ဓရ်အံၚ်ၛာန် (ထောအောင်ချန်း)
ကပ်ဘေးကာလ ဒါပေမဲ့ မင်္ဂလာသတင်း တစ်ရပ်
မြန်မာစာ၊ ဘာသာစကားအတွက် တစ်စုံတရာ အာဏာပိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် (၁၉၇၆ မတိုင်မီက ‘မြန်မာစာကော်မရှင်’ လို့ခေါ်တဲ့) မြန်မာစာအဖွဲ့ လိုအဖွဲ့ မျိုး မွန်ဘာသာစာပေအတွက်လည်း ဖွဲ့စည်းဖို့ အခုအခါ အွန်လိုင်းအခြေပြုလှုပ်ရှားမှုတစ်ခုကို မွန်စာပေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေကြ၊ စိတ်ဝင်စားကြတဲ့ ပြည်တွင်းနဲ့ ပြည်ပရောက် မွန်လူမျိုးတွေက စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
မွန်ဘာသာဝီကီပီဒီယား ဖြစ်ပေါ်လာဖို့နဲ့ ဆက်လက်အသက်ဝင်နေဖို့အတွက် ပင်တိုင်လှုပ်ရှားဆောင်ရွက်၊ သုတေသနလုပ်၊ ဆောင်းပါးရေးသားနေသူ တစ်ဦးဖြစ်တဲ့ နိုင်ဗီထောမွန်ဇြယ်က ကမကထပြု လုပ်ဆောင်တာ ဖြစ်ပါတယ်။ Institute for Mon Language (IML) လို့ အင်္ဂလိပ်ဘာသာပြန်ထားတဲ့ မွန်ဘာသာအင်စတီကျု အဖွဲ့ဟာ မွန်ဘာသာစာပေ တိုးတက်ခိုင်မာရေးအတွက် ဦးတည်ပြီး ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ဆောင်ရွက်သွားမဲ့ လုပ်ငန်းတွေအနေနဲ့
၁။ မွန်ဝေါဟာရစကားလုံးများကို စုစည်းခြင်း၊
၂။ မွန်ဝေါဟာရစကားလုံး၏ ရင်းမြင်များကို သုတေသနပြုလေ့လာခြင်း၊
၃။ မွန်ဘာသာအတွက်လိုအပ်သည့် စကားလုံးများကို ဖန်တီးခြင်းနှင့်
၄။ မွန်ဘာသာစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ ပါပါတယ်။
မွန်ဘာသာစကားနဲ့ ပတ်သက်ပြီး သုတေသနလုပ်တာ၊ စာရေးသားပြုစုထုတ်ဝေတာ နည်းပါတယ်။ အထူးသဖြင့် မွန်လူမျိုးတွေ ကိုယ်တိုင်လေ့လာ မျှဝေတဲ့ သုတေသနစာပေတွေဟာ ပိုလို့နည်းပါတယ်။ မွန်ဘာသာ၊ မြန်မာဘာသာနဲ့ သုတေသနစာအုပ်စာတမ်းတွေနဲ့ ယှဉ်လျှင် အင်္ဂလိပ်လိုက ပိုများနိုင်မယ်လို့ ခန့်မှန်းရပေမဲ့ အဲဒါကလည်း များများစားစား ရှိလှတယ်လို့လည်း မဟုတ်ပါဘူး။ ပြီးတော့ အင်္ဂလိပ်လို ခန့်ခန့်ညားညား ဖြစ်အောင် ရေးတဲ့ စာတွေဟာ ပြည်တွင်းက စာဖတ်ပရိတ်သတ်တွေဆီ ဘယ်လောက်အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်တယ်ဆိုတာကလဲ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မွန်လူမျိုးတွေ ကိုယ်တိုင် ဦးဆောင်မောင်းနှင်မဲ့ သုတေသနအခြေခံ ဘာသာစကားဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာတော့မယ်ဆိုတာ သတင်းကောင်း တစ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကပ်ဘေးဆိုက်နေတဲ့ ဒီလို အချိန်မျိုး၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စတချို့နဲ့ ပတ်သက်ပြီး စိတ်ပျက်ခြောက်ခြားစရာကောင်းတဲ့ သတင်းတွေ ဆက်တိုက်ဆိုလို ကြားနေရတဲ့ ဒီလို အချိန်အခါမျိုးမှာ အခုလို ဖြစ်ပေါ်တိုးတက်မှုဟာ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။
မွန်ဘာသာစကား၊ စာပေ တတ်ကျွမ်းမှုရည်ညွှန်းဘောင် တစ်ခုပေါ်ထွက်လာဖို့လည်း လမ်းစဖြစ်လာနိုင်
မွန်ဘာသာအင်စတီကျု တစ်နည်း IML ရဲ့ အန္တိမရည်မှန်းချက်ဟာ အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း မွန်စာပေနဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပြီးတော့ ဒီဦးတည်ချက်အတွက် သင့်လျော်ရာ လုပ်ငန်းတွေကို အကောင်အထည် ဆောင်ရွက်သွားဖို့ စဉ်းစားချက် ရှိထားတယ်လို့ သိရပါတယ်။
စာပေနဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးဟာ ဘာသာစာပေ သင်ကြားလေ့လာမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ အထူးဆက်စပ်မှု ရှိပါတယ်။
အစဉ်အလာအရ မွန်စာပေသင်ကြားသင်ယူရေးကို အယင် ပဒေသရာဇ်ခေတ်တွေကနေ စပြီးတော့ ဗုဒ္ဓဘာသာရဟန်းတော်တွေကဦးဆောင် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နှောင်းပိုင်းခေတ်ရောက်တော့ သီးခြားကျောင်းစနစ်ပေါ်ပေါက်လာပြီး မွန်စာကို ကျောင်းသင်ဘာသာရပ်တစ်ခုအနေနဲ့လည်း သင်ကြားလာခဲ့ပေမဲ့ ဘုန်းတော်ကြီးတွေ ဦးဆောင်ဖွင့်လှစ်သင်ကြားတဲ့ နွေရာသီမွန်စာသင်တန်းတွေတော့ အခုထက်တိုင် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
မွန်စာကို ကျောင်းသင်ဘာသာရပ်တစ်ခုအနေနဲ့ အတန်းအဆင့်အများဆုံး အဋ္ဌမတန်း အထိ မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ရဲ့ မွန်အမျိုးသားပညာကျောင်းတွေမှာ သင်ပါတယ်။ ဒီလောက်အထိ အတန်းအဆင့်မများပေမဲ့ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေက စီစဉ်ဖွင့်လှစ်တဲ့ မွန်စာသင်တန်းကျောင်းတွေလည်း ရှိပါတယ်။ အခုအခါ အစိုးရကျောင်း မူလတန်းအောက်ဆင့်အတန်းတွေမှာလည်း မွန်စာကို ပြန်လည်သင်ကြားနေပါပြီ။
အဖွဲ့အစည်းအမျိုးမျိုးက မွန်စာကို ပုံစံအမျိုးမျိုးနဲ့ သင်ကြားလာခဲ့တာ ကြာပြီဆိုပေမဲ့ အားလုံးက တပြေးညီ အသုံးပြုနေကြတဲ့ ‘စံ’ တစ်ခု မရှိသေးသလို၊ အဖွဲ့တစ်ဖွဲ့က သုံးနေတဲ့ အဆင့်သတ်မှတ်ချက်ဟာ တခြားတစ်ဖွဲ့ရဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်လို ဆက်စပ်နေတယ်ဆိုပြီး နှိုင်းယှဉ်ဖော်ပြတာမျိုးလည်း မတွေ့ရသေးပါဘူး။ ဥပမာ MNEC ရဲ့ ဆဋ္ဌမတန်း မွန်သမိုင်း ပြဋ္ဌာန်းစာအုပ်ကို၊ နွေရာသီသင်တန်းတွေမှာ သင်တဲ့ ဟံသာဝတီသမိုင်းနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေနဲ့ ဘယ်လိုဆက်စပ်ကြည့်နိုင်မလဲ တို့လို မေးခွန်းမျိုးဟာ ကျွန်တော်တို့ မေးဖို့ ဖြေဖို့ လိုနေတဲ့ ကွက်လပ်တွေ ဖြစ်ပါတယ်။
မွန်ဘာသာစကား၊ စာပေဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှု အညွှန်းဘောင်တစ်ရပ်လုပ်တဲ့ အခါ အလားတူ ကွက်လပ်တွေ ဆက်ဖြည့်သွားဖို့ အခွင့်အလမ်းတွေ ပေါ်လာမှာ ဖြစ်ပါတယ်။ မွန်ဘာသာစာပေအသုံးပြု သင်ကြားတဲ့ အဖွဲ့အစည်းတွေအကြား မွန်ဘာသာအင်စတီကျု က ပေါင်းကူးဆက်သွယ်ပြီးတော့ ‘မွန်ဘာသာစကား၊ စာပေ တတ်ကျွမ်းမှုရည်ညွှန်းဘောင်’ တစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာအောင် အကျိုးဆောင်နိုင်လျှင် ဒါဟာ မွန်စာပေဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ ကြီးစွာ ဖြစ်စေနိုင်ပါတယ်။
CEFR သို့မဟုတ် နိုင်ငံတကာမှာ အသုံးများတဲ့ ဘာသာစကားတတ်မြောက်မှုဆိုင်ရာ အညွှန်းဘောင် တစ်ခု အကြောင်း
ကိန်းဘရစ် (Cambridge) ဆိုတဲ့ နာမည်နဲ့ ကျွန်တော်တို့ ရင်းနှီး ကြမယ် ထင်ပါတယ်။ အင်္ဂလန်မှာ ရှိတဲ့ ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တစ်ခုအနေနဲ့ရော အင်္ဂလိပ်စာသင်ကြားသင်ယူရေးဆိုင်ရာ အထောက်အကူပြု စာအုပ်စာတမ်းမျိုးစုံ ထုတ်ဝေတဲ့ အမှတ်တံဆိပ်တစ်ခု အနေနဲ့ ပါ လူတော်တော်များများ အထူးသဖြင့် ပညာရေးနယ်ပယ်ထဲက လူတွေ သိထားကြပါတယ်။
ဥရောပတိုက် အခြေပြု ဘာသာစကား အသုံးပြုသူတွေရဲ့ ကျွမ်းကျင်တတ်မြောက်မှုအစုစုကို အဆင့်ခွဲခြားသတ်မှတ်ဖော်ပြတဲ့ အညွှန်းဘောင် Common European Framework of Reference (CEFR) ကို ဥရောပကောင်စီ (Council of Europe) က ဖန်တီးပြုလုပ်ရာမှာလည်း ကိန်းဘရစ်တက္ကသိုလ်က ထောက်ပံ့ကူညီမှုတွေ အများကြီး လုပ်ခဲ့တယ်လို့ ဒီမှာ ပြောထားပါတယ်။
(Wall Street English (WSE) ကတော့ CEFR ကို “ဥရောပဘာသာစကားများအတွက် ဘုံရည်ညွှန်းမူဘောင်” လို့ မြန်မာပြန်ပါတယ်။) အင်္ဂလိပ်ဘာသာစကားနဲ့ ပတ်သက်ပြီး ကိန်းဘရစ်ရဲ့ သီးသန့် အဆင့်သတ်မှတ်ချက် မူဘောင်တွေလည်း ရှိပြီး ပုံမှန် အခြေခံပညာကျောင်းအဆင့်တွေအတွက် Starters ၊ Movers ၊ Flyers အစပြုတဲ့ အဆင့်တွေအပါအဝင် အဆင့်မြင့်ပညာအတန်းတွေ၊ စီးပွားရေးသုံးအင်္ဂလိပ်ဘာသာဆိုင်ရာ တတ်ကျွမ်းမှုအဆင့်သတ်မှတ်ချက်တွေလည်း ရှိပါတယ်။ အောက်က ပုံကတော့ CEFR ရယ်၊ ကိန်းဘရစ်ကသုံးတဲ့ မူဘောင်တွေရယ်နဲ့ IELTS အဆင့်သတ်မှတ်ချက်စနစ်တွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။
CEFR ၊ ကိန်းဘရစ် နှင့် IELTS တို့အကြား အဆင့်သတ်မှတ်ချက် နှိုင်းယှဉ်မှုပြပုံ
(Cambridge English အင်တာနက်စာမျက်နှာ ကနေ ရယူထားပါတယ်။)
ဘာသာစကားအဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက်အကြား၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား အမြင်သဘောထား အမျိုးမျိုး ရှိနေနိုင်တာမို့ အားလုံးက သဘောတူလက်ခံနိုင်မဲ့ စံသတ်မှတ်ချက်တစ်ခုအဖြစ် လုပ်ဖို့လိုတယ်ဆိုတာကနေ CEFR ဖြစ်လာတယ်လို့ ဆိုပါတယ်။ CEFR အညွှန်းဘောင်မှာ ဘာသာစကားနဲ့ ဆိုင်တဲ့ ကျွမ်းကျင်မှုကို A1 ၊ A2 ၊ B1 ၊ B2 ၊ C1 ၊ C2 ဆိုပြီးတော့ အဆင့် ၆ ဆင့် ခွဲထားပါတယ်။
ပုံထဲမှာတော့ Pre A1 အခြေခံမတိုင်ခင်အဆင့် (Beginner) ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ အဆင့် ၆ ဆင့်ရှိတယ်ဆိုတဲ့ မူဘောင်ထဲကနေပဲ ဆွေးနွေးသွားပါ့မယ်။ A1 နဲ့ A2 ကတော့ အခြေခံအဆင့် (Basic) ဖြစ်ပြီးတော့ C1 နဲ့ C2 ကတော့ အဆင့်မြင့်ကျွမ်းကျင်မှု (Proficient အဆင့်) ဖြစ်ပါတယ်။ B1 နဲ့ B2 ကတော့ ကြားထဲက အဆင့်တွေ ဖြစ်ပါတယ်။ တရားဝင် သုံးတဲ့ ဝေါဟာရတွေအနေနဲ့ A1−A2 အဆင့် ကျွမ်းကျင်သူတွေကို Basic User ၊ B1-B2 အဆင့် ကျွမ်းကျင်သူတွေကို Independent User နဲ့ C1-C2 အဆင့် ကျွမ်းကျင်သူတွေကို Proficient User တို့ပဲ ဖြစ်ပါတယ်။
CEFR အညွှန်းဘောင်ကို အင်္ဂလိပ်ဘာသာစကားအပါအဝင် ဥရောဘာသာစကားတွေအတွက် အပြင် ဂျပန် နဲ့ ကိုးရီးယားဘာသာစကားတွေလို (အရှေ့) အာရှ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုအဆင့် သတ်မှတ်ချက်တွေအတွက်လည်း သုံးကြပါတယ်။ ဥပမာအနေနဲ့ ဂျပန်ဖောင်ဒေးရှင်းဝဘ်ဆိုဒ်ရဲ့ ဂျပန်ဘာသာစကားအတွက် A2 အဆင့် ဖော်ပြချက်ထဲက တစ်ခုကို အောက်ပါအတိုင်း တွေ့မြင်နိုင်ပါတယ်။
အခြေခံကျသော ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် မိသားစု အချက်အလက်များ ၊ ဈေးဝယ်ထွက်ခြင်း၊ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင် စသည့် တိုက်ရိုက်ဆက်ဆံ ပတ်သက်ရသော နယ်ပယ်များနှင့်ပတ်သက်၍ အသုံးများသော စကားလုံးများ နှင့်ဖော်ပြချက်များကို သိရှိနားလည်သည်။
ဒီလိုအဆင့်ဖော်ပြချက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ အခြေခံအားဖြင့် အဓိက အစိတ်အပိုင်း ၂ ခု ရှိတာကို တွေ့ရပါတယ်။ ပထမက အကြောင်းအရာပိုင်း ဖြစ်ပြီးတော့ ဒုတိယကတော့ ကျွမ်းကျင်မှုအပိုင်း ဖြစ်ပါတယ်။ အထက်ပါ ဥပမာမှာ ‘အခြေခံကျသော’ ကနေစပြီး ‘… စကားလုံးများနှင့် ဖော်ပြချက်များ’ အထိက အကြောင်းအရာပိုင်း ဖော်ပြချက်အဖြစ် ယူနိုင်ပြီးတော့ ‘… သိရှိနားလည်သည်’ ကိုတော့ ကျွမ်းကျင်မှုအပိုင်းအဖြစ် မှတ်ယူနိုင်ပါတယ်။ A2 ဟာ CEFR သတ်မှတ်ချက်အရ Basic User ဖြစ်တာကြောင့် အကြောင်းအရာပိုင်းကို “အခြေခံကျသော” ၊ “တိုက်ရိုက်ဆက်ဆံ ပတ်သက်ရသော နယ်ပယ်များ” ၊ “အသုံးများသော စကားလုံးများ” ဆိုတဲ့ စာသားတွေနဲ့ ကန့်သတ်ထားတာကိုလည်း သတိပြုနိုင်ပါတယ်။ ဒါဟာ ‘အခြေခံအဆင့်’ ဖြစ်ကြောင်း သိသာထင်ရှားစေလိုလို့ ဖြစ်မယ်လို့ ယူဆပါတယ်။ CEFR အဆင့်သတ်မှတ်ချက် မြန်မာပြန်ကို Wall Street English (WSE) ဝဘ်ဆိုဒ် မှာလည်း တွေ့ရပါတယ်။ အဆင့်သတ်မှတ်ချက်တစ်ခုခြင်းစီအတွက် WSE အင်တာနက်စာမျက်နှာက “အကြား” ၊ “အဖတ်” ၊ “အပြန်အလှန်စကားပြောဆိုခြင်း” ၊ “အရေး” ၊ “မိမိဘက်မှစတင်ပြောဆိုခြင်း” ဆိုပြီးတော့ ခွဲခြားဖော်ပြထားပါတယ် (ထ)။ ဥပမာအနေနဲ့ အောက်က A2 အဆင့်အတွက် ‘အဖတ်’ ရဲ့ အစိတ်အပိုင်းကို လေ့လာကြည့်ပါ။
ကြော်ငြာတွေ သို့မဟုတ် ရထားအချိန်ဇယားတွေလို နေ့စဉ်ဖတ်ရှုရတဲ့ စာသားတွေထဲမှာ လိုချင်တဲ့အချက်အလက်ကို ရှာနိုင်တယ်။
ဒီမှာ ‘ကြော်ငြာ’ အစချီ စာသားနဲ့ စာကြောင်းရဲ့ အစိတ်အပိုင်းအများစုဟာ အကြောင်းအရာပိုင်းဖြစ်တယ်လို့ နားလည်နိုင်ပြီးတော့ ‘(လိုချင်တဲ့) အချက်အလက်ကို ရှာနိုင်တယ်’ ဆိုတာကတော့ ကျွမ်းကျင်မှုအသားပေးအပိုင်းဖြစ်ပါတယ်။ “နေ့စဉ်ဖတ်ရှုရတဲ့” ဆိုတဲ့ စာသားအရ ဒီအဆင့်ဟာ အခြေခံအဆင့် (A2 အဆင့်) ဖြစ်ကြောင်း ထင်ရှားစေပါတယ်။ ‘သိရှိနားလည်’၊ ‘အချက်အလက်… ရှာနိုင်’ ဆိုတဲ့ ကျွမ်းကျင်မှုအပိုင်း စာသားဖော်ပြမှုတွေရော၊ အကြောင်းအရာဖော်ပြချက်မှာပါတဲ့ ဖော်မတ် (ဥပမာ ဈေးဝယ်ထွက်တာ၊ ကြော်ငြာဖတ်တာ) တွေကလည်း ဒီအဆင့်ရဲ့ အခြေခံကျမှုကို ဖော်ပြနေတဲ့ အညွှန်းစာသားတွေ ဖြစ်ပါတယ်။ WSE ဝဘ်ဆိုဒ်ပေါ်မှာ အခြားအဆင့်တွေအတွက် ဖော်ပြချက်တွေရော၊ အဆင့်တစ်ခုစီတိုင်းအတွက် နမူနာဥပမာတွေကိုရော သိုင်းသိုင်းဝိုင်းဝိုင်း ဖော်ပြထားတာမို့ စိတ်ပါဝင်စားသူတွေ အနေနဲ့ သွားရောက် ဖတ်ကြည့်လေ့လာနိုင်ပါတယ်။
ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲတွေ (အင်္ဂလိပ်စာအတွက် ဥပမာ IELTS နဲ့ TOEFL ၊ ဂျပန်စာအတွက် JLPT နဲ့ ကိုးရီးယားစာအတွက် TOPIK) မှာ ဒီအဆင့်သတ်မှတ်ချက်တွေကို အထူးသဖြင့် အသုံးပြုကြတာ လူသိများပါတယ်။ တတ်မြောက်မှုစစ်ဆေးတာဟာ သင်ကြားသင်ယူမှုနဲ့ တစ်သားတည်းလည်း ဖြစ်တာမို့ မိမိရဲ့ ဘာသာစကားတတ်မြောက်မှုအဆင့်ကို သိတာဟာ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ကိုယ်တိုင်နားလည်ဖို့ အထောက်အကူ ပြုတာအပြင် နောက်ထပ် အဆင့်မြင့်တဲ့ အဆင့်ကိုရောက်ဖို့ ကိုယ့်အနေနဲ့ နောက်ထပ် ဘယ်လောက်အတိုင်းအတာအထိ ထပ်လုပ်ဖို့ လိုတယ်ဆိုတဲ့ လမ်းညွှန်မှုကိုလည်း ပေးနိုင်ပါတယ်။
ဒီလိုနားလည်သဘောပေါက်မှုဟာ ဘာသာစကားသင်ယူသူ ကျောင်းသူကျောင်းသားတွေ အတွက်တင် အကျိုးရှိစေတာမဟုတ်ဘဲ သင်ကြားတဲ့ ဆရာ၊ ဆရာမတွေအတွက်ရော မိမိသင်ခန်းစာကို ဘယ်လိုရှေ့ဆက်လုပ်ဆောင်သင့်တယ် ဆိုတဲ့ လမ်းညွှန်မှုကိုလည်း ပေးနိုင်ပါတယ်။ ဘာသာစကားတစ်ခုကို ဘယ်လောက် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တယ်၊ မတတ်မြောက်ဘူးဆိုတာ တခြားအသိပညာ၊ အတတ်ပညာဆိုင်ရာ ဘာသာရပ် သင်ကြားသင်ယူမှု၊ အဆင့်မြင့်ပညာသင်ကြားယူမှု၊ လုပ်ငန်းဆောင်တာအမျိုးမျိုး လုပ်ကိုင်ဆောင်ရွက်နိုင်မှုအပြင် နေ့စဉ်ရှင်သန်သွားလာနေထိုင်မှု ကိစ္စတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့်လည်း CEFR လို ဘာသာစကားအညွှန်းဘောင်တွေကို ကျောင်းသူ/သားတွေ၊ ဆရာ/မတွေအပြင် ကောလိပ်/တက္ကသိုလ်ကျောင်းတွေ၊ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်း အသုံးပြုကြပါတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ ရှိပြီးသား မွန်စာနဲ့ မြန်မာစာ တတ်မြောက်မှု အဆင့်ဖော်ပြချက်ဆိုင်ရာ စာအုပ်စာတမ်းတချို့ အကြောင်း
မွန်လူမျိုး တိတိကျကျ ပြောရလျှင် မွန်ပညာရေးအသိုင်းအဝိုင်းအတွင်း CEFR နဲ့ အနီးစပ်ဆုံး တူတဲ့ အဆင့်သတ်မှတ်ချက်ဖန်တီးမှုမျိုးကို MNEC ရဲ့ မွန်အမျိုးသားပညာရေးဌာန က ၂၀၁၆ ခုနှစ်ကနေ စလုပ်ခဲ့ပါတယ်။ မွန်အမျိုးသားပညာရေး မူလတန်း သင်ရိုးညွှန်းတမ်း စံနှုန်းများ အညွှန်းဘောင် ဖြစ်ပါတယ်။
ဒီအညွှန်းဘောင်ကို MNEC က မွန်အမျိုးသားကျောင်း ကျောင်းသင်ဘာသာရပ်တွေအပေါ် အခြေခံ ပြုလုပ်တာဖြစ်ပြီး မွန်စာအတွက်အပြင်၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့လို ဘာသာစာပေတွေအတွက်ရော တခြားဝိဇ္ဇာသိပ္ပံဘာသာရပ်တွေအတွက်ပါ စံသတ်မှတ်ချက်တွေ ပါပါတယ်။ ဒါဟာ သိရသလောက် (အနည်းဆုံး မူလတန်းအဆင့်) ကျောင်းသင်ခန်းစာတွေကို competency-based လို့ ခေါ်တဲ့ ကျွမ်းကျင်မှုအခြေပြုနည်းလမ်းကို ပိုပြီးစနစ်တကျ သွားဖို့ မွန်ပညာရေးအသိုင်းအဝိုင်းအတွင်း ပထမဦးဆုံး ကြိုးပမ်းအားထုတ်မှုလို့ ပြောလို့ရမယ်ထင်ပါတယ်။
အစဉ်အလာအားဖြင့် ကျွန်တော်တို့ဆီမှာ ဘာသာစကားသင်ကြားသင်ယူမှုအပါအဝင် ကျောင်းပညာရေးစနစ်တွေထဲမှာ content-based လို့ခေါ်တဲ့ အကြောင်းအရာအပေါ် အခြေပြုတဲ့ နည်းလမ်းကိုပဲ ပိုမို အသုံးပြုလာနေခဲ့ကြတယ် ဆိုပြီး လူပြောများပါတယ်။ ဒါပေမဲ့ အခုအခါ အစိုးရပညာရေးဝန်ကြီးဌာန (MOE) သင်ရိုးသစ် စာအုပ်တွေကို ၂၀၁၆ ခုနှစ်ကနေ စတင်မိတ်ဆက် အသုံးပြုလာတဲ့အခါ ကျွမ်းကျင်မှုအခြေပြုနည်းလမ်းတွေကိုလည်း ထည့်သွင်းပြဋ္ဌာန်းလာတာ တွေ့ရပါတယ်။ Myanmar Digital Education Platform ပေါ်မှာတင်ထားတဲ့ ‘စတုတ္ထတန်း မြန်မာစာ သင်ရိုးဖွဲ့စည်းတည်ဆောက်ပုံနှင့် သင်ခန်းစာပုံစံ’ စာစုက ဥပမာတစ်ခု ဖြစ်ပါတယ်။ အောက်က ဇယားကို ကြည့်လျှင် MNEC နဲ့ MOE တို့ရဲ့ ဘာသာစာပေဆိုင်ရာ အဆင့်သတ်မှတ်ချက်တွေမှာ အကြောင်းရာပိုင်းအပြင် ကျွမ်းကျင်မှုအပိုင်းကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။
Grade 4 မွန်စာ (MNEC) | Grade 4 မြန်မာစာ (MNEC) | Grade 4 မြန်မာစာ (MOE) | |
အကြောင်းအရာပိုင်း | ပုံပြင်တိုများကို… (စာ−၄၄) | ကိုယ်ပိုင်သတင်း အချက်အလက်များ၊ ထင်မြင်ယူဆချက်များနှင့် ခံစားချက်များကို… (စာ−၅၄) | မိမိကြားဖူးသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ မိမိထင်မြင်ချက်ကို… (စာ−၇၈) |
ကျွမ်းကျင်မှုပိုင်း | … အနှုစ်ချုပ်… ရေးသားခြင်း (စာ−၄၄) | … ထုတ်ဖော်ပြောဆို တင်ပြနိုင်… [ခြင်း] (စာ−၅၄) | … ကျိုးကြောင်း ဆီလျော်စွာ ပြောဆိုခြင်း (စာ−၇၈) |
စတုတ္ထတန်း (Grade 4) မွန်စာနှင့် မြန်မာစာ သင်ယူမှုရလဒ် လက်ရွေးစင် ဥပမာ ဖော်ပြချက်ဇယား
ကျောင်းသင်ပညာရေးအဆင့်ထက်ကျော်လွန်၊ ပညာရေးအဖွဲ့အစည်းပြင်ပ လုပ်ငန်းနယ်ပယ်တွေက ရဟန်းရှင်လူပုဂ္ဂိုလ်အစုစုတို့တွေအတွက်လည်း အသုံးဝင်မဲ့ ဘာသာစကားဆိုင်ရာကျွမ်းကျင်မှု အညွှန်းဘောင်တစ်ခု ဖန်တီးပြုလုပ်တဲ့အခါ ဒီလို ရှိပြီးသား ဘာသာစာပေကျွမ်းကျင်မှုဆိုင်ရာ ဖော်ပြချက်တွေက အထူးအသုံးဝင်မှာ ဖြစ်ပါတယ်။ အားလုံးသဘောကျ လက်ခံနိုင်မဲ့ ‘မွန်ဘာသာစကားနှင့် စာပေ တတ်ကျွမ်းမှုရည်ညွှန်းဘောင်’ လိုမျိုးဟာ မူကြမ်း ၁ ခု အနေနဲ့ ရှိနေနှင့်ဦးတော့ အနည်းဆုံး အောက်က လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အထောက်အကူ ဘယ်လို ပေးနိုင်မယ်ဆိုတဲ့ စဉ်းစားချက်တွေနဲ့ ဒီဆောင်းပါးကို အဆုံးသတ်ချင်ပါတယ်။
ပိုမြင့်တဲ့ အဆင့်တွေ၊ ပိုကျယ်ပြန့်တဲ့ နယ်ပယ်တွေကိုပါ လွှမ်းခြုံနိုင်မဲ့ ‘မွန်ဘာသာစကား၊ စာပေ တတ်ကျွမ်းမှုရည်ညွှန်းဘောင်’ ဟာ
၁။ မွန်ဘာသာစာပေ လေ့လာနေသူ၊ လေ့လာသင်ယူလိုသူ (ကျောင်းသူ၊ ကျောင်းသား) တွေ မိမိရဲ့ မွန်စာ၊ စကား ကျွမ်းကျင်မှုအဆင့်ကို ကိုယ်တိုင်သုံးသပ်၊ ခန့်မှန်း၊ ဆန်းစစ်နိုင်လာမယ်။
၂။ မွန်ဘာသာစာပေ သင်ကြားနေသူ၊ သင်ကြားလိုသူ (ဆရာ၊ ဆရာမ) တွေ မိမိရဲ့ သင်ခန်းစာ ပြင်ဆင်၊ သင်ကြားတဲ့နေရာမှာရော၊ မိမိ ကျောင်းသား/သူတွေရဲ့ ဘာသာစာပေ တတ်မြောက်မှုကို စစ်ဆေးတဲ့နေရာမှာပါ လိုအပ်သလို မူဘောင်ကို ရည်ညွှန်းလာနိုင်ပါမယ်။
၃။ မွန်ဘာသာစာပေသင် ကျောင်းတွေ (မွန်အမျိုးသားကျောင်းတွေ၊ ဘုန်းတော်ကြီးသင် နွေရာသီ မွန်စာသင်တန်းကျောင်းတွေ၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေက အကောင်အထည်ဖော် ဖွင့်လှစ်တဲ့ မွန်စာသင်တန်းကျောင်းတွေ၊ (အခုအခါ) အစိုးရကျောင်းတွေ စသဖြင့်) အတွက်လည်း ကျောင်းသူ/သား၊ ဆရာ/မနဲ့ တခြားဆက်စပ်တဲ့ ဝန်ထမ်းတွေ၊ ဝန်ထမ်းဖြစ်လာနိုင်သူတွေရဲ့ ဘာသာစကား၊ စာပေကျွမ်းကျင်မှု အဆင့်ကို ပိုပြီးတော့ တိတိကျကျ အကဲဖြတ်၊ မှတ်တမ်းတင်လာနိုင်မယ်။
၄။ မွန်ဘာသာစကားနဲ့ စာပေကို ပုံစံတစ်မျိုးနဲ့ သုံးဖို့လိုတဲ့ အစိုးရ/အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ တခြားနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းတွေ အတွက်လည်း ဘာသာစကားဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုအဆင့် သတ်မှတ်မှုနဲ့ သက်ဆိုင်တဲ့ ဘယ်ကိစ္စမျိုးကိုမဆို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ပါမယ်။