spot_img
Sunday, February 1, 2026
More
    spot_img
    HomeCovid 19ကြိုတင်အသိပေးခြင်းမရှိဘဲ MCL ဘိလပ်မြေစက်ရုံပိတ်သိမ်းလိုက်သဖြင့် အလုပ်သမားတစ်ထောင်ကျော် နစ်နာကြေးရရှိဖို့မျှော်လင့်

    ကြိုတင်အသိပေးခြင်းမရှိဘဲ MCL ဘိလပ်မြေစက်ရုံပိတ်သိမ်းလိုက်သဖြင့် အလုပ်သမားတစ်ထောင်ကျော် နစ်နာကြေးရရှိဖို့မျှော်လင့်

    -

    မွန်သတင်းအေဂျင်စီ (ဇူလိုင် ၂၂)

    ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ (Mawlamyine Cement Limited – MCL) အနေဖြင့် ကြိုတင်အသိပေးခြင်းမရှိဘဲ ဇူလိုင် ၁၅ ရက်နေ့က ပိတ်သိမ်းလိုက်သဖြင့် အလုပ်သမား တစ်ထောင်ကျော် နစ်နာကြေးရရှိဖို့ မျှော်လင့်လျှက်ရှိကြောင်း သတင်းရရှိသည်။

    “အလုပ်သမားရေးရာဥပဒေတွေမှာ ထုတ်ပြန်ထားတဲ့ အလုပ်ရပ်စဲမှုနစ်နာကြေးတွေ လုပ်ပေးမယ်လို့ မျှော်လင့်ထားတာပေါ့” ဟု MCL စက်ရုံနေ့စားအလုပ်သမား ကိုစိုးကြည်က ပြောသည်။

    အထူးသဖြင့် မွန်ပြည်နယ်ပြင်ပမှ လာရောက်ကြသော ရွှေ့ပြောင်းလုပ်သားများကသာ MCL ၏ အဓိကကုန်ကြမ်းဖြစ်သည့် ထုံးကျောက်ထုတ်လုပ်ခြင်းကို ကန်ထရိုက်များမှတဆင့်လုပ်ကိုင်ခဲ့သောကြောင့် နစ်နာကြေးရလိမ့်မည်မထင်ကြောင်း MCL စက်ရုံမှ မြန်မာဝန်ထမ်းတစ်ဦးက ပြောသည်။

    “အလုပ်သမားနစ်နာကြေးလိုမျိုး MCL ထုတ်ပေးလိမ့်မယ်မထင်ဘူး၊ အလုပ်သမားတွေကို MCL တိုက်ရိုက်ခေါ်ယူခဲ့တာလည်း မဟုတ်ပါဘူး၊ ကျောက်မိုင်းခွဲတဲ့ ကန်ထရိုက်တွေကပဲ နေ့စားလပေးနဲ့ အလုပ်သမားတွေကို ခေါ်ယူစုဆောင်းခဲ့တာဖြစ်တယ်၊ အလုပ်သမားလေဘာကတ်တို့ ဘာအထောက်အထားတစ်စုံတစ်ရာမှ မရှိကြဘူး” ဟု မြန်မာဝန်ထမ်းတစ်ဦးက ပြောသည်။

    ထို့အပြင် MCL တွင်အလုပ်လုပ်ကိုင်နေကြသော ထိုင်းနိုင်ငံသားအားလုံး ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက စက်ရုံမှထွက်ခွာသွားပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

    ၎င်းက “အဓိက ထိုင်းတွေပေါ့နော် သူတို့ပြန်လာမယ့်ပုံမရှိတော့ဘူး၊ ကျနော်တို့အခုလက်ကျန် မြန်မာဝန်ထမ်းနည်းနည်းလေးအတွက် ဘတ်ဂျက်ငွေတွေ အတိုင်းအတာတစ်ခုအထိ ချန်ထားပေးခဲ့တယ်၊ အဲဒီဘတ်ဂျက်ကုန်သွားရင် ကျနော်တို့လည်း ဒီစက်ရုံမှာ မရှိတော့ပါဘူး” ဟု ဆိုသည်။

    သို့ရာတွင် MCL ဘိလပ်မြေစက်ရုံပိတ်သိမ်းလိုက်ကြောင်း Online မှတဆင့်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့်  စက်ရုံပိတ်လိုက်ရသည်ကို ထိုင်းလုပ်ငန်းရှင်ဘက်ရော မြန်မာလုပ်ငန်းရှင်များဘက်တွေကပါ တရားဝင်ရှင်းလင်းပြောကြားခြင်း မရှိသေးပေ။

    MCL ဘိလပ်မြေစက်ရုံသည် ထိုင်း SCG ကုမ္ပဏီနှင့် မြန်မာ PLCI ကုမ္ပဏီတို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမတည်ထားသည့် ပုဂ္ဂလိက အကျိုးတူဖက်စပ်လုပ်ငန်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလမှစတင်၍ တစ်နေ့လျှင် တန် ၅၀၀၀ နှင့်ညီမျှသည့် ဘိလိပ်မြေအိတ်တစ်သိန်း ထုတ်လုပ်ခဲ့သည့် အကြီးစားစက်ရုံဖြစ်သည်။ 

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL စာချုပ်ပါသဘောတူညီချက်အရ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အရင်းကြေပါက အမြတ်ငွေ ၂ ရာနှုန်းကို မွန်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်နှစ်ကာလတွင် MCL ဘိပ်လပ်မြေစက်ရုံအရင်းကြေမည်ကို မည်သူမှအဖြေ မပေးနိုင်ကြောင်း၊ စာချုပ်သက်တမ်းမှာလည်း အနှစ် (၅၀) ဖြစ်ကြောင်း ကျိုက်မရော မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့ဖူးသည်။

    Photo-MCL ဘိလပ်မြေစက်ရုံ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks