး တင်ပြသွားမှာပါ။ MOE ရဲ့ စာရင်းအင်းတွေအရ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းအထိ အစိုးရကျောင်းတွေမှာ ပညာတက်ရောက် သင်ယူနေခဲ့တဲ့ ကျောင်းသူ/သား အရေအတွက် ၉.၇ သန်းကျော် ရှိပါတယ်။ ဆရာ/မ စုစုပေါင်း အရေအတွက်ဟာလည်း ၄၁၀,၀၀၀ ခန့် ရှိတာဖြစ်လို့ မြန်မာနိုင်ငံပညာရေး အထူးသဖြင့် အခြေခံပညာရေးကဏ္ဍမှာတော့ MOE က အဓိက ပလေယာ ဖြစ်ပါတယ်။ အစိုးရကျောင်းတွေလို နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရပေမဲ့ မွန်ပြည်နယ်ထဲမှာ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကနေ တစ်စိတ်တစ်ပိုင်း ထောက်ပံ့မှုတွေရနေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ရဲ့ မွန်အမျိုးသားကျောင်း၊ တခြားကွန်မျူနတီကျောင်းနဲ့ ပုဂ္ဂလိကပိုင်ကျောင်း စသဖြင့် ကျောင်းတွေလည်း ရှိပါတယ်။)

             အမျိုးသားပညာရေးဥပဒေအရ အစိုးရကျောင်းတွေမှာ တိုင်းရင်းသားစာတွေ တရားဝင် သင်လို့ရပြီ၊ တိုင်းရင်းသားစကားတွေ ကျောင်းမှာ တရားဝင် သုံးလို့ရပြီ… ဒါပေမဲ့…

    ၂၀၁၄ မှာ အမျိုးသားပညာရေးဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲအပြီးမှာ တက်လာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး/USDP) အစိုးရ (အယင် သမ္မတဦးသိန်းစိန်) လက်ထက်ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ၂၀၁၅ မှာ အတည်ပြုပြီး နောက်တစ်နှစ်မှာပဲ အခြေခံပညာသင်ရိုးသစ်တွေကို ပညာရေးဝန်ကြီးဌာန (MOE) က စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်/NLD) ပါတီ အစိုးရသစ်ဖွဲ့တဲ့နှစ် ၂၀၁၆ ခုနှစ် မှာ သူငယ်တန်း သင်ရိုးသစ်ကို မိတ်ဆက်ခဲ့ပြီး ကျန်တဲ့ အတန်းတွေကို အောက်ပါအစီအစဉ်အတိုင်း ဆက်တိုက် အကောင်အထည်ဖော်ဖို့  MOE က ရာထားခဲ့ပါတယ်။

    အတန်းအဆင့် (ယခင် Grade 1-11 စနစ်ထဲကို သူငယ်တန်းသစ် (KG) နှင့် ဒွါဒသမတန်း (Grade 12) အတန်းသစ် ၂ တန်း ထပ်ပေါင်းထည့်လိုက်သည်။)သင်ရိုးသစ်များ မိတ်ဆက်သွားမည့် ပညာသင်နှစ်အပိုင်းအခြား
    သူငယ်တန်း (KG/Kindergarten)၂၀၁၆−၁၇
    ပထမတန်း (Grade 1)၂၀၁၇−၁၈
    ဒုတိယတန်း (Grade 2)၂၀၁၈−၁၉
    တတိမတန်း နှင့် ဆဋ္ဌမတန်း (Grade 3 & 6)၂၀၁၉−၂၀
    စတုတ္ထတန်း၊ သတ္တမတန်း နှင့် ဒသမတန်း (Grade 4, 7 & 10)၂၀၂၀−၂၁
    ပဉ္စမတန်း၊ အဋ္ဌမတန်း နှင့် ဧကဒသမတန်း (Grade 5, 8 & 11)၂၀၂၁−၂၂
    နဝမတန်းနှင့် ဒွါဒသမတန်း (Grade 9 & 12)၂၀၂၂−၂၃

    (မှတ်ချက်။          ။ ၂၀၁၆−၂၁ ခုနှစ် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP 2016-21) စာ−၁၁၆ ပါ ဇယားကို အနည်းငယ်ပြုပြင်/ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါတယ်။) အထက်ပါ အစီအစဉ်အရပဲ လက်ရှိ ပညာသင်နှစ်အတွင်း စတုတ္ထတန်း၊ သတ္တမတန်း နဲ့ ဒသမတန်း (Grade 4, 7 & 10) သင်ရိုးသစ်တွေကို MOE က မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အယင် အစိုးရ လက်ထက်ကတည်းက စတင်ပြုစုရေးသားလာခဲ့တဲ့ National Education Strategic Plan 2016-21 (၂၀၁၆−၂၁ ခုနှစ် အပိုင်းအခြားအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း) စာအုပ်ကို ၂၀၁၇ ဖေဖော်ဝါရီလမှာ NLD အစိုးရက တရားဝင် မထုတ်ပြန်မီ သင်ရိုးညွှန်းတမ်းအသစ်နဲ့ ပတ်သက်တဲ့ မူဘောင် (မူကြမ်း) တွေ ထွက်လာပါတယ်။ ထွက်ရှိတဲ့ ရက်အတိအကျ မသိရပေမဲ့ ပဉ္စမမြောက်မူကြမ်းရဲ့ အင်္ဂလိပ်ဘာသာပြန် (ဒါပေမဲ့ တရားဝင်တော့မဟုတ်) ကလည်း ၂၀၁၇ ခုနှစ်အတွင်းမှာပဲ ထွက်လာပါတယ်။ ဒီမူဘောင်မှာ သက်ဆိုင်ရာ အတန်းအဆင့်လိုက် ဘာသာရပ် အချိန်ခွဲဝေမှု ဇယားတွေကို ဖော်ပြထားပါတယ်။ ဒီဇယားတွေမှာ ပါတဲ့ ဘာသာရပ်အလိုက် စာသင်ချိန် နာရီ ခွဲဝေသတ်မှတ်ထားတာကို အောက်မှာ ဘားဂရပ်နဲ့ ပြထားပါတယ်။ (တိုင်းရင်းသားစာတွေပါဝင်တဲ့) ဒေသသင်ရိုး (အညိုရောင်) ကလွဲလို့ ကျန်တဲ့ ဘာသာရပ်တွေ အားလုံးကို မြန်မာလို (အပြာရောင်) နဲ့ အင်္ဂလိပ်လို (လိမ္မော်ရောင်) ပြဋ္ဌာန်းသွားမယ်လို့ ယုံကြည်ရပါတယ်။


    ဘာသာရပ်အလိုက် ပြဋ္ဌာန်းစာအုပ်မှာ အသုံးပြုသွားမဲ့ ဘာသာစကား အချိန်ခွဲဝေမှု အချိုးအစားပြ ဂရပ်ပုံ ၁
    (ဝိဇ္ဇာ/လူမှုရေးဘာသာရပ်ပြဋ္ဌာန်းစာအုပ်တွေ မြန်မာဘာသာနဲ့ပဲ ဆက်ရှိမဲ့ အခြေအနေဆိုလျှင်)

    ဘာသာရပ်အလိုက် ပြဋ္ဌာန်းစာအုပ်မှာ အသုံးပြုသွားမဲ့ ဘာသာစကား အချိန်ခွဲဝေမှု အချိုးအစားပြ ဂရပ်ပုံ ၂ (အထက်တန်းအဆင့်မှာ သိပ္ပံဘာသာတွဲ ယူမဲ့ ကျောင်းသူ/သားတွေ အတွက် အကျုံးဝင်)
    ရည်ညွှန်း မူအောက် = မူလတန်းအောက်ဆင့် (၁−၃ တန်းထိ) မူထက် = မူလတန်းအထက်ဆင့် (၄−၅ တန်းထိ) 120, 72, 648 စတဲ့ ကိန်းဂဏန်းတွေက ပညာသင်နှစ် ၁ နှစ်တာ စာသင်ချိန် နာရီစုစုပေါင်းကို ကိုယ်စားပြုပါတယ်။

    အထက်တန်းအဆင့်မှာ ဝိဇ္ဇာဘာသာရပ်တွေကို မြန်မာဘာသာနဲ့ပဲ ဆက်ပြဋ္ဌာန်းမယ်ဆိုရင် ဒီဘာသာရပ်တွေကို အဓိကယူမဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းစာသင်ချိန်ထက်ဝက်ကျော်က မြန်မာစာ၊ မြန်မာစကားနဲ့ ထိတွေ့ရမှာပါ။ ဂရပ်ပုံ ၁ ကို ကြည့်ပါ။ ၁၀ တန်း/Grade 10 (အသစ်) ကနေစပြီးတော့ သိပ္ပံဘာသာအတွဲကို ယူမဲ့ ကျောင်းသူ/သားတွေအတွက် ဘာသာရပ်အများစုကတော့ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းထားနိုင်ချေများတဲ့ အတွက် (အတန်းထဲမှာ ဆရာ/မက အင်္ဂလိပ်လိုပြောပြီး မသင်သည့်တိုင်) အနည်းဆုံး အင်္ဂလိပ်စာနဲ့တော့ ပိုထိတွေ့ရဖို့ ရှိပါတယ်။ အခုအခါ Grade 10 သင်ရိုးစာအုပ်အသစ် တွေ တရားဝင် ထွက်လာတာကို လေ့လာကြည့်လျှင်လည်း ပြဋ္ဌာန်းစာအုပ်တွေမှာ သုံးမဲ့ ဘာသာစကား၊ အချိန်ခွဲဝေမှု အချိုးအစားဟာ ပုံပါအတိုင်း ဖြစ်လာဖို့ များပါတယ်။ ဒီအနေအထားအရ ပြဋ္ဌာန်းစာအုပ်သုံး ဘာသာစကားနဲ့ အချိန်ခွဲထားမှု မူဝါဒဟာ သင်ရိုးဟောင်းနဲ့ သင်ရိုးသစ်ကြား သိပ်မကွာဘူးလို့ ပြောရမှာပါ။ ဒီတော့ ပြဿနာက ဘာလဲ။

    ပြဿနာက ဘာလဲဆိုတော့ ဥပမာ ဂရပ်ပုံ ၁ ကိုကြည့်လျှင် သိသာတာတစ်ခု က မြန်မာဘာသာနဲ့ သင်တဲ့ ဘာသာရပ် စာသင်ချိန်တွေဟာ အတန်းအဆင့်တိုင်းမှာ အချိုးအစား အရမ်းများနေတယ် ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ရာခိုင်နှုန်းနဲ့ တွက်ကြည့်လျှင် မြန်မာဘာသာနဲ့ ပြဋ္ဌာန်းတဲ့ ဘာသာရပ်သင် စာသင်ချိန်တွေဟာ အခြေခံပညာအဆင့် (Grade 1 ကနေ 12 အထိ) သင်ရိုးတစ်ခုလုံးရဲ့ ၆၅ % နီးပါး (ပုံ−၁ အရ) ဒါမှမဟုတ် ၅၀ % ကျော် (ပုံ−၂ အရ) ရှိပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းတဲ့ ဘာသာရပ်သင်ခန်းစာတွေအတွက် အချိန်နာရီခွဲထားမှုတွေကလည်း အခြေအနေ ၁ နဲ့ ၂ နှစ်ခုစလုံးမှာ အတန်းအဆင့်မြင့်လာတာနဲ့ အမျှ တိုးလာတာတွေ့ရပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားစာပေဘာသာရပ် နဲ့ တိုင်းရင်းသားဘာသာနဲ့ သင်မယ်လို့ ယုံကြည်ရတဲ့ ဒေသသင်ရိုးအတွက် အချိန်ခွဲဝေသတ်မှတ်မှုက ပုံမှာတွေ့ရတဲ့အတိုင်း အငယ်တန်းတွေမှာလည်း နည်းတယ်၊ အတန်းမြင့်လာလို့လည်း များမလာတဲ့ အပြင် အလယ်တန်း ရောက်တဲ့အခါ စာသင်ချိန် ၁၂ ချိန်ပါ ထပ်လျော့သွားတာ တွေ့ရပါတယ်။ အခြေခံပညာ သင်ရိုးညွှန်းတမ်း တစ်ခုလုံးရဲ့ ၁၀ % စွန်းစွန်းလောက်ကိုပဲ ဒေသသင်ရိုးတွေအတွက် ခွဲဝေထားတာ ဖြစ်ပါတယ်။

    ဒေသသင်ရိုးအတွက် ခွင့်ပြုထားတဲ့အချိန်က နည်းလွန်းပေးမဲ့ မူဘောင်ထဲမှာ ဒေသသင်ရိုးအတွက် ထည့်သွင်းထားတဲ့ ဘာသာရပ်ခေါင်းစဉ်တွေကတော့ မနည်းလှပါဘူး။ အောက်က ဇယားတွေမှာ အတန်းအဆင့်လိုက် ဒေသသင်ရိုးတွေမှာ သင်ဖို့ ရာထားတဲ့ ခေါင်းစဉ်တွေကို မူဘောင်ထဲမှာ ပါတဲ့အတိုင်း (မြန်မာဘာသာပြန်နဲ့ တွဲလျက်) ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။

     မူလတန်းအဆင့်အလယ်တန်းအဆင့်အထက်တန်းအဆင့်
    Ethnic languages (မြန်မာပြန်: တိုင်းရင်းသားဘာသာစကားများ)Ethnic language and culture (တိုင်းရင်းသားဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှုများ)Ethnic language and culture (တိုင်းရင်းသားဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှုများ)
    Their histories, traditions and cultures (၎င်းတို့၏ သမိုး၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုများ)Career skills (လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုများ)Career skills (လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုများ)
    Local business situation (ဒေသစီးပွားရေးအခြေအနေ)Basic computer skills (ကွန်ပျူတာအခြေခံ)Basic computer skills (ကွန်ပျူတာအခြေခံ)
    Agricultural businesses (စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းများ)Basic information and communication technology (သတင်းနှင့်ဆက်သွယ်ရေး နည်းပညာအခြေခံ)Basic information and communication technology (သတင်းနှင့်ဆက်သွယ်ရေး နည်းပညာအခြေခံ)
    Basic computer (ကွန်ပျူတာအခြေခံ)Agriculture (စိုက်ပျိုးရေး)Agriculture (စိုက်ပျိုးရေး)
     Home management skills (အိမ်တွင်းစီမံခန့်ခွဲမှု)Home management skills (အိမ်တွင်းစီမံခန့်ခွဲမှု)

            ကျောင်းသင်ဘာသာရပ်အများစုကို မြန်မာဘာသာနဲ့ပဲ ပြဋ္ဌာန်းထားတာ သင့်/မသင့်

    ပေးတဲ့အချိန်က နည်းနည်း၊ သင်ဖို့သတ်မှတ်ထား ဘာသာရပ်ခေါင်းစဉ်က ခပ်များများမို့ ကျောင်းသူ/သားတွေ တိုင်းရင်းသားဘာသာစာပေ အနာအကြား၊ အပြောအဆို၊ အဖတ်၊ အရေး စတဲ့ စွမ်းရည်တွေကို ထိထိရောက်ရောက် လေ့ကျင့်နိုင်ဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် တိုင်းရင်းသားဘာသာစကားကိုပဲ အဓိက ပြောဆိုကြတဲ့ နေရာဒေသက ကလေးငယ်တွေအတွက် သူတို့ရဲ့ သက်ဆိုင်ရာမိခင်ဘာသာစာပေ အခြေမခိုင်သေးတဲ့အချိန် မူလတန်းအောက်ဆင့်မှာကို ဘာသာရပ်အားလုံးနီးပါးလောက် မြန်မာဘာသာနဲ့ ဆက်လက် ပြဋ္ဌာန်းထားတာရဲ့ အကျိုးဆက်ကိုလည်း မသိကျိုးကျွံ့ ပြုလို့ မရပါဘူး။ မြန်မာစာအခြေပြုပညာရေးကြောင့် နယ်က တိုင်းရင်းသားကလေးငယ်တွေ စာမလိုက်နိုင်တာ၊ သိမ်ငယ်စိတ် ဝင်ရတာ၊ ကျောင်းက ထွက်လိုက်ရတာမျိုးတွေ ဖြစ်လာနေခဲ့တာကြာပါပြီ။ ဒီလိုတွေ ထပ်မဖြစ်ဖို့ အခုသင်ရိုးသစ်ရဲ့ ဘာသာစကားဆိုင်ရာမူဝါဒက အာမခံချက်အပြည့်အဝ ပေးနိုင်တဲ့ အနေအထားမှာ ရှိမနေပါဘူး။

    နောက်တစ်ခုက အစိုးရခေတ်အဆက်ဆက် ပညာရေးအဆင့်တိုင်းမှာ သင်္ချာ၊ လူမှုရေး၊ သိပ္ပံတို့လို ကျောင်းသင်ဘာသာရပ်အများစုကို မြန်မာလို ပြဋ္ဌာန်းထားတာနဲ့ပဲ သင်ယူလာခဲ့ရတာ ဖြစ်လို့ ဒီဘာသာရပ်တွေအကြောင်း တိုင်းရင်းသားဘာသာစကားနဲ့ ပြောဆိုဆွေးနွေး၊ ရေးသားကြဖို့လိုတဲ့အခါတိုင်း ချောချောမွေ့မွေ့ မဖြစ်တာ တော်တော်များများ ကြုံရမှာပါ။ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ထပ်မရှိလျှင် အခု MOE သင်ရိုးသစ်ကလည်း တိုင်းရင်းသားဘာသာစာပေ ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသားကလေးငယ်တွေရဲ့ ပညာရေးအတွက် ထူးခြားတဲ့ ရလဒ်တွေ ဆောင်ကြဉ်းပေးနိုင်ဖို့ အလားအလာ တော်တော် နည်းပါတယ်။

            ပြဿနာအတွက် အဖြေရှာမယ်၊ ရေတို/ရေရှည် ဘာလုပ်သင့်သလဲ

    ဗမာစကားကို မိခင်ဘာသာစကားအနေနဲ့ အိမ်မှာ မပြောတဲ့ ကျောင်းသူ/သားတွေအနေနဲ့ အထူးသဖြင့် မူလတန်းအဆင့်မှာ ကျောင်းသင်ဘာသာရပ်အများစုကို သူတို့ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသား မိခင်ဘာသာစကားတွေနဲ့ ပညာသင်ယူခွင့်ရတဲ့ Mother Tongue-Based Multilingual Education (MTB MLE) စနစ်က အကောင်းဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ MTB MLE မူဝါဒကို အကောင်အထည်ဖော်ဖို့ ပညာရေးပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ဆော်ဩလာခဲ့တာ တော်တော်ကြာပါပြီ။ ဒါပေမဲ့ ဒီပညာရေးစနစ်ဟာ အခုနေ လက်တွေ့အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး အစိုးရပညာရေးအရာထမ်း၊ အမှုထမ်းတွေ ပြောကြတာမျိုး မကြာခဏ ကြားရပါတယ်။ MTB MLE ကို နောင်လာမဲ့ ၁၀ နှစ်၊ ၁၅ နှစ်မှာ ထိထိရောက်ရောက် အလုပ်ဖြစ်စေချင်တယ်ဆိုလျှင် အခုကတည်းက လုပ်လို့ရတာတွေကို အင်တိုက်အားတိုက် လုပ်ရမှာပါ။ MOE အနေနဲ့ အခုနှစ်ပိုင်းတွေမှာ သင်ရိုးညွှန်းတမ်းသစ်ကို အကောင်အထည် စဖော်နေတဲ့ အချိန်ဖြစ်လို့ အပြောင်းအလဲ ကြီးကြီးမားမား မလုပ်နိုင်သေးဘူး ဆိုလျှင်တောင် အနည်းဆုံး အောက်ဖော်ပြပါ လုပ်ငန်းမျိုးတွေကို အဆောတလျင် ဆောင်ရွက်သင့်ပါတယ်။

    တိုင်းရင်းသားဘာသာတွေနဲ့ ဖတ်စရာစာတွေ အကြောင်းအရာ/ကဏ္ဍမျိုးစုံ ရှိလာအောင်

    ၁။ အခု မြန်မာဘာသာနဲ့ ရေးသားပြဋ္ဌာန်းထားတဲ့ သင်္ချာ၊ ပထဝီ၊ သမိုင်း စတဲ့  ဘာသာရပ်ဆိုင်ရာ ပုံနှိပ်စာအုပ်တွေကို တိုင်းရင်းသားဘာသာတွေကို ပြန်ဆိုတာမျိုး၊

    ၂။ အသက်အရွယ်အလိုက် ဖတ်ပျော်ရှုပျော်ဖြစ်တဲ့ ကလေးစာပေတွေကို တိုင်းရင်းသားဘာသာတွေနဲ့လည်း ရေးသားထုတ်ဝေတာမျိုး၊

    ၃။ တိုင်းရင်းသားဘာသာနဲ့ ရှိပြီးသားစာအုပ်တွေကိုလည်း ဆရာ/မတွေ၊ ကျောင်းသူ/သားတွေ လက်လှမ်းမီအောင် စီစဉ်ထားရှိပေးတာမျိုး၊

    ၄။ အထက်ပါအချက်တွေကို MOE နဲ့ ပညာရေးဌာနဆိုင်ရာ အဆင့်ဆင့် က ကိုယ်တိုင်လုပ်တာအပြင် တခြားသူတွေ၊ အဖွဲ့အစည်းတွေ လုပ်တာမျိုးကိုလည်း အားပေးအားမြှောက်ပြုတာ၊ ကူညီထောက်ပံ့မှု ပြုတာမျိုး လုပ်သင့်ပါတယ်။

    ဒီမှာ ‘စာ’ လို့ ယေဘုယျခြုံငုံရေးထားပေမဲ့ ဗွီဒီယို၊ အသံ၊ အင်တာနက်စာမျက်နှာ စတဲ့ တခြား အထောက်အကူပြု နည်းပညာတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဖတ်စရာ၊ ကြည့်စရာ၊ နားထောင်စရာတွေ ရှိနေရုံနဲ့လည်း မလုံလောက်ပါဘူး။ အဲဒါတွေကို လက်တွေ့ အသုံးပြုဖို့ လိုပါတယ်။ ဒါကြောင့်

    ၅။ စာသင်ခန်းထဲမှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် ကျောင်းသင် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေအကြောင်း ပြောဆိုဆွေးနွေး၊ ရေးသားကြတဲ့အခါ မြန်မာ/အင်္ဂလိပ်ဘာသာတွေနဲ့ တင်မဟုတ်ဘဲ သက်ဆိုင်ရာဒေသ/ကျောင်းအလိုက် သင်ပေးနေတဲ့ တိုင်းရင်းသားဘာသာစကားတွေနဲ့လည်း ဆွေးနွေးတင်ပြခွင့်ပေးတာမျိုး၊ ရေးသားကြစေတာမျိုးတွေလည်း လုပ်သင့်ပါတယ်။

    ၆။ ကျောင်း၊ မြို့နယ်၊ တိုင်းနဲ့ပြည်နယ်အလိုက်ဖြစ်ဖြစ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပဲဖြစ်ဖြစ် ပြုလုပ်တဲ့ ပညာရေးပြပွဲ၊ ပြိုင်ပွဲတွေမှာ တိုင်းရင်းဘာသာစကားအသုံးပြုမှု၊ သင်ကြားသင်ယူမှုတွေကို ရောင်ပြန်ဟပ်တဲ့ ပြခန်းတွေ၊ ယှဉ်ပြိုင်မှုတွေ ထည့်သွင်းတာမျိုးလည်း လုပ်သင့်ပါတယ်။

    ကိုဗစ်−၁၉ ကြောင့် တချို့ ပညာရေးဆိုင်ရာ ကိစ္စဝိစ္စတွေကို အွန်လိုင်းကနေတစ်ဆင့် ဆောင်ရွက်ဖို့ လိုတယ် ဆိုလျှင်လည်း အထက်ပါအကြံပြုချက်လုပ်ငန်းတွေကို သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) သုံးပြီး ဆောင်ရွက်ဖို့ စီစဉ်နိုင်ပါတယ်။

            နိဂုံး

    တခြားတိုင်းနဲ့ ပြည်နယ်တွေထက် မလျော့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုတွေကို မွန်ပြည်နယ်ကလည်း ကြုံတွေ့လာနေခဲ့ရတာ မှန်ပေမဲ့ ပညာရေးမှာ တိုင်းရင်းဘာသာစကား အသုံးပြု သင်ကြားရေးကိစ္စ၊ တိုင်းရင်းသားစာသင်ကြားရေးကိစ္စတွေနဲ့ ပတ်သက်လာလျှင်တော့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ သိပ်မတွေ့ရတဲ့ အားသာချက်တွေ ကျွန်တော်တို့ဆီမှာ ရှိနေပါတယ်။ အထူးသဖြင့် မွန်လူမျိုးတွေကြားမှာ ဒေသအလိုက်သုံးတဲ့ စကားက ကွဲပြားမှုတချို့ ရှိပေမဲ့ မွန်စာအသုံးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အချင်းချင်းကြား အငြင်းပွားစရာကိစ္စ ကြီးကြီးမားမား ရှိမနေပါဘူး။ မွန်စာဖွံ့ဖြိုးတိုးတက်ရေးနဲ့ မွန်စာသင်ကြားသင်ယူရေးကိစ္စတွေကိုလည်း စိတ်ဝင်စားသူ ရဟန်းရှင်လူ၊ အဖွဲ့အစည်းတွေ အများအပြား ရှိပြီးတော့ တော်တော်များများကလည်း ဒီကိစ္စမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလေ့ ရှိကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရစနစ်အပြောင်းအလဲ ဖြစ်လာပြီး နောက်ပိုင်း တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ အစိုးရကျောင်းတွေမှာ အစောဆုံး သင်ကြားခွင့်ရခဲ့တာ မွန်စာ ဖြစ်ပါတယ်။

    ဒါပေမဲ့ မွန်စာ အပါအဝင် တိုင်းရင်းသားစာပေတွေကို အခုလို တရားဝင် ကျယ်ကျယ်ပြန့်ပြန့် သင်ကြားသင်ယူခွင့် ရနေတာ အလွယ်တကူ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားအကျိုးလိုလားသူ လူပုဂ္ဂိုလ်၊ ရဟန်း၊ အဖွဲ့အစည်းအသီးသီးက ခက်ခက်ခဲခဲ တိုက်ပွဲဝင်လာခဲ့ရကြောင်း မဝေးသေးတဲ့ သမိုင်းကို ပြန်ကြည့်လျှင် သိနိုင်ပါတယ်။ အခုဆောင်းပါးမှာ တိုက်တွန်းဖော်ပြထားတဲ့ လုပ်ငန်းစဉ်မျိုးတွေ အကောင်အထည် ပေါ်ဖို့အတွက်ဆိုလျှင်လည်း အားလုံးက တညီတညွတ်တည်း ဆက်လက် တောင်းဆိုတိုက်ပွဲဝင်မှ ရမှာပါ။ အထူးသဖြင့် လာမဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အရွေးခံရပြီး လွှတ်တော်အသီးသီးကို တက်ရောက်ကြမဲ့ တိုင်းရင်းသားအကျိုး လိုလားတဲ့ အမတ်တွေဟာ အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနကို တည့်မတ်ထိန်းကျောင်းနိုင်မဲ့ အခွင့်အာဏာနဲ့အတူ တာဝန်လည်း ရှိတာမို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမှာပါ။ ပိုပြီးတရားမျှတတဲ့ လူ့ဘောင်တစ်ရပ် ပေါ်ထွန်းလာဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ယုံကြည်လျှင် ကျွန်တော်တို့ မဲပေးကြမဲ့ လူထုအနေနဲ့လည်း မိမိနှစ်သက်ရာ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မဲပေးတဲ့အခါ ‘မျှတတဲ့ ပညာရေး ပေါ်လစီ ရှိမှု/မရှိမှု’ ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း…။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,000SubscribersSubscribe
    spot_img

    Latest posts